ရှင်ကျန်းဒေသ ခရီးစဉ်များကို လူမျိုးတုန်းသတ်မှု ခရီးသွားလုပ်ငန်းဟု ပညာရှင်များ ရှုတ်ချ 

RFA    

တရုတ်အစိုးရသည် ရှင်ကျန်းဒေသကို ခရီးသွားများအတွက် တံခါးဖွင့်ပေးခဲ့သည်။ တနည်းအားဖြင့် ဖိတ်ခေါ်ထိုက်သည်ဟု ယူဆသူများကို ဖြစ်သည်။ 

တရုတ်တာဝန်ရှိသူများသည် ယခင်က သံတမန်များ၊ ဂျာနယ်လစ်များနှင့် “တရုတ်၏ မိတ်ဆွေများ” ဟု သဘောထားသူများကို ဝင်ခွင့်ပြုခဲ့သော်လည်း ၎င်းတို့သည် ယခုအခါတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အမြင်တွင် အနောက်ဘက်စွန်းဒေသ၌ လူ့အခွင့်အရေးချိုးဖောက်သူအဖြစ် နိုင်ငံ၏ ပုံရိပ် စွန်းထင်းစေမှု အချို့ကို ဖြေဖျောက်ဖယ်ရှားရန် ကြိုးပမ်းသည့်အနေဖြင့် မတည်ငြိမ်သော အနောက်ဘက်စွန်း ရှင်ကျန်းဒေသကို ခရီးသွားနေရာတခုအဖြစ် ပုံဖမ်းရန် လုပ်ဆောင်လျက် ရှိသည်။ 

၂၀၂၃ ခုနှစ်တွင် နိုင်ငံမျိုးစုံနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လူပေါင်း ၄,၃၀၀ ကျော် ပါဝင်သည့် အဖွဲ့အုပ်စုများနှင့် ကိုယ်စားလှယ်အဖွဲ့ ၄၀၀ နီးပါးသည် ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ လာရောက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ် ဝမ်ဘင်းက ဇန်နဝါရီ ၅ ရက် သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။ 

ခရီးသွားဧည့်သည်များထဲတွင် အစိုးရအရာရှိများ၊ သံတမန်များ၊ ဘာသာရေးပုဂ္ဂိုလ်များ၊ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ဂျာနယ်လစ်များနှင့် သာမန် ခရီးသွားများ ပါဝင်ကြောင်း ၎င်းက ပြောသည်။ သို့သော် တရုတ်၏ ကျန်နေရာဒေသများတွင် ခရီးသွားလာခြင်းနှင့်မတူဘဲ ရှင်ကျန်းဒေသသို့ ခရီးစဉ်များသည် ဖိတ်ကြားမှုသက်သက်ဖြင့်သာ ရှိနေသေးပြီး ခရီးသွားများကို အစိုးရက ကမကထပြုသည့် အလည်ခရီးစဉ်များဖြင့် ဦးဆောင်ခေါ်ယူသည်။ 

ယင်းတို့တွင် “ရှင်ကျန်း၏ ရိုးရာ ယဉ်ကျေးမှုကို မည်သို့မည်ပုံ ကာကွယ်စောင့်ရှောက်သည် ဆိုသည်ကို တွေ့မြင်ရရန်” ဗလီများနှင့် အမွေအနှစ် နေရာများသို့ ခရီးစဉ်များ ပါဝင်ကြောင်း ဝမ်က ပြောသည်။ 

“သူတို့တွေဟာ ရှင်ကျန်းဒေသရဲ့ ထုတ်လုပ်မှုနဲ့ ဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့ လေ့လာဖို့ ပြည်တွင်းစက်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ စိုက်ပျိုးမွေးမြူရေးခြံတွေကို သွားကြပါတယ်။ ပြီးတော့ သာမန် အိမ်ထောင်စုတွေဆီလည်း သွားရောက်လည်ပတ်ကြပြီး အဲဒီမှာ သူတို့တွေဟာ လူမျိုးစု မျိုးစုံရဲ့ ပြည်သူတွေရဲ့ ပျော်ရွှင်နေတဲ့ ဘဝတွေကို တွေ့မြင်ခဲ့ကြပါတယ်၊ ဒိဋ္ဌတွေ့မှယုံ” ဟု ၎င်းက ပြောသည်။  

