2023 Year in Review ၂၀၂၃ နှစ်ကုန်ခါနီး မြန်မာပြည်: မြင်ကွင်းကျယ်၊ ဦးစားပေးရမည့် အရာများ၊ စိန်ခေါ်မှုများနှင့် ရှေ့ဆက်ရမည့် ခရီး  (အပိုင်း ၄)

အီဂေါဗလာဇီဗစ်

မဇ္ဈိမ။ ။အာဏာသိမ်းပြီးနောက် အပြောင်းအလဲများစွာ ဖြစ်ခဲ့ရသော တရားဝင်မှုကိစ္စစစ်အာဏာသိမ်းပြီး သုံးနှစ်မြောက်ကိုရောက်လာတော့မယ့် အချိန်မှာတော့ ပါဝါရဲ့ အနိမ့်အမြင့် အတက်အကျသဘောတွေ ပြောင်းလဲလာခဲ့ပြီဖြစ်ကြောင်းကို စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ မဟာမိတ်တပ်ပေါင်းစုတွေမှာ ခေါင်းဆောင်နေရာယူထားတဲ့ နိုင်ငံရေးအဖွဲ့တွေမှာ ပါဝင်တဲ့ ဘယ်သူမဆို သတိထားကြရမှာပါ။

ပထမဆုံးတော့ လမ်းပေါ်ထွက်ပြီး တနိုင်ငံလုံး ဆန္ဒပြခဲ့ကြတယ်။ အများပြည်သူ အကြီးအကျယ် ပါဝင်ခဲ့တယ်။ အကြမ်းမဖက် အာဏာဖီဆန် (CDM) မှာလည်း ပါဝင်ခဲ့ကြတယ်။ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းတွေဟာ အင်မတန် တက်ကြွပြီး စုစည်းဆောင်ရွက်ကြတယ်။ ပြည်သူ့အာဏာဟာ ထိပ်တန်းရောက်လာခဲ့ပြီး နွေဦးတော်လှန်ရေးရဲ့ ခေါင်းဆောင်နေရာယူမယ့် အဖွဲ့အစည်းတွေကို မွေးထုတ်ခဲ့တယ်။ ဒီလိုနဲ့ –  NUG, CRPH နဲ့ NUCC တို့ ပေါ်လာခဲ့တယ်။ ဒီအဖွဲ့ သုံးခုစလုံးကို ပြည်သူတွေက ထောက်ခံကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကနေရခဲ့တဲ့ ထောက်ခံမှု၊ တရားဝင်မှုနဲ့လည်း ဆိုင်သလို အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုင်းပြည် အထဲနှင့် အပြင်ဘက်မှာ ရှိတဲ့ မြန်မာတွေက အားလုံးဝိုင်းပြီး ထောက်ခံတာလည်း တစိတ်တပိုင်းပါဝင်ပါတယ်။ လူထောင်ပေါင်း များစွာဟာ အန္တရာယ်ကို မမှုဘဲ လမ်းပေါ်ထွက်ပြီး အာဏာသိမ်းခြင်းကို လက်မခံဖို့ ၊ NUG ကိုပဲ အသိအမှတ်ပြုဖို့၊ ဖျက်သိမ်းလိုက်တဲ့ ပါလီမန်နေရာမှာ ပြည်သူကို ကိုယ်စားပြုဖို့ ဖြစ်တည်လာတဲ့ အဖွဲ့အစည်းအဖြစ် ထောက်ခံပေးဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ကြသလို၊ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးသမားတွေကို ကိုယ်စားပြုနိုင်ဖို့ ဆန္ဒပြခဲ့ကြတယ်။

NUG ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိလာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပြီးတော့ တခြားနိုင်ငံတွေရဲ့ အကူအညီတွေရဖို့ကိုလည်း လိုက်ပြီး ဆော်သြခဲ့တယ်။ ဒါပေမဲ့ အသိအမှတ် ပြုခံရဖို့က မဖြစ်လာခဲ့ပါဘူး။

စစ်တပ်ဟာ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ ကြိုးစားတယ်။ ရက်စက်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးအံတုမှုကို ဖြိုခွင်းဖို့ ကြိုးစားတာကြောင့်  လက်နက်ကိုင်ပြီးတိုက်တဲ့ လမ်းပေါ်ပေါက်လာပြီး တဖြည်းဖြည်း လက်နက်ကိုင်တပ်တွေ ကြီးထွားလာတယ်။ NUG အနေနဲ့ ဒါလမ်းကို လည်း လျှောက်ရမယ်လို့ ရပ်တည်မှုကို ပြခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်ဖို့ ကြိုးစားရတာလို့ အမည်တွင်စေခဲ့တယ်။

အမိန့်ပေးဦးစီးတဲ့ နေရာကနေ ဦးဆောင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ NUG မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရုန်းကန်ရမှာ အရင်းအမြစ်က အလုံအလောက်မရှိတာမို့ ခေါင်းဆောင်နေရာမှာ သူ့ကိုယ်သူ သြဇာညောင်းအောင်လုပ်ဖို့ အခက်အခဲတွေရှိပါတယ်။ အစောပိုင်းမှာ လက်နက်တွေ ခဲယမ်းမီးကျောက်တွေ မရှိခဲ့ဘူး။ ထုတ်လုပ်နိုင်တဲ့ အခြေအနေမရှိခဲ့ဘူး။ နယ်မြေကိုယ်ပိုင်မရှိတာမို့ တပ်တွေကို လေ့ကျင့်ပေးဖို့ နေရာ၊ ထောက်ပို့ ပင်မလမ်းကြောင်းတွေ၊ အခြေစိုက်နေရာတွေ လုပ်ဖို့ အခွင့်မသာပါဘူး။ တနိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ဖို့ ငွေရနိုင်လောက်အောင် လမ်းကြောင်းတွေကို မဖန်တီးနိုင်သေးဘူး။

