၂၀၂၃ ခုနှစ်အတွင်း အမျိုးသမီးများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအပေါ် မြန်မာ့အမျိုးသမီးသမဂ္ဂ ချီးမွမ်း

BWU

မြန်မာအမျိုးသမီးများသည် စစ်အာဏာရှင်ဖြုတ်ချရန် ရည်ရွယ်သည့် သပိတ်များ၊ ဆန္ဒပြပွဲများနှင့် လှုပ်ရှားမှုမျိုးစုံတွင် တက်ကြွစွာ ဆက်လက်ပါဝင်လျက်ရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ဇန်နဝါရီလ ၉ ရက်နေ့ထုတ် ၂၀၂၃ ခုနှစ်အတွက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အမျိုးသမီးများဆိုင်ရာ သတင်းသုံးသပ်ချက်စာတမ်းတွင် စစ်အာဏာရှင်များ၏ လုပ်ရပ်များကြောင့် အမျိုးသမီးများ မနှစ်က ကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုများကို ရေးသားထားသည်။ အမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စီးပွားရေး အခက်အခဲများကိုလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။

၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်းတွင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ချီတက်ဆန္ဒပြရာတွင် အမျိုးသမီးများ၏နိုင်ငံရေးပါဝင်မှုသည် မှေးမှိန်သွားခြင်းမရှိကြောင်း စာတမ်းတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်က ထားဝယ်ခရိုင် လောင်းလုံမြို့နယ်တွင် နှင်းဆီရောင်အမျိုးသမီး သမဂ္ဂဦးဆောင်ကာ ‘ဓားသွား၊ ကလောင်သွားထက် ထက်မြက်တာ အမျိုးသမီးတွေရဲ့အစွမ်းပကားပဲရှိတယ်’ ဟူသော ကြွေးကြော်သံဖြင့် အမျိုးသမီးများ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့သည်။  အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးအဖွဲ့တစ်ဖွဲ့ကလည်း “အောင်လံလွှင့်မည် ဒေါင်းသွေးနီ၊ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ၊ အောင်လံလွှင့်မည် ရွှေရည်ကြည်၊ သွေးမအေးတဲ့ ရွှေနွယ်သွေး” ဟု ကြွေးကြော်လျက် ၂၀၂၃ ခုနှစ်အတွင်း သပိတ်လှုပ်ရှားမှုများကို အဆက်အပြတ်ဦးဆောင်ခဲ့သည်။

ထို့ပြင် အမျိုးသမီးများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပြီး အချို့က လက်နက်စွဲကိုင်ကာ ၎င်းတို့၏ သန္နိဋ္ဌာန်ကို သက်သေပြခဲ့ကြသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ချင်းအမျိုးသမီး တိုက်ခိုက်ရေးသမားများသည် ရှေ့တန်းတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သလို မန္တလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF Mandalay) နှင့် ဆက်စပ်သော အမျိုးသမီးများကလည်း တော်လှန်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကာ နယ်မြေထိန်းချုပ်နိုင်ရေး လူထုကို စည်းရုံးခဲ့သည်။ အမျိုးသမီးများ လက်နက်ကိုင်တိုက်ပွဲဝင်သည့်ကြောင်းကို မီဒီယာများကလည်း ရေးသားဖော်ပြခဲ့ကြသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများ ဦးဆောင်သော အဖွဲ့များနှင့် အမှီအခိုကင်းသော အဖွဲ့အစည်းများအပါအဝင် အဖွဲ့အသီးသီးသည် အမျိုးသမီးများအားအကြမ်းဖက်မှု ဆန့်ကျင်ရေး (GBV) ၁၆ ရက်တာ လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုလှုပ်ရှားမှုကို စစ်ရှောင်စခန်းများတွင် ပြုလုပ်ခဲ့သည်။ ဥပမာအားဖြင့် Kachin Gender Star Group (KGSG) က မတူညီသော နေရာလေးခုမှ စစ်ဘေးရှောင်အမျိုးသမီး ၃၀၀ ဖြင့် ကချင်ပြည်နယ် မိုင်ဂျာယန်အနီးတွင် လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်ပြုလုပ်သော ၁၆ ရက်တာ လှုပ်ရှားမှုတွင်လည်း ရွှေ့ပြောင်း အလုပ်သမား ၂၀၀ ခန့် ပါဝင်ခဲ့သည်။ ထို့ပြင် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၌ အမျိုးသမီး မဟာမိတ်အဖွဲ့များက ၁၆ ရက်တာ လှုပ်ရှားမှုသပိတ် ချီတက်ခဲ့ကြသည်။