“လူတွေက အမှန်တရားကို သတိပြုမိပါပြီ။ တချို့နိုင်ငံတွေကတော့ ရှင်ကျန်းမှာ လူမျိုးတုန်းသတ်မှုနဲ့ အတင်းအဓမ္မအလုပ်ခိုင်းစေမှုနဲ့ပတ်သက်တဲ့ အလိမ်အညာတွေကိုပဲ သက်တောင့်သက်သာ ပြောနေကြပါတယ်။ ရှင်ကျန်းကတော့ ကမ္ဘာကို ဆက်ပြီး တံခါးဖွင့်ပေးထားပါမယ်” ဟုလည်း ၎င်းက ပြောသည်။  

လေးနှစ်ခွဲလျင်တကြိမ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အဖွဲ့ဝင်နိုင်ငံအချင်းချင်း၏ လူ့အခွင့်အရေးမှတ်တမ်းများကို လေ့လာသုံးသပ်သည့် လူ့အခွင့်အရေးကောင်စီ ယန္တရားတခုဖြစ်သော စတုတ္ထမြောက် Universal Periodic Review အတွက် တရုတ်က အသင့်ပြင်ထားရချိန် ယခုလုပ်ဆောင်ချက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ 

ထိုသုံးသပ်မှုကို ဇန်နဝါရီ ၂၃ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်ရန် စီစဉ်ထားသည်။ 

အမေရိကန်၊ ကုလသမဂ္ဂ၊ အခြားသော အနောက်အုပ်စုနိုင်ငံများ၏ ပါလီမန်များနှင့် လူ့အခွင့်အရေးအဖွဲ့များအရ ပြီးခဲ့သည့်နှစ်များအတွင်း ဝီဂါများနှင့် အခြားသော မွတ်စလင်များအပေါ် လူမျိုးတုန်းသတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများ မြောက်သည့် ပြင်းထန်တင်းကျပ်သော ဖိနှိပ်မှုတို့ ရှိသည် ဆိုသည့် ရှင်ကျန်းဒေသသို့ ဝင်ရောက်သူများအပေါ် တရုတ်အာဏာပိုင်တို့က တင်းကျပ်စွာ ထိန်းချုပ်ခဲ့သည်။ 

ရှင်ကျန်းရှိ အာဏာပိုင်များသည် ဝီဂါများနှင့် အခြားသော တူရကီစကားပြော မွတ်စလင် ၁ ဒသမ ၈ သန်းခန့်ကို ထိန်းသိမ်းထားပြီး ထောင်နှင့်ချီသော ဗလီများကို ဖျက်ဆီးကာ စာသင်ကျောင်းများနှင့် အစိုးရရုံးများတွင် ဝီဂါဘာသာစကားကို ပိတ်ပင်တားမြစ်ထားသည်။ 

“ပြန်လည် ပညာပေးမှုကမ့်စခန်းများ” ကို ပိတ်ထားကြောင်း တရုတ်က ပြောပြီး ဝီဂါ ယဉ်ကျေးမှုကို ဖျောက်ဖျက်မည့် မူဝါဒ မရှိဟု ငြင်းဆိုထားသည်။ 

မကြာသေးခင်က CBS သတင်းမှတ်တမ်းတခုအရ တရုတ်၏ ပြန်လည်တံဆိပ်ကပ်မှု အားထုတ်မှုများတွင် ဝီဂါများကို စောင့်ကြည့်နေသည့် စောင့်ကြည့်ကင်မရာများနှင့် မျက်နှာမှတ်သားသည့် ကိရိယာများကို ပြသသည်။ ဆိုင်းဘုတ်များ၊ ဘီလ်ဘုတ်များတွင် ရှေးဟောင်းမြို့ Kashgar ၏ အမည်ကို တရုတ်ဘာသာဖြင့် “ကာရှိ”ဟု တွေ့ရပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း ဒေသခံမွတ်စလင်များကို ပိတ်ပင်ထားသည့် ၁၅ ရာစု Id Kah ဗလီကိုလည်း ခရီးသွားဆွဲဆောင်ရာနေရာတခုအဖြစ် အသွင်ပြောင်းထားသည်။ 

