သူလျှိုမိုးပျံပူဖောင်းဖြင့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲကို နှောင့်ယှက်ရန် တရုတ်၏ ကြိုးပမ်းမှုများ

file image

file image

The Eurasian Times
      
ထိုင်ဝမ်လေပိုင်နက်ထဲသို့ လေးရက်အတွင်း ငါးလုံးမြောက် မိုးပျံပူဖောင်းတလုံး ဝင်ရောက်ခဲ့သည်ဟု သိရသည်။ တရုတ်၏ မိုးပျံပူဖောင်း သုံးလုံး ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပျံသန်းသည်ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ နောက်ထပ် မိုးပျံပူဖောင်းတလုံးလည်း ထိုင်ဝမ်ကျွန်းကို ဖြတ်ပျံသန်းခဲ့သည်ဟု သိရသည်။ တရုတ်စစ်လေယာဉ် လေးစင်းလည်း ဒေသတွင် လှုပ်ရှားနေခဲ့ကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့်လကလည်း အလားတူ မိုးပျံပူဖောင်း သွားလာပျံသန်းမှုများကို ထိုင်ဝမ်ရေလက်ကြားတွင် တွေ့ရှိသတိပြုမိခဲ့သည်။ ၂၀၂၃ ၊ ဖေဖေါ်ဝါရီလတွင် အမေရိကန်က အလားတူ မိုးပျံပူဖောင်းတလုံးကို ပစ်ချခဲ့ပြီး ယင်းက တရုတ်၏ ထောက်လှမ်းရေးမိုးပျံပူဖောင်းဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ချိန်တွင် တရုတ်၏ သူလျှိုမိုးပျံပူဖောင်းများ ဖြန့်ကျက်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့သည်။

ထိုင်ဝမ်ကျွန်းကို ဖြတ်ပြီး လေတပ်အခြေစိုက်စခန်းတခုအနီးမှ တရုတ်မိုးပျံပူဖောင်းသုံးလုံး ဖြတ်သန်းသွားကြောင်း ဇန်နဝါရီ ၂ ရက်က ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပထမဆုံး ထုတ်ဖော်ခဲ့သည်။ ထိုင်ဝမ်ကို ဖြတ်ပြီး ပျံသန်းသွားသည့် တရုတ်မိုးပျံပူဖောင်းများနှင့်ပတ်သက်၍ မိမိတို့ သိရှိထားသမျှက များများစားစား မရှိလှပေ။ ထို မိုးပျံပူဖောင်းများ၏ ဓာတ်ပုံများကိုလည်း ထုတ်ပြန်ဖော်ပြခြင်း မရှိပေ။ လက်ရှိအချိန်အထိ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်တစုံတရာပေးခြင်း မရှိသေးပေ။

ယခု မိုးပျံပူဖောင်းကို ထိုင်ဝမ်ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချခြင်း မရှိသည့်အတွက် ထိုင်ဝမ်စစ်တပ်အနေဖြင့် ယင်းကို ထိုင်ဝမ်အပေါ် ခြိမ်းခြောက်မှုတခုအဖြစ် ရှုမြင်သလား ဆိုသည့် မေးခွန်းကို ထွက်ပေါ်စေသည်။ သိသာထင်ရှားစွာဖြင့် တရုတ်ဘက်မှ အလားအလာရှိ တိုက်ခိုက်မှုတခု ဖြစ်နိုင်ခြေ ရှိနေပြီး ဘယ်သောအခါတုန်းကမှ ထိန်းချုပ်ခဲ့ခြင်း မရှိသော်လည်း ထိုင်ဝမ်ကို တရုတ်က ယင်း၏ နယ်မြေအစိတ်အပိုင်းအဖြစ် ရှုမြင်သည်။

