စစ်ကောင်စီဂျက်တိုက်လေယာဉ်ကို KIA ပစ်ချဟု သတင်းထွက်ပေါ်

ပုံအညွှန်း- ကချင်စစ်သားတဦးကို တွေ့ရစဉ်

အဂမ်

(မဇ္ဈိမ) ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာဘက်တွင် စစ်ကောင်စီ၏ဂျက်တိုက်ခိုက်ရေးလေယာဉ်တစီးကို ယနေ့ (ဇန်နဝါရီ ၁၆ ရက်) နံနက်က ပစ်ချလိုက်နိုင်ကြောင်း ကနဦးသတင်းရရှိထားသည်ဟု ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမသို့ပြောသည်။

‘” ဂျက်ဖိုက်တာတစင်းကို ပစ်ချလိုက်တယ်ဆိုတဲ့သတင်း‌တော့ရပါတယ်။ ဒါပေမယ့် သူတို့( မြေပြင်တပ်ဖွဲ့များ)ဘက်က အကြောင်းကြားတာတော့မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့တော်တော်များများကတော့ ကျသွားတာတော့ သေချာပြီလို့ပြောကြတယ်။ ကျနော်လည်းဘယ်လိုအခြေအနေဆိုတာစုံစမ်းနေဆဲတော့ဖြစ်ပါတယ်”ဟု ယနေ့ ဇန်နဝါရီလ၁၆ရက် မွန်းလွဲ ၂နာရီခန့်က ဆက်သွယ်မေးမြန်းမှုကို ဗိုလ်မှူးကြီးနော်ဘူကဖြေကြားသည်။

ခြေလျင်တပ်ရင်း (၁၂၃) ကို KIA က ရက် ၂၀ နီးပါး ထိုးစစ်ဆင်နေချိန်ဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်းပစ်ကူများဖြင့် ခုခံနေချိန်တွင် တိုက်လေယာဉ်ကိုပစ်ချနိုင်သည်ဆိုသော သတင်းပေးပို့လာခြင်းဖြစ်သည်။ မဇ္ဈိမအနေဖြင့် အသေးစိတ်အချက်အလက်များမရရှိသေးသလို သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပါ။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟို၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူလ်ကိုဆက်သွယ်မေးမြန်းရာ လေယာဉ်ပစ်ချသည်ဆိုသော သတင်းကိုကနဦးကြားသိထားရခြင်းသာရှိနေသေးကြောင်းပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဖုန်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေတာကြောင့် သတင်းအတည်ပြုချက်ရယူနိုင်ရန်ခက်ခဲနေဆဲဖြစ်သည်။

နမ့်ဖတ်ကာ အထိုင်တပ်ဖြစ်သည့် ခလရ (၁၂၃) တပ်ရင်းကို KIA တပ်မဟာ (၄) ၊ တပ်မဟာ (၆) နှင့် တပ်မဟာ (၁၀) ပူးပေါင်းတပ်ဖွဲ့များက ယမန်နှစ် ဒီဇင်ဘာ ၂၉ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်။

ဇန်နဝါရီလ ၃ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊နာဖော့စစ်စခန်းသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းလာပို့သည် စစ်ကောင်စီ၏Mi -17 ရဟတ်ယာဥ်တစီးကိုKIA က ပစ်ချခဲ့ရာ ရဟတ်ယာဥ်ပေါ်ပါစစ်သားခြောက်ဦးလုံး သေဆုံးသွားခဲ့သည်။