တရုတ် ကိုင်တွယ်နေသော မြန်မာအရေးကို အနောက်နိုင်ငံများ သတိထားစောင့်ကြည့်

ASIAN LITE

မြန်မာ့နိုင်ငံရေး ပဋိပက္ခများတွင် ဝင်ရောက်ဖျန်ဖြေသူအဖြစ် ရပ်တည်နေသော တရုတ် ၏ လှုပ်ရှားမှုများ သည် အနောက်နိုင်ငံများအတွက် သတိထားစောင့်ကြည့်ဖွယ် ဖြစ်လာသည်။ ဒေသတွင်း တည်ငြိမ်ရေး သာမက စီးပွားရေးအားသာချက်နှင့် ဗျူဟာမြောက် အနေအထားများ ရရှိရန် တရုတ်၏ သြဇာလွှမ်းမိုးမှု တည်ဆောက်နေခြင်းမှာ စိုးရိမ်ဖွယ် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဖြေရှင်းရာတွင် တရုတ်၏ အခန်းကဏ္ဍ နှင့် တိုးတက်မှု အခြေအနေကို ကမ္ဘာ့အသိုက်အဝန်းက အနီးကပ် စောင့်ကြည့်နေသည်။ တရုတ် အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းတွင် တရုတ်ကြားဝင်သော ညှိနှိုင်းဆွေးနွေးမှုများ ပြီးဆုံးပြီးနောက် ရက်အနည်းငယ်အကြာတွင် အပစ်အခတ်ရပ်စဲကြောင်း ကြေငြာထားသော်လည်း မြန်မာနိုင်ငံဒေသ အသီးသီးတွင် စစ်ရေးတင်းမာမှုများမှာ အဆမတန် မြင့်တက်လာခဲ့သည်။

အပစ်အခတ်ရပ်စဲထားသည် ဟု ကြေညာထားသော ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် မြန်မာ စစ်အစိုးရက လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေ၍ သဘောတူညီမှု ချိုးဖောက်နေ သည် ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်ကြောင်း အတည်ပြုခဲ့သည်။

မြန်မာစစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား ငြိမ်းချမ်းရေးကို ကြားဝင် ညှိနှိုင်း ပေးခြင်းသည် တရုတ်အတွက် နာမည်ကောင်းတခု ဖြစ်လာသည်။ သို့သော် လက်တွေ့တွင် အပစ်အခတ်ရပ်စဲရေးကို မည်သည့်အချိန်အထိ လုပ်ဆောင်မည်၊ အချိန်ကာလ ဘယ်လောက်ကြာမည်၊ သဘောတူညီချက် ချိုးဖောက်သော အဖွဲ့များရှိလာခဲ့လျှင် မည်ကဲ့သို့ ဖြစ်လာမည် ဆိုသော အချက်များမှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာသည်။ ယာယီသဘောတူချက်များ အပါအဝင် အစောပိုင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များသည် ၂၀၂၃ ဒီဇင်ဘာ တွင် ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။

တရုတ်သည် ဆော်ဒီအာရေးဗီးယားနှင့် အီရန်တို့ကြား သဘောတူညီချက်ရရန် ယမန်နှစ်က ကြားဝင်စေ့စပ်ခဲ့ပြီးနောက် ကမ္ဘာ့ ဆွေးနွေးပွဲများတွင် အဓိကနေရာမှ ပါဝင်ရန် ကြိုးပမ်းလာသည်။ ရုရှား-ယူကရိန်းနှင့် အစ္စရေး-ဟားမတ်စ်စစ်ပွဲများတွင် ကြားနေအဖြစ် ပါဝင်ရန် ကြိုးစားခဲ့သော တရုတ်သည် အနောက်အုပ်စုများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ပဋိပက္ခနှစ်ရပ်လုံးတွင် တရုတ်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများသည် ထင်သာမြင်သာသော ရလဒ် အနည်းငယ်သာ ထွက်ပေါ်လာခဲ့သည်။

