ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို အသုံးချပြီး မြန်မာစစ်တပ်ကိုအရေးယူရန် ဦးကျော်မိုးထွန်း‌ပြော

ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို အသုံးချပြီး မြန်မာစစ်တပ်ကိုအရေးယူရန် ဦးကျော်မိုးထွန်း‌ပြော

မဇ္ဈိမ။ ။ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို အသုံးချပြီး မြန်မာစစ်တပ်ကို အရေးယူရန် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဆဋ္ဌမကော်မတီအစည်းအဝေးတွင် ဦးကျော်မိုးထွန်း‌က ‌ပြောသည်။

စစ်တပ်မှ ယခင်က ကျူးလွန်ခဲ့ပြီး ယခုတိုင် ကျူးလွန်လျက် ရှိသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် ကောင်းမွန်သော စိတ်ဆန္ဒဖြင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အား အသုံးပြုခြင်းကို ထောက်ခံအားပေး‌ကြောင်း၊ ထို့နည်းတူ ကုလသမဂ္ဂ၊ အထူးအားဖြင့် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအား ထိရောက်စွာနှင့် အချိန်မီအရေးယူ ဆောင်ရွက်ပေးခြင်းဖြင့် အပြစ်မဲ့အရပ်သား ပြည်သူများ၏ အသက်ကို ကယ်တင်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံအပေါ် မပျက် ကွက်ရန် ထပ်လောင်း တိုက်တွန်းတောင်းဆိုလို‌ကြောင်း” ဦးကျော်မိုးထွန်းက ‌ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတို့ အနေဖြင့် ထိရောက်သော ဆုံးဖြတ်ချက်များကို အချိန်မီ ချမှတ်ရန် ပျက်ကွက်နေချိန်တွင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံသဘော တရားအား အသုံးချခြင်းက လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံးတို့၏ လုပ်ငန်းများကို အထောက်အကူပြု နိုင်ရုံမျှမက ပြစ်ဒဏ်ကင်းလွတ်ခြင်းနှင့် ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးတို့နှင့် စပ်လျဉ်း၍ လုံခြုံရေးကောင်စီမှ အချိန်မီထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်လည်း အားဖြည့်ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက‌ပြောသည်။

နိုင်ငံများအနေဖြင့် ကြီးလေးသော ရာဇဝတ်များအား ကျူးလွန်သည့် တရားခံများကို ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်ရန် မစွမ်းဆောင်နိုင်သည့် အခြေအနေ သို့မဟုတ် စွမ်းဆောင်ရန် ဆန္ဒမရှိသည့် အခြေအနေ မျိုးတွင် (သို့မဟုတ်) ပြည်တွင်း တရားဥပဒေ စိုးမိုးမှုပျက်စီးနေပြီး ပြစ်ဒဏ်ကင်းလွတ်မှု ပြဿနာကိုလည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီကဲ့သို့သော အခွင့်အာဏာရှိသည့်နိုင်ငံတကာအဖွဲ့အစည်း များက ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အခါ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံသဘောတရားအား အသုံးချရန် လိုအပ်ကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။

မြန်မာစစ်တပ်မှာ ပြည်သူများကို အဆင်ခြင်မဲ့လေ‌ကြောင်းမှ တိုက်ခိုက်ခြင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို အဖန်ဖန်တလဲလဲ ကျူးလွန်ခြင်းနှင့်လူနေအိမ်များနှင့် ပြည်သူများ၏ ပိုင်ဆိုင်မှုများကို အလုံးစုံမီးရှို့ဖျက်ဆီးခြင်းဟူသော စစ်ရေး နည်းဗျူဟာသုံးခုဖြင့် ပြည်သူများအပေါ် စနစ်တကျ တွင်ကျယ်စွာ အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း အစည်းအဝေးတွင် ဦးကျော်မိုးထွန်းက ‌ပြောသည်။

စစ်ကောင်စီ‌ကြောင့် အရပ်သား ၄,၁၀၀ ကျော် သေဆုံးခဲ့ရပြီး ၁.၇ သန်းမှာ နေအိမ်များမှရှောင်ပြေးစွန့်ခွာနေရကြောင်း၊ ပြည်တွင်း ‌နေရပ်စွန့်ခွာသူ နှစ်သန်းနီးပါး ရှိကာ နေအိမ်အလုံးပေါင်း (၇၅,၀၀၀) ကျော်မှာလည်း မီးရှို့ခြင်း သို့မဟုတ် ဖျက်ဆီးခံခဲ့ရ ‌ကြောင်း ၎င်းက‌ပြောသည်။

လက်ရှိအနေအထားများအရ စစ်တပ်၏ တရားမဝင်အာဏာ သိမ်းထားမှု အခြေအနေတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအား ပြည်တွင်းစုံစမ်း စစ်ဆေးရန် သင့်လျော်မှုမရှိသည်ကို နားလည်‌ကြောင်း၊ အဘယ်ကြောင့်ဆိုသော် စစ်တပ်ကိုယ်တိုင်ကပင် တရားဥပဒေ စိုးမိုးရေးကို ဖျက်ဆီးခဲ့ပြီး ရက်စက်ကြမ်းကြုတ်စွာ အလွန်အမင်း တိုက်ခိုက်လျက်ရှိသောကြောင့် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း စစ်တပ်အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို တွင်တွင်ကျယ်ကျယ် အကျိုးခံစားလျက်ရှိကြောင်း ဦးကျော်မိုးထွန်းက ‌ပြောသည်။

စစ်ကောင်စီ၏ ကျုးလွန်မှုများကို လုံလောက်ခိုင်မာသည့် သက်သေအထောက်အထားများ ရှိပြီး ပြည်သူများမှလည်း အရေးယူဆောင်ရွက်ပေးရန် အထပ်ထပ်အခါခါ ပြင်းပြင်းပြပြ တောင်းဆိုနေသည့်တိုင် လုံခြုံရေးကောင်စီအနေဖြင့် လေးလေးနက်နက်နှင့် ထိရောက်စွာ အရေးယူကိုင်တွယ်ဖြေရှင်း ‌ပေးခြင်း မရှိသေးကြောင်း ဦးကျော်မိုးထွန်းက ‌ပြောသည်။