စစ်ကောင်စီ အာဏာစက် လုံးဝချုပ်ငြိမ်းသွားတဲ့ ပလက်ဝ

ပလက်ဝကိုသိမ်းပိုက်ပြီးနောက် ရရှိသည့်လက်နက်ခဲယမ်းများ/ဓာတ်ပုံ – AAInfoDesk

ဓားရိုင်း

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ သုံးနိုင်ငံနယ်စပ်ကအရေးပါတဲ့ ပလက်ဝဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက် နိုင်ပြီဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်(AA)က ဇန်နဝါရီ ၁၄ ရက်မှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့တာတွေ့ရပါတယ်။ ပလက်ဝဒေသတစ်ခုလုံးမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား နဲ့ အာဏာစက် လုံးဝချုပ်ငြိမ်းသွားပြီဖြစ်တယ်လို့ လည်းဖော်ပြခဲ့ပါတယ်။ ပလက်ဝမြို့နယ်ကို ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကစပြီး ရက္ခိုင့်တပ်တော်(AA)ကထိုးဖောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အဓိကဗျူဟာကုန်းတွေဖြစ်တဲ့ တရွန်အိုင်နဲ့ နှုံးဘူးဗျူဟာကုန်အပါ အဝင် တပ်စခန်းနဲ့ ဗျူဟာကုန်းတွေကို စစ်ကောင်စီဘက်ကတစ်ခုပြီးတစ်ခုလက်လွှတ်ခဲ့ရပြီးနောက် နှစ်လကျော် အကြာ ဇန်နဝါရီ ၁၄ ရက်မှာ ရက္ခိုင့်တပ်တော်(AA)က ပလက်ဝမြို့တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့တာပါ။

ပလက်ဝမြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် AA အနေနဲ့ စစ်ကောင်စီ ဗျူဟာကုန်း၊ အထိုင်စခန်းကုန်း အများ အပြားကို နှစ်ရှည်လများ ဗျူဟာမြောက်စွာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီးနောက် အခုတစ်ကြိမ်စစ်ဆင်ရေး ၁၀၂၇နဲ့အတူ ဟန်ချက်ညီစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တာဖြစ် ပါတယ်။ ပလက်ဝဒေသက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် နှမဒါ ဗျူဟာနဲ့ ခန်ခတောင် ဗျူဟာစခန်းတို့ကို ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ပလက်ဝဒေသတစ်ခုလုံးကို စစ်ကောင်စီ လုံးဝကင်းစင်ဒေသအဖြစ် ရက္ခိုင့်တပ်တော်(AA)ကကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ခန်ခတောင်ဗျူဟာ စခန်း သိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်သားတွေကတော့ အိန္ဒိယ နိုင်ငံဘက်ကို ထပ်ပြီးထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

ပလက်ဝမြို့ပတ်ဝန်းကျင်မှာ ခလရ(၂၈၉) တပ်ရင်းဌာနချုပ်၊ စကခ(၁၉) ရှေ့တန်းတပ်မဟာဌာနချုပ်နဲ့ တပ်မ(၁၁) လက်အောက်ခံတပ်ရင်းတွေက မြို့ကိုဗဟိုပြုပြီး အရပ်လေးမျက်နှာမှာတပ်ဖြန့်ထားခဲ့တာပါ။ ခလရ(၂၈၉)တပ်ရင်း ဌာနချုပ်ဟာ ပလက်ဝဒေသက တပ်စခန်းတွေအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေတဲ့ အဓိကတပ်မဌာန ချုပ်ဖြစ်ပြီး တပ်မမှူးတွေ ပူးတွဲကြီးကြပ်ကွပ်ကဲနေတဲ့ စစ်ဗျူဟာကုန်းလည်းဖြစ်ပါတယ်။ စကခ(၁၉)နဲ့တပ်မ(၁၁) တို့က တပ်မမှူးတွေအားလုံး မြို့မှာအတူရှိနေတာကြောင့် ပလက်ဝမြို့ဟာ စစ်ကောင်စီရဲ့ အကြီးဆုံးဗျူဟာ စခန်း ကုန်းလည်းဖြစ်ပါတယ်။ အဲဒီလိုစစ်ဗျူဟာကုန်းကို ဇန်နဝါရီ ၁၀ ရက် မနက် ၇ နာရီကျော်မှာ AA ကအပြီးသတ်သိမ်း ပိုက်ရယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါ တယ်။