ဇာတ်ညွှန်းရေးထားသည့် အပျော်ခရီးများနှင့်အတူ တရုတ်အစိုးရသည် ရှင်ကျန်းဒေသ၌ ပေကျင်း၏ ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖုံးကွယ်ရန် ဝီဂါများ ပျော်ရွှင်စွာ နေထိုင်နေကြသည် ဆိုသည့် ဇာတ်လမ်းကို ပျံ့နှံ့အောင် လုပ်ဆောင်နေသည်ဟု ဒေသနှင့်ပတ်သက်သည့် ကျွမ်းကျင်သူများက ပြောသည်။ 

ရှင်ကျန်းဒေသ၏ ပုံရိပ်ကို မြှင့်တင်ရန် တရုတ်၏ ကြိုးပမ်းမှုများနှင့် ဝါဒဖြန့်ချိမှုတို့အပေါ် လူ့အခွင့်အရေးအဖွဲ့များမှ ဝေဖန်မှုများ ထွက်ပေါ်စေခဲ့သည်။ 

ဇာတ်တိုက်ထားသည့် ခရီးစဉ်များက ရှင်ကျန်းဒေသ၌ မိသားစုများ အတင်းအကျပ် သီးခြားခွဲခံရမှုများ၊ အကျဉ်းစခန်းများ သို့မဟုတ် အတင်းအကျပ် အလုပ်ခိုင်းစေမှု စခန်းများ၌ လူသန်းချီ အတင်းအကျပ် ထိန်းသိမ်းခံရမှုများနှင့် ထောင်ပေါင်းများစွာသော ဝီဂါများ ပြည်ပတွင် သွားရောက်နေထိုင်ရပြီး အတင်းအကျပ် နိုင်ငံမဲ့ပုဂ္ဂိုလ်များ ဖြစ်စေခြင်းများ၏ ပြင်းထန်သော အမှန်တရားများကို ဖုံးကွယ်နေကြောင်း လူ့အခွင့်အရေး ဖောင်ဒေးရှင်းတခု၏ ဥပဒေနှင့် ပရိုဂရမ်အရာရှိ ကလော်ဒီယာ ဘန်းနက်က ပြောသည်။ 

“ဝီဂါဒေသကို ကိုလိုနီအဖြစ် သိမ်းပိုက်အုပ်ချုပ်မှုကို တရားဝင်စေအောင် ဗျူဟာမြောက် ကြိုးပမ်းတဲ့အနေနဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ သံတမန်တွေ၊ ဂျာနယ်လစ်တွေနဲ့ ဘာသာရေးပညာရှင်တွေအတွက် ဝါဒဖြန့် ခရီးစဉ်တွေကို ဂရုတစိုက် စီစဉ်ပါတယ်” ဟု သူမက Radio Free Asia ကို ပြောသည်။  

“အဲဒီ ခရီးစဉ်တွေဟာ CCP ရဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးဖိဖာထေးဖို့ ပုံစံထုတ်ထားတာပါ” ဟု ဆက်ပြောသည်။ 

ရှင်ကျန်းဒေသသို့ ခရီးစဉ်များကို “လူမျိုးတုန်းသတ်မှု ခရီးသွားလုပ်ငန်း” ဟု အမေရိကန် အခြေစိုက် ဝီဂါ လူ့အခွင့်အရေး ဖောင်ဒေးရှင်း (UHRP) က ယမန်နှစ် ဩဂုတ် ၃၀ ရက် အစီရင်ခံစာတွင် ပြောပြီး ထိုခရီးစဉ်များက တရုတ်အာဏာပိုင်တို့အတွက် ရှင်ကျန်း၌ ဖြစ်ပွားသော လူမျိုးတုန်းသတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများကို ဖုံးကွယ်စေရန် ကူညီပေးနေသည်ဟု ပြောဆိုသည်။