အင်းစိန်ထောင်ရှေ့ ဗုံးပေါက်ကွဲမှု အမျိုးသမီး ၃ ဦး ဒဏ်ရာရ

ပုံအညွှန်း- အင်းစိန်ထောင် (ပုံဟောင်း)

ဂျူချန်း

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်အရှေ့၌ ယနေ့ ဒီဇင်ဘာ ၂၇ရက် မွန်းလွဲ ၁နာရီခန့်၌ ဗုံးပေါက်ကွဲမှုတွင် အမျိုးသမီးသုံးဦး ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အင်းစိန်ထောင်ရှေ့ ဘန်ကာအနီးတွင်ရပ်ထားသည့် ကားတစီးမှ ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် မှန်ကွဲစများလွင့်စင်ကာ လမ်းသွားလမ်းလား အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့ခြင်းဟု သိရသည်။

“ဘန်ကာနဲ့ တည့်တည့်ပဲ။ ကားအမဲကထပေါက်တာ။ အနောက်ကအိမ်ဆို မှန်တွေကွဲကုန်တယ်။​ နောက် ဒီဘက်နားက ပါဂျဲရိုးနှစ်စီးဆိုလည်း မှန်တွေကွဲကုန်တယ်။ အဲ့နားမှာ ဖြတ်သွားတဲ့ မိန်းမသုံးယောက်တော့ မှန်ကွဲစတွေထိတယ်။ Ambulanceနဲ့တင်သွားတာတွေ့လိုက်တယ်” ဟု ဒေသခံတဦးကပြောသည်။

ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေနှင့် မည်သည့်အဖွဲ့ကလုပ်ဆောင်ခြင်းကို မသိရှိရသေးပေ။ စစ်ကောင်စီကလည်းသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဗုံးပေါက်ကွဲမှုကြောင့် အင်းစိန်ထောင်အနီးအဝိုက်နှင့် အင်းစိန်ပေါက်တောဝလမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံတယ်လီဂရန်ချန်နယ်များ၌ ရေးသားထားသည်။

အင်းစိန်အကျဉ်းထောင်ရှေ့တွင် လုံခြုံရေးစောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရန်ကုန်မြို့အခြေစိုက်တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်လေ့ရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၆ရက်ညက အင်းစိန်ထောင်အနီး ဗုံးသုံးလုံး ပေါက်ကွဲခဲ့သည်။ မတ်လ ၂၄ ရက်နေ့ကလည်း အင်စိန်ထောင်အနောက်ဘက်ဂိတ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တွင် ယခုလ ဒီဇင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက် နှစ်ရက်အတွင်း ပေါက်ကွဲမှု ၁၉ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံရုံးဌာနများနှင့် အနီးကပ်နေထိုင်ခြင်းမပြုကြရန် တော်လှန်ရေးအင်အားစုများက မကြာခဏသတိပေးနေသည်။

စာတည်း – အေးချမ်း