ဒီတပ်ရင်းဟာ ပလက်ဝဒေသတစ်ခုလုံးနဲ့ အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်- မြန်မာ သုံးနိုင်ငံနယ်စပ်အထိ သူတို့ရဲ့ စစ်စခန်းတွေကို ထောက်ပို့ပေးနေတဲ့ ထောက်ပို့ဗျူဟာကုန်းလည်းဖြစ်ပါတယ်။ လက်ရှိမှာ ပလက်ဝဒေသတစ်ခု လုံးက စစ်ကောင်စီစခန်း တစ်ခုမကျန်၊ စစ်သားတစ်ယောက်မကျန် AA ကတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ အာဏာစက် လုံးဝချုပ်ငြိမ်းသွားခဲ့ပြီဖြစ်ပါတယ်။ စစ်ကောင်စီဘက်က တစ်ယောက်ချင်း (ဒါမှမဟုတ်) အုပ်စုငယ်တွေ ထွက်ပြေးလွတ်မြောက်နေတဲ့တပ်ဖွဲ့ဝင်တွေမှာ လက်နက်ရှိနိုင်တာကြောင့် ဒေသခံ တွေအနေနဲ့ အထူးသတိထားကြဖို့နဲ့ အသွားအလာ သတိထားဖို့ကိုလည်း AA က အသိပေးထားတာတွေ့ရပါတယ်။

ပလက်ဝမြို့မှာ စခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲနေချိန်မှာ စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ်အဆင့်သူတစ်ယောက်ကို လည်း ရက္ခိုင့်တပ်တော်(AA)က အရှင်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရတော့ ပလက်ဝမြို့နယ်မှာ စစ်ဆင်ရေးဝင်နေတဲ့ စစ်ကောင်စီ တိုက်ခိုက်ရေးတပ်မတစ်ခုဖြစ်တဲ့ မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ကိုဖမ်းဆီးရမိခဲ့တာလို့သိရပါတယ်။ ဇန်နဝါရီ ၁၁ ရက် ညပိုင်းက ပလက်ဝမြို့မှာ စစ်ဆင်ရေးဝင်ရောက်နေတဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ ရှေ့တန်း စခန်းကို AA ကဝင်ရောက်တိုက်ခိုက်ပြီးနောက် ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ထွက်ပြေးသွားခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ရက္ခိုင့်တပ်တော်(AA)ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပလက်ဝဒေသ ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်အခြမ်းကို စစ်ကောင်စီတပ်သား ၂၇၈ ယောက် လက်နက်တွေနဲ့အတူ ထပ်မံထွက်ပြေးလာခဲ့တယ်လို့လည်း အိန္ဒိယသတင်းဌာနတွေက ဖော်ပြခဲ့တာတွေ့ရပါတယ်။ အဲဒီ စစ်ကောင်စီ တပ်သားတွေဟာ ဇန်နဝါရီ ၁၇ ရက်က မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ အာသံရိုင်ဖိုင်တပ်ဖွဲ့ထံမှာ လက် နက်ချပြီး ဝင်ရောက်လာခဲ့တာလို့ဆိုထားပါတယ်။ ရက္ခိုင့်တပ်တော်(AA)က ပလက်ဝဒေသတစ်ခုလုံးကို ထိုးစစ် ဆင်းတိုက်ခဲ့ပြီးနောက် နှမဒါဗျူဟာ၊ ခန်ခတောင်ဗျူဟာနဲ့ တရွန်အိုင်၊ နှုံးဘူးဗျူဟာကုန်းတွေကနေထွက်ပြေးလာ တဲ့ စစ်ကောင်စီတပ်သားတွေဖြစ်တယ်လို့တော့သိရပါတယ်။ အခုလို စစ်ကောင်စီတပ်သားတွေ အိန္ဒိယဘက်ကို ထွက်ပြေးလာတာဟာ ခြောက်ကြိမ်မြောက်ဖြစ်ပြီး ဒီတစ်ကြိမ်နဲ့ပါဆိုရင် ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား အရေအတွက်မှာ ၇၀၀ နီးပါးရှိခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့မဟာမိတ် အိန္ဒိယဘက်ကလည်း စစ်ကောင်စီ တပ်သားတွေကို စောင့်ရှောက်ပေးမှုတွေလုပ်ပြီး မကြာခဏဆိုသလို ပြန်ပို့ပေးနေခဲ့တာဖြစ်ပါတယ်။