လက်နက်ကိုင် တိုက်ရတဲ့ ပွဲမှာ EROs တွေရဲ့ ပါဝါနဲ့ သြဇာကြီးထွားလာစေပါတယ်။ သူတို့မှာ လက်နက်ရှိတယ်။ ခဲယမ်းရှိတယ်၊ထုတ်လုပ်တဲ့နေရာတွေရှိတယ်။ နယ်စပ်အဝင်အထွက်တွေကို ထိန်းထားနိုင်တဲ့ နေရာတွေရှိတယ်။ လေ့ကျင့်သင်ကြားပေးတဲ့သင်တန်းတွေလုပ်ဖို့ နယ်မြေရှိတယ်၊ ထောက်ပို့အခြေစိုက်စခန်းတွေရှိတယ်။ စစ်ရေးအတွေ့အကြုံအများကြီးရှိတယ်။ တော်လှန်ရေး တပ်ဖွဲ့များစွာဟာ NUGရဲ့ လိုလားချက်၊ ဗမာမြေပြန့်ရဲ့ ပုန်ကန်လိုမှုနဲ့ EROs တွေ ဆန္ဒ အာသီသတွေ ဒီအားလုံးရဲ့ ပေါင်းစပ်မှုတွေဆုံပြီး ပေါ်ပေါက်လာခဲ့ပါတယ်။

အကျိုးရလဒ်ကတော့ စစ်တပ်ရဲ့ ပါဝါနဲ့ ထိန်းချုပ်ထားနိုင်မှုဟာ သိသိသာသာကို ကျဆင်းလာပါတယ်။ ERO ထိန်းချုပ်ဒေသတွေမှာ လွတ်မြောက်နယ်မြေတွေက တဖြည်းဖြည်း များပြားလာခဲ့တယ်။ ကချင်၊ ချင်း၊ ကရင်နီနဲ့ အာရကန်မြေမှာ တိုင်းရင်းသားခေါင်းဆောင်မှုအောက်မှာ လွတ်လပ်လာတဲ့ နယ်မြေတွေ တဖြည်းဖြည်းပေါ်ပေါက်လာခဲ့တယ်။ လတ်တလောမှာတော့ ရှမ်းမြောက်မှာလည်း အလားတူ ဖြစ်ပေါ်လာခဲ့ပြီ။ ဝဒေသမှာကတော့ အရင်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ရေး ပီပီပြင်ပြင်ရှိ နေခဲ့ပြီးသားဖြစ်တယ်။

ဒီအတောအတွင်းမှာ NUCC လုပ်ငန်းစဉ်တွေ အကြောင်းအမျိုးမျိုးကြောင့် ရှေ့မရောက်ခဲ့တာရှိတယ်။ ခုချိန်ထိလည်းပြန်ပြီး မပွင့်သေးတဲ့ NUCC လုပ်ငန်းတွေရှိနေပါတယ်။

ဒီပြောင်းလဲနေတဲ့ ဖြစ်စဉ်တွေကပဲ နွေဦးတော်လှန်ရေးစတင်ခဲ့တဲ့ အချိန်ကာလတုန်းကနဲ့ မတူတဲ့ အခြေအနေတွေကို ဖြစ်ပေါ်လာစေခဲ့တာပါ။

NUG ရဲ့ အနေအထားက သူ့ မူဘောင်နဲ့သူတော့ အောင်မြင်လာပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပင် ဝေခွဲမရတဲ့ ဒွိဟတွေလည်း ပေါ်လာခဲ့တယ်။ NUG က တခြားပါဝင်နေတဲ့ အဖွဲ့အစည်းတွေအပေါ်မှာ အုပ်ချုပ်နိုင်စွမ်းရှိနေတဲ့ အဖွဲ့လား၊ ဒါမှမဟုတ် နိုင်ငံရေးလုပ်ပိုင်ခွင့်နဲ့ ရပ်တည်ပြီး  အပြန်အလှန် လေးစား မှုထားရတဲ့ တခြားအဖွဲ့အစည်းများစွာတွေလိုပဲ အများထဲက တစ်ခုလား။ ဒါမှမဟုတ် NUG က တော်လှန်ရေး အာသီသရှိကြတဲ့ သူတွေကြားမှာ မဟာမိတ်ဖွဲ့နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးပြီး ညီညွတ်မှုကို ထိန်းထားရုံသာ ဖြစ်ပြီး EROs တွေနဲ့ တခြား သီးခြားကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေတွေက ခေါင်းဆောင်တွေ၊ မြေပြင်က ပေါ်လာကြတဲ့ ကိုယ့်ဘာသာရှိနေကြတဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရေး ကောင်စီတွေအပေါ်မှာ ဘာသြဇာမှ သက်ရောက်စရာ မရှိတဲ့ အဖွဲ့လား။

ဒီလိုမသဲကွဲတဲ့ အခြေအနေဟာ NUG ကနေပဲ ဖြစ်လာတာတော့ မဟုတ်ပါဘူး၊ တခြားသော တော်လှန်ရေး အစုအဖွဲ့တွေက NUGကို ဘယ်အတိုင်းအတာနဲ့ နေရာပေးနိုင်သလဲဆိုတဲ့ အချက်တွေနဲ့လည်း ဆိုင်ပါတယ်။ တခြားသော အဖွဲ့အစည်းတွေက NUG ကို အုပ်ချုပ်မှုပေးတဲ့အဖွဲ့ လို့ မြင်သလား၊ ဒါမှမဟုတ် ညှိနှိုင်းဆောင်ရွက်ပေးတဲ့အဖွဲ့ လို့ မြင်သလား။

