လူ ၄ ဦးကို ပစ်သတ်ပြီးနောက် PDF ဟု စစ်ကောင်စီစွပ်စွဲ၊ PDF မဟုတ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တုံ့ပြန်

စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသောပုံများ

007

(မဇ္စျိမ) ။ ။ စစ်ကိုင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က လူလေးဦးအား ပစ်သတ်ဖမ်းဆီးပြီးနောက် PDF တပ်ဖွဲ့ဝင်များဟု ခေါင်းစဉ်တပ်လိုက်ပြီး တော်လှန်ရေးအင်အားစုများကမှု ထိုလူငယ် လေးဦးသည် PDF များ မဟုတ်ဘဲ ခိုးဆိုးလုနှိုက်များသာဖြစ်ကြောင်း အသီးသီးထုတ်ပြန်ထားကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်း-မင်းကွန်းကားလမ်းဘေး ထန်းတောကျေးရွာ အနီးတွင် Mark II အမျိုးအစား အိမ်စီးကားတစီးကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်များဖြင့်ပစ်ခတ်ဖမ်း ဆီးရာ ကားပေါ်ပါလာသူ အမျိုးသားလေးဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ထိုသူများသည် PDF များဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ဆိုထားသည်။

“PDF မဟုတ်ဘူးဆိုတာ လုံးဝသေချာပါတယ်၊ သူတို့(စစ်ကောင်စီ)ကတော့ အခုအချိန်မှာ ပြည်သူကိုပစ်သတ် ပြီးရင်တောင် PDF လို့စွပ်စွဲသေးတာပဲ၊ အခု သူတို့ပစ်သတ်လိုက်တဲ့လူတွေက သူခိုးဓားပြတွေဆိုတာ ဒေသခံ တွေအကုန်သိတယ်၊ နယ်ဝေးကလူတွေ ထင်ယောင် ထင်မှားဖြစ်မှာစိုးလို့၊ PDF မဟုတ်ကြောင်း၊ ကျွန်တော်တို့ အခုပဲ သတင်းထုတ်ပြန်လိုက်တယ်” ဟု ဒေသအခြေစိုက် မင်းကွန်း PDF တာဝန်ခံက ယနေ့မွန်းလွဲပိုင်းတွင် မဇ္စျိမကို ပြောသည်။

စစ်တပ်ကိုထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည့် Toyota Mark II အိမ်စီးကားအဖြူရောင်သည်လည်း ခိုးဆိုးလုနှိုက်အဖွဲ့က ပြည်သူနှစ်ဦးကိုသတ်ပြီး လုယူထားသည့် ကားဖြစ်နေသည်ကို စုံစမ်းသိရှိထားကြောင်း ဆိုသည်။

ဒေသတွင်း သတင်းများကို ဖော်ပြနေသည့် မင်းကွန်းတိုက်နယ်သတင်း မှန်ပြန်ကြားရေးအဖွဲ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်လိုက်သူ လေးဦးသည် စစ်ကိုင်း-မင်းကွန်းကား လမ်းတလျှောက် ခိုးဆိုးလုယက် ဓားပြတိုက်နေသည့် အဖွဲ့သာဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။

“ဒီလူတွေ သူခိုးဓားပြတွေဆိုတာတော့ စစ်ကိုင်းသားတွေ အကုန်လုံးက သိကြတယ်၊ ဒီလူတွေကိုဖမ်းပြီးအပြစ်ပေးဖို့ PDF တွေဆီ တိုင်ကြားတာတွေလည်း ရှိဖူးတယ်” ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသော စစ်ကိုင်းမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်မှ မုံရွာ- ကလေးဝ- ယာကြီး လမ်းပေါ်တွင် ခရီးသွားနေသော ဇနီးမောင်နှံ့နှစ်ဦးကို စစ်ကောင်စီတပ် လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးများက ပစ်ခတ်ခဲ့သဖြင့် အမျိုးသားဖြစ်သူ သေဆုံးသွားခဲ့သည်။

စာတည်း။ ။ နောင်နောင်