အစောပိုင်းတွင် ပဋိပက္ခများ၌ ဝင်ရောက်မစွက်ဖက်ခြင်း ဟူသော ချဉ်းကပ်မှု မှ ကြားဝင်ဖျန်ဖြေပေးသူ အထိ ပါဝင်လာသော တရုတ်၏ လှည့်ကွက် နောက်ကွယ်ရှိ ရည်ရွယ်ချက် အစစ်အမှန်မှာ သံသယပွားဖွယ် ဖြစ်သည်။ တရုတ်သည် ၂၀၂၁ မတ် တွင် စစ်အစိုးရ၏ အရပ်သားများအပေါ် အကြမ်းဖက်မှုကို ရှုတ်ချခဲ့ပြီး ၎င်းတို့နှင့် ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်း၍ ပြည်ပရောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် ထိတွေ့ဆက်ဆံခဲ့သည်။

ထို့နောက် တရုတ်သည် ၂၀၂၃ တွင် သံတမန်ရေး လမ်းကြောင်း အသစ်ဖြင့် ထောက်ခံမှု သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ၂၀၂၃ ဧပြီတွင် ယူနန်ပြည်နယ်၏ တရုတ်ကွန်မြူနစ်ပါတီ (CCP) ကော်မတီ အတွင်းရေးမှူး ဝမ်နင်း နေပြည်တော်သို့ ရောက်ရှိလာပြီးနောက် တရုတ် ၏ သဘောထား စတင် ပြောင်းလည်းလာခဲ့သည်။

ထိုလနှောင်းပိုင်းတွင် မင်းအောင်လှိုင်ထက် တရုတ်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးရှိသည့် ယခင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရန် CCP သံတမန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ၎င်းသည် သမ္မတဟောင်း ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ဖူးသည်။ အဆိုပါ တွေ့ဆုံပွဲသည် တရုတ်နှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ရန် ယခင်ခေါင်းဆောင်များ မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အကြံပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းဒေသများရှိ လက်နက်ကိုင် ပဋိပက္ခများကို ညင်သာစွာ အဆုံးသတ်ရန်နှင့် ဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စေရန် တက်ကြွသော အခန်းကဏ္ဍမှ တရုတ် ပါဝင်နေခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးထက် ကျော်လွန်သော ပထဝီဝင်နိုင်ငံရေး အကျိုးစီးပွားကို ဖော်ဆောင်နိုင်သည် ဟု ဝေဖန်သူများက ဆိုသည်။

ကမ္ဘာ့သြဇာလွှမ်းမိုးမှု၊ စီးပွားရေးလွှမ်းမိုးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများ ချဲ့ထွင်လိုသော တရုတ်၏ ရည်မှန်းချက်များကို အနောက်နိုင်ငံမှ ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။ တရုတ်သည် နိုင်ငံတကာ စင်မြင့်ထက်တွင် အခိုင်အမာ ရပ်တည်နိုင်ရန် ကြိုးစားနေသောကြောင့် အထူး သဖြင့် ပထဝီနိုင်ငံရေး အကျိုးစီးပွားများ နှင့် ဆက်စပ်သော ဒေသများတွင် ၎င်း ၏ တက်ကြွလှုပ်ရှားမှုများ ကို အနောက်နိုင်ငံများက အနီးကပ် ဆန်းစစ်နေသည်။

ထို့ပြင် တရုတ်ဦးဆောင်သော ကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းမှုများသည် စစ်အာဏာရှင်များနှင့် အာဏာရှင် အုပ်ချုပ်ရေးစနစ် အပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိနေသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းအား ထောက်ခံသူအချို့ထံမှပင် နုတ်ထွက်ရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။ မြန်မာစစ်တပ်သည် ယခုအခါ အရှက်ရဖွယ် အရှုံးများနှင့် သာ ရင်ဆိုင်နေရပြီး စစ်တပ် ပြိုကွဲပျက်စီးအောင် လုပ်ဆောင်ခဲ့သော မင်းအောင်လှိုင်ကို အရည်အချင်းမရှိသူ၊ တကိုယ်ကောင်းဆန်သူ၊ မပြတ်သားသူ၊ စွမ်းဆောင်ရည်မရှိသူ အဖြစ် ဝေဖန်ချက်များအား မြန်မာသတင်းစာမျက်နှာများတွင် ဖော်ပြလာကြသည်။