CRPH ရဲ့ အခန်းကဏ္ဍကတော့ ပိုပြီးတော့တောင် ပြဿနာများပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တဖြည်းဖြည်းနဲ့ CRPH ရဲ့ ဖြစ်တည်မှုက ရှေ့ဆက်သွားကြဖို့လမ်းမှာ ပိတ်ဆို့ထားတဲ့ အတားအဆီးလို ဖြစ်လာတယ်။ တော်လှန်ရေးရဲ့ မီးရှူးတန်ဆောင် ရှေ့ဆောင်လမ်းပြ အနေနဲ့ တော်လှန်ရေးကို အဓိက မောင်းနှင်ပေးသူအဖြစ် တွဲဖက်နေရာယူ နိုင်ရမယ့်အစား အတိတ်က အုပ်ထိန်းသူလို အခြေအနေကို ရောက်လာတယ်။

တရားဝင်မှုကို ဖန်တီးပေးသည့် အခြေအနေသုံးရပ်

လက်ရှိနိုင်ငံရေး ဖြစ်စဉ်ကို ရှေ့ဆက်တိုးဖို့အတွက် တွန်းတွန်းတိုက်တိုက်ဆောင်ရွက်နိုင်အောင် အပြန်အလှန် ယုံကြည်မှုရှိနိုင်ကြ‌ရေးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ကြရေး၊ နိုင်ငံရေးသဘော တူညီချက်ချမှတ်နိုင်ရေးနဲ့ အနာဂတ် ကြားကာလ အစိုးရလမ်းစဉ်များ ဘယ်လိုပုံစံရေးဆွဲကြမယ် ဆိုတဲ့ အရေးတွေကို ဆက်လုပ်ကြရမှာပါ။ ဒီလုပ်ငန်းစဉ်တွေဟာ ရေရေရာရာ ခိုင်ခိုင်မာမာ ဖြစ်မှသာ အများယုံကြည်မှုကို ရနိုင်မှာပါ။ သံသယဝင်နေတဲ့ မြန်မာ့ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ချပြနိုင်ဖို့ဟာ အင်မတန်အရေးကြီးပါတယ်။ လက်ရှိ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ မဟာမိတ်တွေက လက်ရှိအခြေအနေမှာ ဒါကို နားလည်လက်ခံကြဖို့ လေးစားလိုက်နာကြဖို့ လိုပါတယ်။ ဒါမှသာလျှင် မြန်မာနိုင်ငံအရေးမှာ လိုအပ်နေတဲ့ တရားဝင်မှုနဲ့ အခွင့်အာဏာသုံးပိုင်ခွင့်တွေကို ရလာနိုင်မှာဖြစ်ပါတယ်။

တရားဝင်မှုနဲ့ အခွင့်အာဏာသုံးပိုင်ခွင့်တွေကို ရနိုင်တဲ့ ပထမဆုံးနေရာကတော့ ရွေးကောက်ပွဲတွေပါ။ ၂၀၂၀ ရွေးကောက်ပွဲသာ မဟုတ်ဘဲ သမိုင်းကိုကြည့် ရင် NLD ဟာ စစ်တပ်ရဲ့ ပါတီတွေကို သုံးကြိမ်သုံးခါ အပြတ်အသတ် အနိုင်ရခဲ့ဖူးပါတယ်။ နှစ်ပေါင်း ၃၀ လောက်မှာ NLD ဟာ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီ ပါတီဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီကိုထောက်ခံတဲ့ ပြည်သူတွေရဲ့ လှိုက်လှိုက်လှဲလှဲ ထောက်ခံမှုကို ရရှိခဲ့ ရရှိနေဆဲဖြစ်ပါတယ်။ ဒါက တရားဝင်မှုနဲ့ လုပ်ပိုင်ခွင့်ကို ရနိုင်တဲ့ ပထမ အကြောင်းရင်းဖြစ်ပါတယ်။  ဒါကို ဘယ်သူကမျှ လက်လွတ်စပယ် ပစ်ပယ်ရန် ကြိုးစားမည်မဟုတ်ပေ။ ထိုသို့ လုပ်ဆောင်မယ့် သူများအတွက် ကောင်းကျိုးထက် ဆိုးကျိုးများနိုင်သောကြောင့်ပင်။

တရားဝင်မှုနဲ့ အခွင့်အာဏာသုံးပိုင်ခွင့်တွေကို ရနိုင်တဲ့ ဒုတိယနေရာကတော့ တိုင်းရင်းသားတွေရဲ့ ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်ရေးမှာ မြှုပ်နှံခဲ့ခြင်းပါပဲ။ တချို့ဆိုရင် နှစ်ပေါင်း ၇၀ ကျော်လောက် အမျိုးသား လွတ်မြောက်ရေးအတွက် ကြိုးပမ်းလာခဲ့ကြရပါတယ်။ ဒီလို ပေးဆပ်ခဲ့ပြီး ရလာတဲ့ တရားဝင်မှုဟာ ခုချိန်မှာဆိုရင် EROsတွေရဲ့ နယ်မြေ ပိုမို ထိန်းချုပ်လာနိုင်မှုနဲ့အတူ ပိုပြီး ကျယ်ပြန့်လာပါပြီ။ ကြားကာလ တိုင်းသစ်ပြည်သစ် ဖြစ်တည်မှုကို တည်ဆောက်နေတဲ့ ဖြစ်စဉ်ဟာလည်း အရှိန်ရလာကြပါပြီ။  ဒီလို တည်ဆောက်လာနိုင်တဲ့ တိုင်းသစ်ပြည်သစ်ဟာလည်း နောက်ထပ် တရားဝင်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်လာနေပါပြီ။ ဒီလိုရလာတဲ့ လုပ်ပိုင်ခွင့်တွေ၊ တရားဝင်မှုတွေကို ဘယ်သူကမျှ မေးခွန်းထုတ်နိုင်စရာအကြောင်းမရှိပါဘူး၊ ပစ်ပယ်စရာ၊ မမြင်စရာ အကြောင်းမရှိပါဘူး။

