အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးက တရုတ်နဲ့ထိုင်းတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေး

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးက  တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့ကာ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဇန်နဝါရီ ၂၆ နဲ့ ၂၇ တိုက အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးဖြစ်သူ Jake Sullivan ဂျိတ်ဆူလီဗန်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုင်ဝမ်အရေး၊ အီရန် နဲ့ မြန်မာ နိုင်ငံရေးကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

တရုတ်နဲ့အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးချိန်အတွင်း နိုင်ငံတကာနဲ့ ဒေသတွင်းက အဓိကကျတဲ့ကိစ္စတွေကို ဆွေးနွေးရာမှာ မြန်မာအရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေများ၊ အထူးသဖြင့် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် လုံခြုံရေး အကြံပေးနဲ့ ထိုင်းရွေးကောက်ခံ အစိုးရတို့ကဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

မြန်မာ့အရေး၊ ကိုရီးယားကျွန်းဆွယ်၊ အရှေ့အလယ်ပိုင်းဒေသနဲ့ တခြားကိစ္စရပ်တွေ အပါအဝင် ပထဝီဝင်နိုင်ငံရေးနဲ့ ဒေသတွင်းကိုပါ ရိုက်ခတ်လာနေတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ အခြေအနေတွေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါတယ် လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွာပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ နိုင်ငံရေးပြဿနာတွေမှာ တဘက်ဘက်က အပြတ်အသတ်အနိုင်ရတဲ့ အဖြစ်မျိုးကို မလိုလားကြောင်း ပြောဆိုသွားပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivanနဲ့  ထိုင်းဝန်ကြီးချုပ် Srettha Thavisin တို့အစိုးရအိမ်တော်မှာ တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးချုပ် Parnpree Bahiddha-Nukara နှင့်ပါတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

NSA မှ Sullivan က အာဆီယံနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့  မယိမ်းမယိုင်သောကတိကဝတ်ကို အတည်ပြုခဲ့ပြီး အာဆီယံရဲ့ အချက် ၅ ချက်ကို အဓိပ္ပာယ်ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းမှုများကို ကြိုဆိုကြောင်းပြောကြားခဲ့ပါတယ်။