ပလက်ဝမြို့ကိုသိမ်းယူပြီးနောက် ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ စစ်ကောင်စီ တပ်သားတွေအနေနဲ့ “မသေလိုလျှင် အလံဖြူထောင်ရန်၊ ထွက်ပြေးလိုလျှင် လမ်းဖွင့်ပေးပါ ခွင့်တောင်းရန်”ဆိုတဲ့ စာသားကို သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ကတစ်ဆင့် ပြောဆိုလိုက်တာတွေ့ရပါတယ်။ အဲဒီနေ့မှာပဲ ရသေ့တောင် မြို့မြောက်ပိုင်း မညှင်းတောင်မှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ကျော် ရက္ခိုင့်တပ်တော် (AA)ထံလက်နက်ချသွားခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ရှိတဲ့ထဲက ၁၂၀ ကျော် လက်နက်ချခဲ့ တာဖြစ်ပြီး ကျန်တဲ့ ၇၀ လောက်ကတော့ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇန်နဝါရီ ၁၆ ရက်မှာလည်း ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာအနီးက ခမရ(၅၃၉) တပ်ရင်းတစ်ခုလုံးလည်း ရက္ခိုင့်တပ်တော်(AA) ထံ လက်နက်ချခဲ့တာပါ။ အဲဒီစစ်ကော်စီတပ်ရင်းဟာ ရန်ကုန်-စစ်တွေ ကားလမ်းဘေး ကန်စောက်တောင်ခြေရင်း မှာ အခိုင်အမာတပ်စွဲထားတဲ့တပ်ရင်းဖြစ်ပြီး ကျောက်တော်မြို့နဲ့ အနီးဆုံးမှာရှိနေတဲ့ တပ်ရင်းလည်းဖြစ်ပါတယ်။ ကန်စောက်ကျေးရွာအနီးက ခမရ(၅၃၉)တပ်ရင်းနဲ့ အမှတ်(၃၇၇) အမြောက်တပ်ရင်းတို့ကို AA တပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၁၁ ရက်ကစတင်ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်မှာ အမြောက်တပ်ရင်းကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီး နောက် ပိတ်ဆို့ခံထားရချိန်မှာ ခမရ(၅၃၉) တပ်ရင်းလည်း လက်နက်ချအညံ့ခံခဲ့တာဖြစ်ပါတယ်။ အလားတူ ဇန်န ဝါရီ ၁၆ ရက်ကလည်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကျိန်းတောင်က စစ်ကောင်စီ လက်နက်ကြီးကုန်းကို AA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းနဲ့ အပြင်း အထန်ခုခံတိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ ကျိန်းတောင်မှာ အရှည် ခြောက်မိုင်၊ အကျယ် နှစ်မိုင်လောက်ရှိပြီး စစ်ကောင်စီတပ်ရဲ့ အမာခံ လက် နက်ကြီး တပ်စခန်းဖြစ်သလို တောင်အောက်မှာ ခမရ (၃၇၉)၊ ခမရ (၃၈၀)နဲ့ ခမရ (၅၄၁) တပ်တွေရှိနေတာပါ။ အဲဒီတပ်ရင်းတွေဟာ တပ်ရင်း (၃၇၉)ထဲမှာ စုပေါင်းပြီး ခုခံနေတာလည်းဖြစ်ပါတယ်။ ရသေ့တောင်မြို့နယ်၊ ရေစိုး ချောင်းဗျူဟာကုန်းစခန်းကနေဆုတ်ခွာထွက်ပြေးသွားတဲ့ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ ကျော် လည်း ဇန်နဝါရီ ၁၄ ရက်က AA ထံ လက်နက်ချခဲ့တယ်လို့သိရပြီး စစ်ကောင်စီဘက်ကတော့ ဒီသတင်းကိုငြင်းဆို ထားပါတယ်။ အဲဒီမတိုင်ခင် ဇန်နဝါရီလအစောပိုင်းကလည်း ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာ ကုန်းက စစ်ကောင်စီတပ်ဖွဲ့အားလုံး တစ်ယောက်မကျန်လက်နက်ချခဲ့တာဖြစ်ပါတယ်။

