မြစ်ကြီးနား – ကန်ပိုင်တည် တရုတ်နယ်စပ်လမ်းကို KIA ပြန်ဖွင့်ပေး

အဂမ်

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနား – ကန်ပိုင်တည် တရုတ်နယ်စပ်လမ်းကို ယနေ့ (ဇွန်လ ၁၇ ရက်) မှာ KIA က ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြေင်း ကန်ပိုင်တည်ဘက်ကို ကုန်ကူးနေကြသည့် ကုန်သည်ယာဥ်လိုင်းများက ဆိုသည်။

တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ထိုနယ်စပ်လမ်းပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF နှင့် မဟာမိတ်များက ထိန်းချုပ်ပြီးနောက် ယနေ့တွင် ပြန်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

KIA ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ယခုလ ဇွန် ၁၁ ရက်နေ့ကတည်းက ဝိုင်းမော်ဘက်ခြမ်း ဂေါ်ဆက်ယန်စစ်ဆေးရေးဂိတ် (ဒေသအခေါ် ၁၃ မိုင်စုပေါင်းဂိတ်)နှင့် ကန်ပိုင်တည် တရုတ်နယ်စပ်ဂိတ် မရောက်ခင် ၁၀ မိုင်လောက်အကွာ ဝေါ့ခရုန်း(Waw Hk yung) အစရှိသော နေရာများတွင် စစ်ရေးလုံးခြုံရေးအခြေအနေအရ သွားလာခွင့်ပိတ်ထားခဲ့သည်။

ထိုသို့ သွားလာခွင့်များကို ပိတ်ထားခဲ့သည့်အတွက် ကန်ပိုင်တည် တရုတ်နယ်ကုန်သွယ်ရေးဇုန်အပါအဝင် လမ်းတလျှောက်တွင် ကုန်ကားများနှင့် အခြားကုန်ကားငယ်များ အစီးရေ ၅၀၀ ထက်မနည်း ပိတ်မိနေခဲ့သည်။

အဆိုပါ သောင်တင်နေသည့် ကုန်ကားများအားလုံးကို KIA ဘက်က ယနေ့တွင် ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ကုန်ယာဥ်လိုင်းများက ဆိုသည်။

“ဒီနေ့ပဲ ပြန်ဖွင့်ပေးလိုက်ပါတယ်။ ခုတော့ လမ်းမှာသောင်တင်နေတဲ့ ကားတွေပဲ ဒီဘက် (မြစ်ကြီးနား) ကို အရင်ဝင်လာနေပါပြီ။ ခရီးသည်နဲ့ အခြားအထွက် ကုန်တွေက မနက်ဖြန်မှ တက်ပါမယ်။” ဟု ကန်ပိုင်တည်ဘက် ကုန်ယာဥ်လိုင်း တခုက ပြောသည်။

တနေ့ကို ကုန်ကားအစီးရေ ၅၀၀ ထက်မနည်း ကုန်ကူးနေသည့် ကန်ပိုင်တည်နယ်စပ် ကုန်သွယ်ရေးဇုန်အနီးရှိ ဆဒုံးမြို့ကို KIA ပူပေါင်းတပ်များက ဇွန်လ ၁၁ ရက်နေ့တွင် သိမ်းပိုက်လိုက်သည်။

ယင်းနောက် KIA တပ်၏ ထိုးစစ်များသည် ကန်ပိုင်တည်နယ်စပ်မြို့သို့ ဆက်လက်ဦးတည်လာခဲ့လာနေပြီး မြို့ခံများမှာ တရုတ်နယ်စပ်ဘက်ခြမ်းကို တိမ်းရှောင်ကာ ယာယီတဲများထိုးကာ နေထိုင်နေကြကြောင်း ဒေသခံတဦးက ပြောသည်။

ကချင်တွင် တရုတ်နှင့် ထိစပ်နေသော နယ်စပ်ဂိတ်များဖြစ်သည့် လွယ်ဂျယ်နှင့် ကန်ပိုက်တည် နယ်စပ်ဂိတ်အနက် လွယ်ဂျယ်မြို့ကို ပြီးခဲ့သည့် ဧပြီလတွင် KIA၊ PDF နှင့် မဟာမိတ်များက သိမ်းပိုက်ခဲ့သည်။

လက်ရှိမှာ တိုက်ပွဲအခြေအနေများကြောင့် ဂိတ်နှစ်ခုလုံးတွင် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းနေဆဲ ဖြစ်သည်။

စာတည်း။ ။ နောင်နောင်