တရုတ်မိုးပျံ‌ဘောလုံးများသည် လုံခြုံရေး ခြိမ်းခြောက်မှု နှင့် စိတ်ဓာတ်စစ်ဆင်ရေးဖြစ်ကြောင်း ထိုင်ဝမ် စွပ်စွဲ

Photo; AFP

The Print

ထိုင်ဝမ်ရွေးကောက်ပွဲ မတိုင်မီ ရက်အနည်းငယ် အလိုတွင် တရုတ်က ထိုင်ဝမ်ကျွန်းအနီးသို့ မိုးပျံဘောလုံးများ လွှတ်တင်၍ လေကြောင်းလုံခြုံရေးကို ခြိမ်းခြောက်နေပြီး စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေး ဆင်နွှဲနေကြောင်း ဇန်နဝါရီ ၆ တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲလိုက်သည်။

သူလျှိုလုပ်ရန် အသုံးပြုနိုင်ချေများသော တရုတ် မိုးပျံဘောလုံးများသည် အမေရိကန် က ပစ်ချခဲ့သော ၂၀၂၂ ဖေဖေါ်ဝါရီ မှ စ၍ ကမ္ဘာ့ ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။ မိုးပျံဘောလုံးသည် လမ်းလွဲသွားသော အရပ်ဘက်သုံး မိုးလေဝသ ဆိုင်ရာ သုတေသန ဘောလုံးဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ဇန်နဝါရီ ၁၃ တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲနှင့် ပါလီမန် ရွေးကောက်ပွဲများ မတိုင်မီ တရုတ်စစ်တပ်နှင့် နိုင်ငံရေး လှုပ်ရှားမှုများအတွက် အလွန် သတိထား နေသည်။ တရုတ်သည် စစ်ရေးနှင့် စီးပွားရေး ဖိအားများပေး၍ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေသည်ဟု ၎င်းက ဆိုသည်။

တရုတ်က ထိုင်ဝမ်ကျွန်းကို ၎င်း ပိုင်နက်အဖြစ် ရှုမြင်ထားပြီး ထိုင်ဝမ် အစိုးရက လက်မခံပေ။ ထိလွယ်ရှလွယ် သော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပျံသန်းလာသည့် တရုတ်မိုးပျံဘောလုံးများ အများအပြားရှိကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန က ၂၀၂၂ ဒီဇင်ဘာ ကတည်းက ထုတ်ပြန်ခဲ့သည်။ ယခုသီတင်းပတ်တွင် မိုးပျံဘောလုံး အချို့သည် ထိုင်ဝမ်ကျွန်းပေါ်ရှိ အဓိက လေတပ်စခန်းများ အနီးသို့ ပျံသန်းခဲ့သည်။

မိုးပျံဘောလုံးများသည် နိုင်ငံတကာလေကြောင်း လုံခြုံရေး အတွက် ပြင်းထန်သော ခြိမ်းခြောက်မှု ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” တရုတ်ကွန်မြူနစ်တွေ ရဲ့ ထိုင်ဝမ်ရေလက်ကြား ဖြတ်ကျော်ပျံသန်းမှု ဟာ လေကြောင်းလုံခြုံရေးကို အလေးမထားဘဲ နိုင်ငံတကာလေကြောင်းလိုင်းနှင့် ခရီးသည်တွေရဲ့ ဘေးကင်းရေးကိုလည်း လျစ်လျူရှုခဲ့တာ ဖြစ်လို့ ရှုတ်ချပါတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ မိုးပျံ‌ဘောလုံးများသည် ထိုင်ဝမ်ကို ဆန့်ကျင်သော “စစ်ပွဲဖြစ်နိုင်ချေအတွက် ပြင်ဆင်သည့်” နည်းဗျူဟာ တစ်ခု ဖြစ်ပြီး ပြည်သူများကို စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဖော်ပြသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန၊ ထိုင်ဝမ်ရေးရာရုံးနှင့် အရပ်ဘက်လေကြောင်း စီမံခန့်ခွဲရေးရုံးများသို့ မှတ်ချက်ပေးရန် တောင်းဆိုသော်လည်း ရုံးပိတ်ရက် ဖြစ်၍ ဖြေကြားခြင်းမရှိပေ။ ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်သော လစဉ်သတင်းစာရှင်းလင်းပွဲ၌လည်း မိုးပျံဘောလုံးများနှင့် ပတ်သက်၍ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း တရုတ်မိုးပျံဘောလုံး ၂ ခုကို ထပ်မံတွေ့ရှိခဲ့ပြီး ၁ လုံးမှာ ကျွန်း၏ မြောက်ဘက်စွန်းသို့ ဖြတ်သန်းသွားကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၆ တွင် သီးခြား ထုတ်ပြန်သည်။

ထိုင်ဝမ်ကို ဖြိုခွင်းရန် ကြိုးပမ်းသော “စစ်ပွဲဖြစ်နိုင်ချေအတွက် ပြင်ဆင်သည့်” နည်းဗျူဟာ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် တရုတ်စစ်တပ်သည် လွန်ခဲ့သည့် ၄ နှစ်တာ ကာလအတွင်း ရေလက်ကြားသို့ တိုက်လေယာဉ်များ ပုံမှန် ပျံသန်းခြင်းကဲ့သို့သော စစ်ရေး အရှိန်မြှင့်တင်မှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်က ပြစ်တင် ဝေဖန်ခဲ့သည်။

ထိုင်ဝမ်၏ အရေးအပါဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံနှင့် လက်နက်ရောင်းချသူ ဖြစ်သော အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကျွန်းနှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်နေချိန်တွင် သတိထား စောင့်ကြည့်ခဲ့သည်။

ဝါရှင်တန်တွင် ဇန်နဝါရီ ၄ က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မိုးပျံဘောလုံးများနှင့် ပတ်သက်၍ မေးမြန်းရာ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ က မှတ်ချက် မပေးနိုင်ကြောင်း ပြောကြားသည်။

“ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ကျွန်တော်တို့ ထောက်ခံပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတွေကို ကျွန်တော်တို့ မြင်ချင်ပါတယ်။” ဟု ၎င်း ကပြောသည်။ “ပြည်ပက အခြားသူတွေ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနိုင်တာကို ကျွန်တော်တို့ သေချာပေါက် သတိထားမိပါတယ်” ဟု ၎င်း က ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ကြောင်း ထိုင်ဝမ်အစိုးရ က အကြိမ်ကြိမ် စွပ်စွဲခြင်းသည် အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ ၏ အခွင့်အလမ်းများကို မြှင့်တင်ရန် ရည်ရွယ်သည့် လှည့်ကွက်များဖြစ်ကြောင်း တရုတ်က ဆိုသည်။

တရုတ်က မိုးပျံဘောလုံးများ အသုံးပြု၍ ရွေးကောက်ပွဲအတွက် ရိုးရှင်းသော သတင်းစကားများ ပေးပို့ကြောင်း အမည်မဖော်လိုသူ အနောက်နိုင်ငံ လုံခြုံရေး ရင်းမြစ် တစ်ခုက ဆိုသည်။

“ကျုပ်တို့က တရုတ် ကို အနီးကပ်စောင့်ကြည့်နေပြီး ဖုံးကွယ်ဖို့မဖြစ်နိုင်ဘူး” ဟု ၎င်း က ဆိုသည်။