အထူးသဖြင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုများနှင့် အဓမ္မပြုကျင့်ခံရမှုကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကြုံတွေ့ရမှုနှင့်အတူ မြန်မာအမျိုးသမီးများအတွက် ဘေးကင်းရေးနှင့် လုံခြုံရေးသည် ၂၀၂၃ ခုနှစ်တွင် သိသိသာသာ ဆိုးရွားလာကြောင်းလည်း စာတမ်းတွင် ဖော်ပြထားသည်။ အလွဲသုံးစားလုပ်ခံရမှု ပုံစံအမျိုးမျိုးအနက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုများနှင့် အဓမ္မပြုကျင့်ခံရမှုသည်  ဆက်တိုက်ဖြစ်ပေါ်နေသည့် ပြဿနာဖြစ်လာသည်။

နိုင်ငံရေးအကြောင်းပြချက်ဖြင့် အမျိုးသမီးများ ဖမ်းဆီးခြင်းခံရသည့် အမှုပေါင်းမြောက်မြားစွာလည်းရှိခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏စာရင်းပေါ်အခြေခံ၍  မြန်မာ့အမျိုးသမီးများ သမဂ္ဂ (BWU) ၏ ပြန်လည်စုစည်းချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ စစ်ကောင်စီ၏ ထိန်းသိမ်းခံရမှုကိုခံရသော အမျိုးသမီး ၅၄၁ ဦးအထိရှိခဲ့သည်။ ထိုအမျိုးသမီးအများစုမှာ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းမှားများ ဖြန့်ဝေမှုဖြင့် စွပ်စွဲခံခဲ့ရသည်။ အချို့မှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ တော်လှန်ရေး အဖွဲ့များနှင့် အခြားသော တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခြင်းခံရခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ဖမ်းဆီးခံရသည့် အမျိုးသမီး အများစုမှာ မန္တလေးတိုင်းဒေသကြီးမှ ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း အမျိုးသမီး ၃၉၂ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီး ၃၁၈ ဦးမှာ ဖမ်းဆီးခံရသည်။ သေဆုံးသူ အမျိုးသမီးများတွင် လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ ၁၃၀ ဦး၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်သေဆုံးသူ ၁၄၇ ဦး၊ ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသူ ၁ ဦး၊ ဖမ်းဆီးခံရစဉ် သို့မဟုတ် အချုပ်အနှောင်ခံနေရစဉ်သေဆုံးသူ ၂၀ ဦး၊ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁ ဦးနှင့် အကြမ်းဖက်စစ်တပ်၏ ကိုယ်ထိလက်ရောက် နှိပ်စက်မှုကြောင့် သေဆုံးရသူ ၁ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၃၅ ဦး၊ မုဒိမ်းကျင့်သတ်ဖြတ်ခံရသူ ၃ ဦး၊ သေနတ်ဖြင့်ပစ်ခတ်ရသူ ၄၇ ဦးနှင့် ဦးခေါင်းပစ်ခတ်ခံရသူ ၅ ဦး ပါဝင်သည်။ ပြစ်ဒဏ်ချမှတ်ခံရသူနှင့် အသတ်ခံရသူ အများစုမှာ စစ်ကိုင်းတိုင်း ဒေသကြီးမှ ဖြစ်သည်။

BWU မှ စုဆောင်းရရှိသော အချက်အလက်များအရ လက်ရှိထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ၏ ကျန်းမာရေး၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် အဆိုးဝါးဆုံးအနေအထားတွင် ရှိနေပြီး ထောင်ထဲတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုပင် မရရှိကြပေ။

BWU က ထုတ်ပြန်ခဲ့သောစာတမ်းတွင် အမျိုးသမီးများရင်ဆိုင်နေရသော စီးပွားရေးအခက်အဲများနှင့် ပဋိပက္ခဒေသများနှင့်ပြည်တွင်းစစ်ဘေးရှောင်စခန်းများတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများစွာကိုလည်း ဖော်ပြထားသည်။