ယခု မိုးပျံပူဖောင်း အမျိုးအစားများကို ထိုင်ဝမ်အပေါ် သူလျှိုထောက်လှမ်းခြင်းအတွက် များစွာ အသုံးပြုနိုင်သည်။ ထို မိုးပျံပူဖောင်းများတွင် ပုံရိပ် ထောက်လှမ်းမှု၊ လေကြောင်း (ကောင်းကင်) ဓာတ်ပုံရိုက်ကူးမှု၊ အီလက်ထရောနစ် ထောက်လှမ်းရေး သို့မဟုတ် ဆစ်ဂနယ် ထောက်လှမ်းရေးတို့အတွက် ထောက်လှမ်းရေး ပစ္စည်းကိရိယာများ အလွယ်တကူ ရှိနိုင်သည်။ ယင်းကဲ့သို့မျိုး စနစ်တခု စီစဉ်တပ်ဆင်ရန် ရွေးစရာနည်းလမ်းများစွာ ရှိသည်။

ကံမကောင်းသည်က တရုတ်သည် စစ်ရေး ရည်ရွယ်ချက်များအတွက် မိုးပျံပူဖောင်းများကို အမှန်စင်စစ် အသုံးပြုနေသလား ဆိုသည်ကို ကောက်ချက်ချနိုင်ခြင်း မရှိပေ။

သို့သော် တရုတ်သည် ထိုင်ဝမ်အပေါ် စစ်ရေးဖိအား တိုးမြှင့်ထားသည် ဆိုသည်က ရှင်းလင်းထင်ရှားသည်။ ယခုတကြိမ် သူလျှိုထောက်လှမ်းခြင်းအတွက် ဖြစ်နိုင်ဖွယ်ရာအရှိဆုံး ဖြေရှင်းချက်က ထိုင်ဝမ်တွင် လာမည့်သီတင်းပတ်၌ ရွေးကောက်ပွဲတခု ကျင်းပရန် ရှိနေခြင်းနှင့် မဲဆန္ဒရှင်များကို စိုးမိုးခြယ်လှယ်ရန် တရုတ်က ကြိုးပမ်းနေခြင်းပင် ဖြစ်သည်။

ထိုင်ဝမ်တွင် တိုက်ရိုက် သမ္မတ ရွေးကောက်ပွဲများကို ၂၀၂၄ ၊ ဇန်နဝါရီ ၁၃ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ၏ လက်ရှိသမ္မတ ဆိုင်အင်ဝမ်သည် သက်တမ်းနှစ်ကြိမ် အကန့်အသတ် ပြည့်သွားပြီဖြစ်သည့်အတွက် နောက်ထပ်သက်တမ်းအတွက် ဝင်အရွေးခံနိုင်ခြင်း မရှိတော့ပေ။

သမ္မတ ဆိုင်အင်ဝမ်နေရာ အစားဝင်ရန် သမ္မတကိုယ်စားလှယ်လောင်း သုံးဦး အပြိုင်ပြေးနေသည့် ပြိုင်ပွဲတွင် ရှေ့ကပြေးနေသူက လိုင်ချင်တေး ဖြစ်မည်ဟု ထင်ရသည်။ လိုင်သည် သမ္မတ ဆိုင်၏ ညာလက်ရုံး ဖြစ်သလို ဒုသမ္မတလည်း ဖြစ်ကာ ဒီမိုကရက်တစ် တိုးတက်ရေးပါတီအတွက် သမ္မတလောင်းနေရာ အဆိုပြုခံရသူလည်း ဖြစ်သည်။

တရုတ်သည် ထိုင်ဝမ် DPP အစိုးရကို အလွန်မုန်းတီးပြီး ၎င်းတို့ကို ခွဲထွက်ရေးဝါဒီများအဖြစ် စွပ်စွဲသည့် အချက်ကို ဖုံးကွယ်ထားခြင်း မရှိပေ။ အပြန်အလှန်အားဖြင့် တရုတ်သည် ထိုင်ဝမ်၏ ဒီမိုကရက်တစ် လုပ်ငန်းစဉ်တွင် ဝင်ရောက်စွက်ဖက်နေသည်ဟု DPP အစိုးရကလည်း စွပ်စွဲထားသည်။ ယခု မိုးပျံပူဖောင်းဖြစ်စဉ်က ထိုင်ဝမ်သမ္မတ ဆိုင် တရုတ်ကို စွပ်စွဲထားသည့်အရာ၏ အတိအကျ ဉပမာတခု ဖြစ်ပုံရသည်။

