MNDAA ဝတ်စုံ ဝတ်ဆင်ထားသူက ဘုရားစေတီတော်အား ထုနှက်ဖျက်ဆီးခဲ့ခြင်းအတွက် မန္တလေးတွင် ဆန္ဒပြ

ပုံစာ- မျိုးချစ်ရဟန်းတော်များသမဂ္ဂမှ မန္တလေးမြို့တွင်ဆန္ဒပြနေစဉ် / (Photo : CJ)

007
(မဇ္စျိမ) ။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် MNDAA စစ်ဝတ်စုံဝတ်ဆင်ထားသူက ဗုဒ္ဓဘာ သာဝင်တို့ကိုးကွယ်သည့် ဘုရားစေတီတဆူကို ထုနှက်ဖျက်ဆီးခဲ့ခြင်းနှင့်ပတ်သက်၍ မန္တလေးမြို့တွင် ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။

အင်အား ၁၀၀ ခန့်ရှိသည့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)အဖွဲ့ဝင်များက မန္တလေးတောင် ခြေ ကုသိုလ်တော်ဘုရားအနီး ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာအပေါ် ပစ်မှတ်ထားစော်ကားခြင်းအား ရှုတ်ချသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြောင်း ဒေသခံများကပြောသည်။

“အင်အား ၁၀၀ လောက်ရှိမယ်။ ဗုဒ္ဓဘာသာကိုစော်ကားခြင်းအား အလိုမရှိကြောင်း ကြွေးကြော်သံတွေ ပါတယ်။ ဗွီနိုင်းတွေလည်း ကိုင်ထားကြတယ်၊ ထူးခြားတာက စေတီကိုဖြိုဖျက်နေပုံအပြင် ဘုရားဆင်းတု တော်တဆူကို ဖျက်ဆီးနေတဲ့ပုံတွေလည်း ကိုင်ထားကြတာတွေ့ခဲ့ရတယ်” ဟု မန္တလေးမြို့ခံတဦးကဆို သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၊ ပွိုင့် ၂၂၀၂ တောင်ကုန်းရှိ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားစေတီ တဆူ MNDAA ဝတ်စုံဝတ်ဆင်ထားသူတဦးက တူဖြင့်ထုနှက်ဖျက်ဆီးနေသည့် ရုပ်သံဖိုင်တခု ဇန်နဝါရီလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် စတင်ပျံ့နှံ့ခဲ့သည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၏ စစ်ရေးကော်မတီက ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် စာအမှတ်(၂၀၂၄/စရ/၂)ဖြင့် သတင်းထုတ်ပြန်လာ ပြီး ၎င်းတို့အနေဖြင့် ဘာသာရေးအဆောက်အဦများအားဖျက်ဆီးရန် အမိန့်ပေးထားခြင်းမရှိကြောင်း ဆို ထားသည်။

“တူဖြင့် ဘုရားစေတီတော်ကိုရိုက်ထုခြင်းသည် MNDAA မှ အမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ် ရပ်ဖြစ်ပါသည်။ မိမိတို့အဖွဲ့အစည်းအနေဖြင့် လက်အောက်ငယ်သား၏ တပ်စည်းမျဉ်းစည်းကမ်း ညံ့ဖျင်းမှု နှင့် အရည်အချင်းမရှိသောလုပ်ဆောင်မှုအတွက် လွန်စွာတောင်းပန်အပ်ပါသည်။ မိမိတို့ MNDAA အဖွဲ့ အနေဖြင့် လွတ်လပ်သောဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေးများ ဆန့်ကျင်ခြင်း နှင့် ဘာသာရေးအဆောက်အအုံဖျက်ဆီးရန် အမိန့်ပေးခြင်းများ လုံး၀မရှိခဲ့ပါ။ အထက်ပါကိစ္စရပ်နှင့်ပတ် သက်၍ MNDAA စစ်ရေးကော်မတီမှ သက်ဆိုင်ရာဌာနကိုတာ၀န်ပေးထားပြီး တရားခံကို အရေးယူအပြစ် ပေးရန် ညွှန်ကြားထားပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည့် ရုပ်သံဖိုင်ကြောင့် အကြံဆိုးရှိသူများက ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခ များကို ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်မှုများရှိလာနိုင်သည်အတွက် သတိထားကြရန်လည်း ထုတ်ပြန်ချက် တွင်ဆိုထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အထိနာနေသည့် စစ်ကောင်စီသည် ဇန်နဝါရီလ ၅ ရက်နေ့က လောက်ကိုင်ဒကစ (ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်)တခုလုံး လက်နက်ချပြီးနောက် လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခဖြစ်ပွားစေမည့် ရေးသားပြောဆိုမှုများကို လူမှု ကွန်ရက် အင်တာနက်စာမျက်နှာများတွင် ဆက်တိုက်ပြုလုပ်လာသည်ကိုတွေ့ရသည်။

ယနေ့ဆန္ဒပြခဲ့သော မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂသည် စစ်အာဏာသိမ်းပြီးနောက်တွင် ယခင် မဘသအဖွဲ့ဝင်များ၊ ကြံ့ဖွံ့ပါတီဝင်များ၊ စစ်ကောင်စီထောက်ခံသူများနှင့်ပူးပေါင်းပြီး အာဏာသိမ်းမှုကို ထောက်ခံသည့် ဆန္ဒပြမှုများ ပြုလုပ်လေ့ရှိသည်။

စာတည်း။ ။စောဖေ