တရားဝင်မှုနဲ့ အခွင့်အာဏာသုံးပိုင်ခွင့်တွေကို ရနိုင်တဲ့ တတိယအကြောင်းတစ်ခုကတော့ အထက်ကပြောခဲ့တဲ့ နှစ်ခုလောက် လက်ညှိုးထိုးပြီး ညွှန်ပြလို့မရတဲ့ အရာမျိုးပါ။ ဒါပေမဲ့ အထက်က နှစ်ခုလိုပဲ အရေးကြီးပါတယ်။ ခုချိန်မှာဆိုရင် မရေရာမှုတွေအများကြီးရှိနေသလို အန္တရာယ်ကလည်း သိပ်ကို ကြီးမားပါတယ်။ လူပေါင်းစုံ အစုအဖွဲ့ပေါင်းစုံဟာ ခေါင်းဆောင်တဲ့ နေရာတွေကို ယူထားကြတာရှိပါတယ်။ နွေဦးတော်လှန်ရေးရဲ့  ဦးဆောင်သူတွေလည်း ဖြစ်နေကြပါတယ်။ လက်နက်ကိုင် တော်လှန်ရေးစတင်ခဲ့တဲ့ အချိန်ကစလို့ မြေပြင်ပေါ်မှာ ရှိတဲ့  တိုက်ရေးခိုက်ရေး ခေါင်းဆောင်တွေနဲ့ ရပ်ရွာကို ကိုယ်ထူကိုယ်ထစုစည်းဆောင်ရွက်နေကြရတဲ့ သူတွေဟာ ပိုပြီး တရားဝင်မှုတွေ အသိအမှတ်ပြုခံရမှုတွေ ရရှိလာတယ်ဆိုတာကိုလည်းတွေ့ရပါတယ်။ သူတို့ဟာ အသိအမှတ်ပြု ခံထိုက်သလို ဒီတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေကြပြီး အနာဂတ် မြန်မာနိုင်ငံကို တည်ဆောက်နေကြသူတွေမို့ လေးစားထိုက်တဲ့ သူတွေဖြစ်ပါတယ်။

ခုချိန်မှာ အင်မတန် အရေးကြီးတာကတော့ အထက်မှာ ဖော်ပြခဲ့တဲ့တရားဝင်စေတဲ့ အကြောင်း တရားသုံးရပ်မှာ ဘယ်သူကမှ အမြတ်ဆုံးဆိုတာ မရှိပါဘူး။ အကြောင်းတရား တခုက နောက်နှစ်ခု ထက်ပိုပြီး မြင့်မြတ်နေတယ်လို့ မယူဆနိုင်ပါဘူး။ အဲဒီသုံးခု အချင်းချင်းပြိုင်ဆိုင်ကြမယ်ဆိုရင် ရလာနိုင်တဲ့ ရလဒ်က ဆိုးရွားစွာ အန္တရာယ်ရှိနိုင်ပါတယ်။ စိတ်ချယုံကြည်ရပြီး လက်တွေ့ လက်ခံနိုင်ကြတဲ့ နိုင်ငံရေး သဘောတူညီဆိုတာ သုံးဘက်သုံးတန် စလုံး က သည်းခံစိတ်ရှည်မှ ရနိုင်မှာပါ။ သုံးနားညီမျှ ဖြစ်မှာမို့ တြိဂံရဲ့ ထောင့်တစ်ခုကနေ အခြားထောင့်နှစ်ထောင့်ကို တန်းတူညီတူ ဆက်ဆံပြီး တရားဝင်မှုကိုလေးစားပေးမှ နိုင်ငံရေးသဘောတူညီချက်ဆီကို ရောက်ပါမယ်။

အဲဒီထဲမှာ တထောင့်ကနေ တခြားထောင့်နှစ်ခု အပေါ် စီးပိုးတာ၊  တခြား နှစ်ခုရဲ့ အထက်မှာ ရှိတယ် ဆိုတာမျိုး သဘောထားရင် အကျိုးဆက်ကတော့ အင်အား နှစ်ခြမ်းကွဲသွားပါလိမ့်မယ်။ ညီညွတ်မှုတွေ ပျက်ယွင်းပြီး နိုင်ငံရေးဖြစ်စဉ် ချိနဲ့ သွားနိုင်ပါတယ်။

ဘယ်လို‌ရှေ့ဆက်ကြမလဲ

စစ်တပ်ရဲ့ လက်ရှိ အကြမ်းဖက်စစ်ဟာ ကိုယ့်တိုင်းပြည်ကိုယ်ပြန်တိုက်နေတဲ့ စစ်ဖြစ်ပြီး ပြည်သူတွေ ဘက်က တိုက်နေရတဲ့ စစ်ကတော့ ယူနီဖောင်းဝတ်ထားတဲ့ ဝိသမစီးပွားရေးလုပ်နေတဲ့ လူဆိုးဂိုဏ်းရဲ့ လက်ကနေ တိုင်းပြည်လွတ်မြောက်ဖို့ လုပ်နေရတာ ဖြစ်တယ်။ ဒီစစ်နှစ်ခုဟာ ဦးတည့်ရာ လမ်းသုံးခုဆီကိုရောက်နိုင်တယ်။

