ကနီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့ ရပ်ကွက်(၃) အနီးကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၉ ရက် နံနက်အစောပိုင်းအချိန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်သွားသည်ဟု မဇ္စျိမ၏ မြေပြင် သတင်းရင်းမြစ်ထံက သိရသည်။

“ဂျက်တိုက်လေယာဉ်နဲ့ ကနီမြို့ကို ပေါင် ၅၀၀ ဗုံး တလုံး ကြဲသွားတာ ဖြစ်ပါတယ်။ ၁၀ မိုင်ပတ်လည် လောက်အထိ ပေါက်ကွဲသံကို ကောင်းကောင်းကြားရတယ်။ လူသေဆုံး ထိခိုက်မှုတော့ မရှိခဲ့ဘူး” ဟု သတင်းအရင်းအမြစ်က ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ရှစ်ရက်ခန့် ရှိနေပြီဖြစ်ပြီး မတ်လ ၇ ရက် ညပိုင်းတွင်လည်း စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်ခန့် ပြုလုပ်သွားသည်ဟု ဆိုသည်။

ယင်းနေ့ နံနက် ၁၁ နာရီ အချိန်ကလည်း ပုလဲမြို့နယ်၊ အင်မထီးကျေးရွာ(ပျူစောထီးဆိုသူအများစု နေထိုင်သည့်ရွာ)ရှိ စစ်သားများကို Mi-17 ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်ကာ ကနီမြို့ကို အင်အား ထပ်မံဖြည့်တင်းခဲ့သည်ဟု သတင်းအရင်းအမြစ်က ပြောသည်။

“သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နဲ့ လေးခေါက် စစ်သားတွေ ချသွားတာ။ ငါးခေါက်မြောက်မှာ လက်နက်ခဲယမ်းတွေ လာပို့သွားတာ ဖြစ်တယ်”ဟု မဇ္စျိမ၏ မြေပြင် သတင်းရင်းမြစ်က ပြောသည်။

ထိုနေ့ ညနေ ၆ နာရီ အချိန်တွင်လည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကနီမြို့ပေါ် ရပ်ကွက်(၁) ရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုအရေအတွက်ကို မဇ္စျိမအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကနီမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် စခန်းကုန်းများကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်က ကင်းထောက်လေယာဉ်များဖြင့် ထောက်လှမ်းကာ လေကြောင်းသုံး တိုက်ခိုက်မှုကို ပိုမိုပြုလုပ်နေသည်ဟု မြေပြင်သတင်ရင်းမြစ်က ပြောသည်။

ကနီမြို့ပေါ်တွင် ဖြစ်ပွါးနေသည့် တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူ ၈၀၀ ခန့်ကို ကာကွယ်ရေးတပ်ဖွဲ့များက ကယ်ထုတ်နေခြင်းဖြစ်ပြီး စီစစ်မေးမြန်းမှုများ ပြုလုပ်ကာ နေရေးထိုင်ရေး စီစဉ်ပေးထားကြောင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက ဆိုသည်။

အဆိုပါ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ရှောင်နေရသည့် ဒေသခံ ၁၀၀၀၀ ခန့်သည် စစ်ရှောင်ရက်ကြာမြင့် လာသည်နှင့်အမျှ စားဝတ်နေရေး အခက်အခဲရှိနေကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