တရုတ်ရဲ့ဖိအားပေးမှုကြောင့် ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ယာယီအပစ်ရပ်ခဲ့ပြီးနောက် ချင်းပြည်နယ် ပလက်ဝဒေသနဲ့ ရခိုင်ပြည်နယ်ဘက်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ် ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်လာခဲ့တာလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာဆိုရင်လည်း ကျောက် တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို AA က ထိုး စစ်ဆင်တိုက်ခိုက်နေခဲ့ပြီး စစ်ကောင်စီကလည်း တပ်စခန်းတွေမကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အကြိတ်အနယ် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ ဂွ၊ သံတွဲ မြို့နယ်တွေမှာလည်း နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး စစ်ကောင်စီ ဘက်က ရေကြောင်းနဲ့ စစ်အင်အားဖြည့်တင်းနေပြီး မြို့ပေါ်မှာစစ်ရေးပြင်ဆင်မှုတွေတိုးချဲ့နေခဲ့တာဖြစ်ပါတယ်။ လက်ရှိတိုက်ပွဲအခြေအနေတွေအရတော့ ကျောက်တော်နဲ့ ရသေ့တောင်ဘက်က စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော်(AA)က ဆက်တိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်း တပ်ဖွဲ့အလိုက် လက် နက်ချ အညံ့ခံတာတွေလည်းရှိနေတာပါ။ ကျောက်တော်မြို့နယ်၊ တင်းမရွာအနီးက တောင်ရှည်တောင် (တင်းမဗျူ ဟာကုန်း)တိုက်ပွဲမှာ အထက်အမိန့်မရဘဲ တပ်ဆုတ်ခွာခဲ့တဲ့ တပ်မ(၁၁)ဗျူဟာမှူးကို နောက်တန်းပြန်ခေါ်ပြီး နေပြည်တော်မှာဖမ်းဆီးခဲ့တယ်လို့လည်းသိရပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်မှုတွေဆက်တိုက်ကြုံလာရတဲ့ စစ်ကောင်စီဟာ အခုနောက်ဆုံး ကစထ(၃)နေရာကို ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နဲ့ အပြောင်းအလဲ ပြုလုပ် ခဲ့တာတွေ့ရပါတယ်။ ကစထ(၃)ဆိုတာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို တိုင်း မှူးတွေအထက်ကနေပြီး စစ်ဆင်ရေးကွပ်ကဲရတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် စစ်ကောင်စီအနေနဲ့ ပလက်ဝ SOLD OUT ဖြစ်သွားအပြီးမှာ ရခိုင်ပြည်နယ်ကမြို့တွေ တစ်မြို့ပြီး တစ်မြို့ SOLD OUT ဖြစ်လာမှာကို စိုးရိမ်မှုလွန်ကဲနေခဲ့ပြီဆိုတာသေချာပါတယ်။