ခက်ခဲ‌ပြီး ရှုပ်ထွေး နိုင်သော်လည်း ကောင်းမွန်တဲ့ဘက်ကိုရောက်နိုင်တဲ့ လမ်း – ပူးပေါင်းနေကြတဲ့ ဒီမိုကရက်တအုပ်စုနဲ့ တိုင်းရင်းသား ဖယ်ဒရယ် အင်အားစုတွေဟာ အခုရနေတဲ့ အရှိန်ကို ပိုမြင့်လာအောင်ကြိုးစားပြီး စကစကို ပိုပြီးအားနည်းလာ‌‌ အောင်၊ ပြိုကျသွားအောင် လုပ်ကြတဲ့ လမ်းပါ။ ရှုပ်ထွေးခက်ခဲတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးကို စကစပြိုအပြီးမှာ ဆက်လုပ်ကြဖို့ပါ။

နောက်ထပ် အ‌ခြေအနေမကောင်းတဲ့ ဘက်ရောက်သွားနိုင်တဲ့ လမ်းကတော့ စစ်အုပ်စုဟာ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းအစရှိတဲ့ အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ ဆက်ပြီး အာဏာမြဲနေမယ့်အနေအထားပါ။ စစ်တပ်ဟာ တိုင်းပြည်ရဲ့ နှစ်ပုံသုံးပုံကို သူ့အုပ်ချုပ်မှုအောက် တင်းတင်းကြပ်ကြပ် ပြန်ထည့်ထားနိုင်သွား နိုင်ပါတယ်။ တချို့ EAO တွေကတော့ သူတို့ကိုယ်ပိုင်နယ်မြေထဲမှာ လုပ်ပိုင်ခွင့်တွေ ပိုရလာနိုင်ပါတယ်။ ရုရှားနဲ့ အီရန်က ပြိုကျလုဆဲဆဲ အာဆတ်ရဲ့ အစိုးရကို ဝင်ကူလိုက်တဲ့ အတွက်ကြောင့် ဆီးရီးယားမှာ ဖြစ်ခဲ့တာနဲ့ ဆင်တဲ့ အခြေအနေပါ။ မြန်မာပြည်မှာလည်း ဒီလိုအခြေအနေ ဖြစ်မလာနိုင်ဘူးဆိုပြီး မစဉ်းစားဘဲ ဖယ်ထားလို့ မရပါဘူး။

အဆိုး ဆုံး တတိယလမ်း- စစ်တပ်ရဲ့ ဖိနှိပ်မှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့  ဒဏ်တွေကြားမှာ
မတူညီတဲ့ တော်လှန်ရေး အင်အားစုအသီးသီးက ခံနေကြရပြီး တချိန်တည်းမှာပဲ အချင်းချင်း ကြားထဲမှာလည်း နိုင်ငံ‌‌ရေး သဘောတူညီချက်တခု မတည်ဆောက်နိုင်ကြဘူးဆိုရင် အပြင်ကလူတွေကလည်း လက်ရှိ တွေ့မြင်နေရတဲ့ ရုန်းကန်မှုတွေကို မစာနာဘဲ စွန့်ခွာသွားတာပါ။ တကယ် ထိရောက်အောင်ဆောင်ရွက်နိုင်တဲ့ မဟာမိတ်တွေ မဖွဲ့နိုင်ဘူးဆိုရင် စစ်တပ်ကို နိုင်အောင်တိုက်လို့မရပါဘူး။ အဲဒီလိုဆိုရင် ဘယ်သူမှ မနိုင်ဘဲ နောက်နှစ်နှစ် သုံးနှစ်လောက် အပျက်အစီး များလွန်းလှတဲ့ ပဋိပက္ခတွေ ဆက်ဖြစ်နေကြဦးမှဦပါ။ မြန်မာဟာ နောက်ဆုံးမှာတော့ လက်နက်ကိုင် စစ်တပ်တွေ များစွာက အစိတ်စိတ်အမွှာမွှာအုပ်ချုပ်တဲ့ တိုင်းနိုင်ငံငယ် ငါးခုနဲ့ ခုနစ်ခုကြား ပြိုကွဲသွားနိုင်ပါတယ်။ ဒီအခင်းအကျင်းဟာ လစ်ဗျားနဲ့ ဆူဒန်တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာမျိုးနဲ့ အသွင်တူနိုင်ပါတယ်။

ပထမဆုံး ဖြစ်လာနိုင်ခြေကတော့ လက်ရှိမှာ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ အကောင်အထည် အဖော်သင့်ဆုံးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလမ်းဟာ ဖြစ်ထွန်းပေါ်ပေါက်လာဖို့ မလွယ်ဘူး။ ရိုးရှင်းတဲ့လမ်းလည်း ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အကောင်းဆုံးလမ်းပါ။