“ဦးမင်းအောင်လှိုင် သုံးနှစ် ဆိုတဲ့ အချိန်ကာလ က လုံလောက်ပါပြီ” ဟု စစ်အစိုးရ ထောက်ခံသူ မောင်မောင်က ၎င်း၏ YouTube ချန်နယ်တွင် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။ စစ်ကောင်စီ သည် သုံးလ အတွင်း နိုင်ငံတဝန်းရှိ မြို့ပေါင်း ၃၀ ခန့်၊ အခြေစိုက်စခန်းများနှင့် ကင်းစခန်း ရာပေါင်းများစွာကို ထိန်းချုပ်မှု ဆုံးရှုံး၍ တောင်လှန်ရေးတပ်ဖွဲ့များထံ လက်လွှတ်ပေးခဲ့ရသည်။

တရုတ်ကြားဝင် ညှိနှိုင်းပေးသည့် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုသည် စစ်အစိုးရနှင့် စစ်အာဏာရှင်တို့ အတွက် အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်သည်။ ထို့ပြင် ရှမ်းပြည်မြောက်ပိုင်း ဟိုပန်နှင့် ပန်လုံမြို့ များကို အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သို့ စစ်အစိုးရက အုပ်ချုပ်ခွင့် လွှဲပြောင်းပေးအပ်ခဲ့ရပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို သံလွင်မြစ် အရှေ့ဘက်ခြမ်းအထိ တိုးချဲ့ခဲ့သည်။ အဆိုပါမြို့နှစ်မြို့ကို စစ်အာဏာရှင်တပ်သား ၇၀၀ ကျော် လက်နက်ချပြီးနောက် ရက္ခိုင့်တပ်တော် (AA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တ‌အာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ ပါဝင်သော ညီနောင် မဟာမိတ်အဖွဲ့က ဇန်နဝါရီ ၅ တွင် သိမ်းယူခဲ့ပြီး ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အပစ်အခတ် ရပ်စဲရေးကို နှစ်ဘက်စလုံးက ချက်ချင်း အကောင်အထည်ဖော်ရန်၊ နှစ်ဘက်စစ်တပ်များကို ဖယ်ရှားရန်နှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းရေး ညှိနှိုင်းမှုများဖြင့် ဖြေရှင်းရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မြောင်နင်း က အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

သဘောတူညီချက်ကို တက်တက်ကြွကြွ အကောင်အထည်ဖော်ရန် နှင့် ပြဿနာများကို စေ့စပ်ညှိနှိုင်းမှုဖြင့် တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ဖြေရှင်းရန် အဖွဲ့အားလုံးကို ၎င်းက တောင်းဆိုခဲ့သည်။ နယ်စပ်အနီး နေထိုင်သော တရုတ်လူမျိုးများ၏ လုံခြုံရေးနှင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေး အတွက် နှစ်ဘက်လုံးက ကတိပြုခဲ့ကြသည်။

စေ့စပ်ညှိနှိုင်းမှုအတွက် တရုတ်၏ ကြိုးပမ်းအားထုတ်မှုများသည် စီးပွားရေးနှင့် ကုန်သွယ်မှု အကျိုးစီးပွားများ အပါအဝင် ကိုယ်ကျိုးစီးပွားအတွက် အဓိက လှုပ်ရှားမှု ဖြစ်ကြောင်း ဒေသတွင်း ကျွမ်းကျင်သူများက ပြောသည်။ မြန်မာစစ်အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များကြား လက်နက်ကိုင် ပဋိပက္ခများကြောင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မှုတွင် နေ့စဉ် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ဆုံးရှုံးနေရပြီး မြန်မာဘက်တွင် ပိုမို နစ်နာရကြောင်း ဖော်ပြကြသည်။ သို့သော် တရုတ်၏ ကြိုးပမ်းမှုသည် ပဋိပက္ခအပေါ် သိသိသာသာ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။