၂၀၁၆ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်အပေါ် တရုတ်ဘက်က ရန်လိုမှု ရှိသော်လည်း ကူမင်တန်ပါတီ (KMT) နှင့် ဒီမိုကရက်တစ် တိုးတက်ရေးပါတီတို့သည် တရုတ်ဆိုင်ရာ ၎င်းတို့၏ မူဝါဒနှင့်ပတ်သက်ပြီး ဆက်လက် သဘောကွဲလွဲနေကြဆဲဖြစ်သည်။ သမ္မတ ဆိုင်၏ ရာထူးသက်တမ်းအတွင်း တရုတ်နှင့် ထိုင်ဝမ်အကြား ဆက်ဆံရေးက ပိုမိုဆိုးဝါးလာခဲ့သည်ဖြစ်ရာ KMT သည် နှစ်ဖက်အကြား ပိုမိုနွေးထွေးသည့် ဆက်ဆံရေး၏ ပုံရိပ်နှင့် မျှော်လင့်ချက်ကို ပြသရန် ကြိုးပမ်းထားသည်။

ယခင်အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ ၂၀၂၂ ဩဂုတ်လ ထိုင်ဝမ်ခရီးစဉ်က ခဲယဉ်းနေပြီးသား ဆက်ဆံရေးကို ထပ်မံ ပိုဆိုးစေခဲ့သည်။ KMT ပါတီက အကယ်၍သာ ၎င်းတို့ အာဏာရခဲ့သည် ဆိုပါက တရုတ်-ထိုင်ဝမ် ပြဿနာများကို လျှော့ချနိုင်မည်ဟု ခန့်မှန်းသည်။ အကယ်၍ ထိုင်ဝမ်အနေဖြင့် လွတ်လပ်ရေး တောင်းဆိုမှုကို ယာယီအားဖြင့် ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ ထားရန် ကြိုးပမ်းမည် ဆိုပါက ထိုင်ဝမ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်က အချက်ပြထားသည်။

ယမန်နှစ် ဖေဖေါ်ဝါရီ ၄ ရက်က အမေရိကန်က တရုတ်သူလျှိုမိုးပျံပူဖောင်းကို ပစ်ချဖျက်ဆီးပြီးနောက်တွင် သူလျှိုမိုးပျံပူဖောင်းများဖြင့် ပစ်မှတ်ထားခြင်းခံထားရသည့် တရုတ်ဝန်းကျင်ဒေသ နိုင်ငံတချို့တွင် အိန္ဒိယနှင့် ဂျပန် ပါဝင်ကြောင်း အမေရိကန်အရာရှိများကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းတပုဒ်က ဖော်ပြသည်။

“တရုတ်၏ တောင်ဘက် ကမ်းရိုးတန်း၏ မလှမ်းမကမ်း ဟိုင်နန်ပြည်နယ်ပြင်ပတွင် တစိတ်တဒေသအားဖြင့် နှစ်အချို့ကြာ လုပ်ဆောင်ခဲ့သော စောင့်ကြည့်ထောက်လှမ်းမှု မိုးပျံပူဖောင်း ကြိုးပမ်းမှုတွင် ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်ဝမ်နှင့် ဖိလစ်ပိုင် အပါအဝင် တရုတ်အတွက် ပေါ်ထွန်းစ မဟာဗျူဟာ အကျိုးတရားများရှိသည့် ဧရိယာများနှင့် နိုင်ငံများရှိ စစ်ရေးရင်းမြစ်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များ စုဆောင်းရယူထားခဲ့သည်” ဟု ဝါရှင်တန်ပို့စ်က ၂၀၂၃ ၊ ဖေဖေါ်ဝါရီ ၇ ရက်တွင် ဖော်ပြသည်။

အချိန်အတောအတွင်း ယမန်နှစ် ဖေဖေါ်ဝါရီက အမေရိကန်စစ်တပ် ပစ်ချခဲ့သည့် တရုတ်သူလျှိုမိုးပျံပူဖောင်းနှင့်ပတ်သက်ပြီး သတင်းအချက်အလက်သစ်တို့ ထွက်ပေါ်ခဲ့သည်။ မိုးပျံပူဖောင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအရ ယင်းကို တရုတ်ထံသို့ ထောက်လှမ်းရေးအချက်အလက်များ ပြန်လည် ပို့လွှတ်ရန် အသုံးပြုခဲ့ခြင်း မရှိကြောင်း ပြသခဲ့ပြီး ယင်းသည် လေကြောင်းသွားလာမှုနှင့် တည်နေရာ ဒေတာအချက်အလက်များကို တရုတ်သို့ ပေးပို့ရန် အမေရိကန် အင်တာနက်ဝန်ဆောင်မှုထောက်ပံ့သူလုပ်ငန်းတခုကို အသုံးပြုခဲ့ကြောင်းကို အမေရိကန်ထောက်လှမ်းရေးက တွေ့ရှိခဲ့သည်။

မိုးပျံပူဖောင်းက အရပ်ဖက် ရာသီဥတု သုတေသန ယာဉ်တခုဖြစ်ပြီး ယင်းက မတော်တဆ လမ်းကြောင်း လွဲချော်ရောက်ရှိသွားခြင်း ဖြစ်ကြောင်း တရုတ်က တတွင်တွင် ပြောဆိုထားသည်။

တရုတ်တို့ သူလျှို မိုးပျံပူဖောင်းများ အသုံးပြုသည့် ဖြစ်စဉ်များ ထပ်တလဲလဲ ပေါ်ပေါက်နေခြင်းအရ တရုတ်အနေဖြင့် အဆင့်မြင့် ထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ရန် အလွန်ဆန်းသစ်သည့် ဂြိုဟ်တုများ ရှိပါလျက် မည်သည့်အတွက်ကြောင့် မိုးပျံပူဖောင်းများကို အသုံးပြုသလဲ ဆိုပြီး မေးစရာ ရှိလာသည်။

စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းကဲ့သို့ မိုးပျံပူဖောင်းများက တရုတ်အတွက် အထူးသဖြင့် မရွှေ့မပြောင်းသော၊ တည်ငြိမ်သော (သို့မဟုတ်) ကုန်းမြေအခြေစိုက် အဆောက်အအုံအင်္ဂါရပ်များနှင့်ပတ်သက်ပြီး တိကျသေချာသည့် ထောက်လှမ်းမှုကို လုပ်ဆောင်၍ ရစေနိုင်မည် ဖြစ်သလို ယင်းမိုးပျံပူဖောင်းတို့ကို သမုဒ္ဒရာအတွင်းရှိ ရေပေါ်သွားယာဉ်များကဲ့သို့ အနှေးသွားပစ်မှတ်များနှင့်ပတ်သက်ပြီး ထောက်လှမ်းအသုံးပြုလုပ်ဆောင်နိုင်သည်ဖြစ်သည့်အတွက် ယင်းက ပစ်မှတ်ဧရိယာတခုပေါ်တွင် အတော်ပင် ဝေ့လည်လည် အချိန်ဖြုန်းကာ ရှိစေနိုင်သလို တိကျသည့် ပစ်မှတ်များနှင့်ပတ်သက်ပြီး ဆစ်ဂနယ် ထောက်လှမ်းမှု (SIGINT) ဖမ်းယူနိုင်ခွင့်ရစေသည်။

မိုးပျံပူဖောင်းများပေါ်ရှိ ရိုးရှင်းသော ကင်မရာများက ဂြိုဟ်ပတ်သွား ဂြိုဟ်တုများပေါ်ရှိ ကင်မရာများထက် ပိုမိုကြည်လင်ပြတ်သားသည့် ရုပ်ပုံများကို ထုတ်လုပ်ပေးနိုင်သလို အခြားသော ထောက်လှမ်းရေးပစ္စည်းများကလည်း ဂြိုဟ်တုများ၏ ပင်လယ်ပြင်ထက် အမြင့်နေရာများသို့ မရောက်ရှိသည့် ဆစ်ဂနယ်များကို ဖမ်းမိနိုင်သည်။

(ကိုလူအေး ဘာသာပြန်သည်)