ဒီလမ်းကို ဘယ်ကနေ စလျှောက်ကြမလဲဆိုရင်တော့ လက်ရှိ စစ်တပ်ကို ဆန့်ကျင်နေတဲ့ သူတွေအားလုံး ဘယ်လို အခြေအနေမှာမဆို လက်တွဲပူးပေါင်းနိုင်ကြဖို့ ဖြစ်ပါတယ်။ လက်ရှိ ပူးပေါင်း ဆောင်ရွက်မှုတွေကို တတ်နိုင်သမျှ ချဲ့ထွင်ရမယ်၊ လေးနက်စေရပါမယ်။ တဦးကို တဦး သံသယဟောင်းတွေ မယုံကြည်မှုတွေကို ပြန်ပြီး ပေါ်လာအောင်လုပ်ကြမယ့်အစား သံသယတွေ ဖယ်ထားပြီး ပူးပေါင်းဆောင်ရွက်ကြရမယ်။ ဖြစ်နိုင်တာ မှန်သမျှကို ဝိုင်းလုပ်ကြမယ် ဆိုတဲ့ အရင်ရှိထားတဲ့ ဒဏ်ရာတွေကို ဖယ်ကြမှ ရပါမယ်။ ပိုပြီးအရေးကြီးတာကတော့ အထက်မှာပြောခဲ့တဲ့ တရားဝင်စေတဲ့ အကြောင်းတရား ပုံစံ သုံးမျိုးစလုံးကို အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။ လက်ခံဖို့ လိုအပ်ပါတယ်။ သုံးပွင့်ဆိုင် သုံးနားညီ သည်းခံခွင့်လွှတ်ကြတဲ့ အစဉ်အလာမျိုးကို တမင်တကာကို သတိရှိရှိနဲ့ အားထုတ်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

NLD နိုင်ငံရေးခေါင်းဆောင်တွေအတွက် အလွန်အရေးကြီးတာကတော့ တိုင်းရင်းသား လူမျိုးစုတွေဘက်က ထားသင့်ထားထိုက်လို့ ထားကြရတဲ့ စိုးရိမ်မှုတွေကို ပြည့်ပြည့်ဝဝ နားလည်ကြဖို့ လိုတာပါ။ တိုင်းရင်းသား လူမျိုးစုတွေဟာ လူဦးရေနဲ့  ဖိပြီး အနိုင်ယူတတ်တဲ့ ဒီမိုကရေစီရဲ့ သဘောကို ကြောက်ပါတယ်။ NLD ဘက်က တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့်ကို တကယ် အလေးအနက် ထားပေးအပ်နိုင်ဖို့ နိုင်ငံရေးသတ္တိကောင်းကောင်းရှိကြဖို့  လိုပါတယ်။ “ ဒါကို ဒီလိုပြောခဲ့ပြီးသား၊ ဘယ်ထုတ်ပြန်ချက်မှာ ဘယ်လိုရေးထားတယ်၊ ဘယ်တုန်းကဘယ်လို ရေးသားခဲ့တယ်” ဆိုတာတွေကို ပြောနေရုံနဲ့ မရပါဘူး။ ထပ်ကာ ထပ်ကာ သန္နိဌာန်ခိုင်မာကြောင်းပြဖို့လိုပါတယ်။ ဒါကို NUG ထဲမှာ ပါဝင်တဲ့ လူတွေသာမကဘဲ အခြား NLD ခေါင်းဆောင်တွေကပါ ခိုင်ခိုင်မာမာဆောင်ရွက်ကြဖို့ လိုပါတယ်။

အခြားတဖက်မှာလည်း တိုင်းရင်းသားအစုအဖွဲ့တွေက နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ မြန်မာကို ကွန်ဖက်ဒရေစီပုံစံမျိုး တိုင်းနိုင်ငံငယ်တွေ အတူရှိကြတဲ့မူကိုပဲ လက်ခံမယ်ဆိုတာကို ရှောင်ရှား သင့်ပါတယ်။ မြန်မာပြည်မ နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ ဘယ်ခေါင်းဆောင်ကမှ ခုချိန်မှာ ဒီလို ဆုံးဖြတ်ချက်မျိုးကို ချနိုင်တဲ့ အခွင့်အာဏာရှိမနေကြဘူးဆိုတာကို တိုင်းရင်းသားခေါင်းဆောင်များက နားလည် သည်းခံသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်မနဲ့ ကမ်းရိုးတန်းဒေသတွေကို ဘယ်လို ပြန်လည် ဖွဲ့စည်းသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို လောလောဆယ်မှာ ဘယ်သူကမှ ချပေးနိုင်တဲ့အခြေအနေမှာ မရှိပါဘူး။ (ကွန်ဖယ်ဒရိတ်တွေလို ပေါင်းရုံပဲ ပေါင်းနေကြမယ်ဆိုတဲ့ အယူအဆကို ကျွန်တော်နောက် တခန်းမှာ ပိုပြီးဆွေးနွေးသွားပါဦးမယ်။)

လူမျိုးစုကို အခြေခံပြီး အမျိုးသားရေးကို တည်ဆောက်ကြဖို့ဆိုတာက မြန်မာနိုင်ငံရဲ့ တချို့ ဒေသ အစိတ်အပိုင်းတွေမှာပဲ အဆင်ပြေနိုင်မယ်ဆိုတာကို အားလုံးက နားလည်ကြဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ တချို့ ဖယ်ဒရယ်ယူနစ်တွေကို တိုင်းရင်းသားလူမျိုးစုနယ်မြေဆိုတဲ့အပေါ် အခြေခံပြီး တည်ဆောက်နိုင်ခဲ့မယ် ဆိုရင်တောင် စိန်ခေါ်မှုဟာ တော်တော်ကြီးကြီးမားမားရှိပါမယ်။ ဒါပေမဲ့ တချို့ ပြည်နယ်တွေကတော့ အင်မတန် လူမျိုးစုံလင်ပြီး ရောနှောနေကြပါတယ်။ လုံးဝ ဘယ်လူမျိုးက လူများစုဆိုပြီး ရှင်းရှင်းလင်းလင်း ခွဲခြားလို့မရတဲ့ နယ်မြေတွေတောင်ရှိပါတယ်။ ဒါ့ကြောင့်မို့ တိုင်းရင်းသား လူမျိုးစုကို အခြေပြုပြီး ဖယ်ဒရယ်ယူနစ်သတ်မှတ်တာဟာ ဒီမိုကရေစီ နိုင်ငံရေး သဘောတရားထဲမှာ အလုပ်မဖြစ်နိုင်ပါဘူး။

