မတ္တရာတွင် လက်နက်ကြီးကျ၊ အမျိုးသမီး ၁ ဦး သေဆုံး ၅ ဦး ဒဏ်ရာရ

ပုံအညွှန်း-စစ်ကောင်စီ လက်နက်ကြီးကြောင့် သေဆုံးသွားသည့် အုန်းကုန်းကျေးရွာမှ အသက် ၆၆နှစ်အရွယ် ဒေါ်ရင်မြ

007 ၊ 008

မဇ္ဈိမ။ ။ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်ရှိ ၊ အုန်းကုန်းကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

သေဆုံးသူမှာ အသက် ၆၆နှစ်အရွယ် ဒေါ်ရင်မြဆိုသူဖြစ်ပြီး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့သည့် ပြည်သူ ငါးဦးအနက် လေးဦးကို မတ္တရာ(ပကဖ) အနေဖြင့် ဆေးကုသမှုပေးထားကာ ကျန်တဦးကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း မတ္တရာ (ပကဖ) ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“၈၁ မမတွေနဲ့ ပစ်တယ်။ လေး၊ ငါးချက်ပစ်တယ်။ အဲဒီကောင်တွေက ထင်ရာရမ်းပစ်နေတာ “ဟု ၎င်းက ပြောသည်။

ထိုစစ်ကောင်စီတပ်ဖွဲသည် မတ္တရာမြို့နယ် ၊ တံငါတောင်ကျေးရွာ ဘုန်းကြီး‌ ကျောင်းတွင် တပ်စွဲထားခြင်းဖြစ်၍ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများကိုလည်း ဘေးလွတ်ရာ ရှောင်တိမ်းရန် အသိပေးထားသည်ဟုလည်း ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ဆိတ်သာ၊ လက်ကောင်း၊ ရွေးစု၊ သဖန်းကိုင်းစသည့် မတ္တရာအရှေ့ခြမ်း ကျေးရွာများနှင့် သုံးဆယ်ပေး၊ စိန်ပန်း ကုန်း၊ ဒေါင်းကျွန်းစသည့် အနောက်ခြမ်း ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုး၀င်ရောက် ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မတ္တရာမြို့နယ် ၊ အုန်းကုန်းကျေးရွာအနီးတွင် ကာကွယ်ရေး တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ကြောင်း မတ္တရာ (ပကဖ) က သတင်း ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး