ရေစကြိုမြို့နယ် ရှင်မတောင်ခြေတွင် တိုက်ပွဲဖြစ်

ပုံအညွှန်း – တိုက်ပွဲဝင်နေသည့် ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကိုတွေ့ ရစဉ်

MTO

(မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ခြေတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တရက်တည်း ထိတွေ့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့ နံနက်အစောပိုင်းတွင် ရှင်မတောင် စခန်းကို ရိက္ခာပို့ပြီး ပြန်ဆင်းလာသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မနက် ၃ နာရီခွဲကနေ နေ့လည် ၁၂ နာရီအချိန်အတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့တာ၊ တခါ တိုက်လိုက် ပြန်ခွာလိုက်၊ သူတို့ သွားမယ့်လမ်းကြောင်းကို စောင့်တိုက်လိုက် လုပ်ခဲ့တာ၊ သူတို့ဘက်က နှစ်ယောက် ကျည်ထိမှန် လဲကျသွားတာ တွေ့ ရတယ် “ ဟု ရေစကြို ပကဖ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း ပြောဆိုချက်အပေါ် မဇ္ဈိမ အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ၎င်းတို့ဘက်က ထိခိုက်မှု မရှိကြောင်း ရေစကြို ပကဖ တာဝန်ရှိသူက ဆိုသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ဒရုန်းများဖြင့် ဝေဟင်ကနေ တိုက်ခိုက်ခဲ့သကဲ့သို့ မြေပြင် စစ်ကြောင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ကို အကြိမ်ကြိမ်လိုက်လံတိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပကဖ က ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် တောင်အိုတာဝါတိုင် စစ်ဆေးရေးဂိတ်မှတဆင့် အရပ်သားပိုင် ကားများဖြင့် ရေစကြိုမြို့ ခလရ (၂၅၈) တပ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွား ကြောင်းလည်း ဆိုသည်။

ယခုတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်း (၉) တို့ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်