တိုင်းရင်းသား လူမျိုးစုအခြေပြု ဖယ်ဒရယ်စနစ်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေထဲက တချို့ကို ကျွန်တော် တင်ပြပါရစေ။ နယ်မြေတခုတည်းမှာ သိပ်သပ်သည်းသည်းနေထိုင်ကြတဲ့ လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားအုပ်စု တခုခုဟာ  ပြည်နယ် တခုတည်းမှာပဲ တခြားလူမျိုးစုတခုနဲ့ အတူတွဲပြီး နေထိုင်ရတယ်ဆိုပါတယ်။ အဲဒီပြည်နယ်မှာလည်း ဒုတိယလူမျိုးစုဟာ အဲဒီနယ်ရဲ့ လူများစုအုပ်စုကို ကိုယ်စားပြုတဲ့သူတွေဖြစ်တယ် ဆိုပါစို့။ ဒါပေမဲ့ အဲဒီနယ်က လူတွေက သမိုင်းကြောင်းအရ သူတို့က သြဇာရှိသောအနွယ် လူများစု ဖြစ်ကြောင်း ဒီနေရာကို ပိုင်ခဲ့ကြောင်း၊ ဒီနယ်ကို အုပ်ချုပ်ခွင့်ရသင့်ကြောင်း စသည်ဖြင့် တောင်းဆိုကြတယ် ဆိုပါစို့။ ဒီလိုလူမျိုးငယ် အမျိုးမျိုး အစားစားအုပ်စုတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့် ဒါမှမဟုတ် ပြည်နယ်ထူထောင်ခွင့်ကို တောင်းဆိုထား ကြတယ် ဆိုပါစို့။ မြန်မာပြည်မှာဆိုရင် ဒီလို လူမျိုးစုတွေ အများကြီးရှိနေကြပြီး သူတို့ဟာ ပြည်နယ် တခုရဲ့ နယ်နိမိတ်ထက်လည်း ကျော်လွန်ပြီး နေထိုင်ကြတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ သူတို့နေထိုင်တဲ့ နေရာမှာတော့ သူတို့ဟာ အရေအတွက်အရ လူနည်းစုမဟုတ်နေပါဘူး။ သူတို့နေထိုင်ရာ ပြည်နယ်နယ်နိမိတ်ကိုကျော်ကြည့်ရင်လည်း ကပ်လျက်အရပ်မှာ လူမျိုးတူ အုပ်စုတွေရှိနေပြန်တယ်။ ဒီအခြေအနေမျိုးဟာ နယ်နိမိတ်ကို အနာမခံဘဲ ဟိုဘက်သည်ဘက် သတ်မှတ်ကြဖို့မှာပင် အများကြီး တင်းမာမှုတွေဖြစ်နိုင်ပါတယ်။ လူမျိုးစုံ ရောနှောနေထိုင်တဲ့ နယ်တွေမှာ အင်မတန် အန္တရာယ်များပါတယ်။ လက်ရှိတိုက်နေတဲ့ ပဋိပက္ခတွေပြီးတာနဲ့ ပေါ်ပေါက်လာတဲ့ De facto  တိုင်းရင်းသားပြည်နယ်တွေမှာ စစ်ရေးနဲ့ အုပ်ချုပ်ရေးမှာ တိုင်းရင်းသား အုပ်စုတွေက နေရာရလာကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတိုင်းရင်းသား အုပ်ချုပ်ရေးအဖွဲ့တွေ နေရာရလာတဲ့ နယ်မြေ သို့မဟုတ် ပြည်နယ်တွေဟာ အနည်းဆုံး ယခင်ရှိခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းဖွဲ့စည်းပုံအရဆိုရင် de jure တော့ ဖြစ်သေးတယ်လို့ ပြောလို့မရပါဘူး။ နယ်မြေသစ်တွေ အများကြီး ပေါ်လာနိုင်သလို ပေါ်လာတဲ့နယ်မြေတွေထဲမှာ တော်လှန်ရေးကာလအလွန် တကယ် အုပ်ချုပ်နေတဲ့သူက လူနည်းစုတိုင်းရင်းသားထဲကဖြစ်ပြီး ယခင်ဖွဲ့စည်းပုံထဲကလို လူများစုနယ်မြေ မဟုတ်တော့တာကိုလည်း တွေ့နိုင်ပါတယ်။ 

နောက်ဆုံး အရေးကြီးတဲ့ အချက်တခုကတော့ ဒေသတခုမှာ အရင်က ကြီးစိုးခဲ့တဲ့ လူများစုတိုင်းရင်းသားတို့ဟာ ယခုအခါမှာတော့ နယ်မြေများစွာကို ပျံ့ကြဲရောက်ရှိနေထိုင်နေကြပြီး ထိုနယ်မြေတွေထဲမှာ အခြား လူမျိုးက အုပ်ချုပ်နေတဲ့အတွက်ကြောင့်  မိမိတို့ကို ဒုတိယတန်းစား နိုင်ငံသားသဖွယ် ဆက်ဆံခံရတာမျိုးပေါ်လာခဲ့ရင် လက်သင့်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ နောက်ပြီး အမျိုးသားရေးကို အကြောင်းပြတဲ့ လူကြိုက်များရေးဝါဒီတွေက လူမျိုးရေးကို သုံးပြီး ကစားနိုင်တဲ့အခြေအနေမျိုးမှာ ပြည်သူတွေက ဓားစားခံဖြစ်လာနိုင်တယ်။

မြန်မာနိုင်ငံရဲ့ အနေအထားမှာကတော့ ဖယ်ဒရယ်ယူနစ်အားလုံး တပုံစံတည်းဖွဲ့စည်းတာက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အားလုံးဟာ အလျှော့ပေးရတာတွေရှိနိုင်သလို တချို့ဆိုရင် မိမိတို့ ရနိုင်သမျှ အများဆုံးရအောင် တောင်းဆိုလာခဲ့ရာကနေ အလျှော့အတင်းပုံစံသစ်နဲ့ ညှိနှိုင်းရတာမျိုး တွေလည်း ရှိလာနိုင်ပါတယ်။

နွေဦးတော်လှန်ရေးကို ယုံကြည်ရတာကတော့ လက်ရှိ စစ်အုပ်စုကို တွန်းလှန်နေတဲ့ ပူးပေါင်း အင်အားစုတွေနဲ့ အတူတူရရှိလာတဲ့ အောင်ပွဲတွေဟာ ဒီနိုင်ငံရေး သဘောတူညီချက်တွေရလာဖို့ အခြေခံအုတ်မြစ်တွေ ဖြစ်လာအောင် တည်ဆောက်သွားပေးနိုင်မှာပါ။ ဒီနိုင်ငံရေးသဘောတူညီချက်က  အနာဂတ်ဖယ်ဒရယ်နဲ့ ဒီမိုကရက်တစ်မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ဆိုရင် အားလုံးတပုံစံတည်း တညီတည်းတော့ ဖြစ်မှာ မဟုတ်ဘူးဆိုတာကို လက်ခံကြဖို့ အခြေခံတွေဖြစ်လာကြပါလိမ့်မယ်။ ဒီလိုပန်းတိုင်ကိုရောက်ရှိအောင်လုပ်ရာမှာ၊ အသေးစိတ်တွေကို ဆက်ဆွေးနွေးရမယ့် နေရာမှာတော့ လမ်းလွဲတွေ ရောက်နိုင်ခြေတွေ အများကြီးက စောင့်နေကြပါတယ်။ ဒါ့ကြောင့် အားလုံးမှာ ကြီးမားတဲ့ ဉာဏ်ပညာ၊ သင့်တင့်စွာနှလုံးသွင်းတာ၊နိုင်ငံတည်ဆောက်သူ ပီသတာ၊ တာဝန်ယူ တာဝန်ခံတာ၊ အချိန်ကာလနဲ့ သင့်တင့်လျှောက်ပတ်တာ၊ အပေးအယူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်သူတွေဖြစ်တာ ဒါတွေအများကြီးလိုအပ်ပါတယ်။

ခုချိန်မှာ မြန်မာနိုင်ငံအနာဂတ်နဲ့ ပတ်သက်ပြီး စစ်တပ်ကို နိုင်အောင် တိုက်ရာမှာ အရေးအလွန်ကြီးတဲ့ ဘက်အသီးသီးက လိုလားနှစ်သက်တဲ့ မတူတဲ့ အယူအဆ သုံးခုရှိပါတယ်။ ပထမ အယူအဆကတော့ ယူနစ်အားလုံး ပုံစံတူဖြစ်တဲ့ လူမျိုးစုအခြေခံ ဖယ်ဒရယ်စနစ်ဖြစ်ပါတယ်။ ဒီနေရာမှာ ဖယ်ဒရယ် ပြည်နယ် အရေအတွက်နဲ့ ပတ်သက်လို့ စိတ်ကူးစိတ်သန်းတွေ တယောက်နဲ့ တယောက် မတူကြပါဘူး။

ဒုတိယ အယူအဆကတော့ ကွန်ဖယ်ဒရိတ် တည်ဆောက်ရေးပါ။ ကိုယ်ပိုင်ပြဌာန်းခွင့် မြင့်မားစွာရှိပြီး တိုင်းရင်းသား ပြည်နယ်တွေ အပေါ်ကို ဗဟိုအာဏာသက်ရောက်စရာ အကြောင်း သိပ်မရှိတဲ့  အတူတူယှဉ်တွဲနေထိုင်ခြင်းပုံစံပါ။ နောက်ဆုံးအယူအဆကတော့ နိုင်ငံတခုတည်းမှာ ပုံစံမတူတဲ့ ဖယ်ဒရယ်စနစ်များစွာ ပေါင်းစည်းထားတဲ့ပုံစံပါ၊ ဒီစနစ်မှာတော့ တချို့ယူနစ်တွေဟာ လူမျိုးရေးကို အခြေခံတဲ့ မူနဲ့ ဖယ်ဒရယ်ပုံစံဖွဲ့စည်းမှာဖြစ်ပြီး တချို့ကတော့ နယ်မြေအခြေခံတဲ့ မူနဲ့ ဖွဲ့စည်းထားဖို့ ဖြစ်ပါတယ်။

လူမျိုးရေးကွဲပြားစုံလင်တဲ့ပဋိပက္ခအလွန်လူ့အဖွဲ့အစည်းတွေအကြောင်းကို လေ့လာတဲ့ နိုင်ငံအင်စတီးကျူးရှင်းတည်ဆောက်ရေးမှာ ကျွမ်းကျင်တဲ့ ပြင်ပက ပညာရှင်တွေကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အဆိုပြု အကြံပေးထားကြတာတွေရှိပါတယ်။ မြို့နယ် အဆင့်နဲ့ ဒေသန္တရ အုပ်ချုပ်ရေးပုံစံတွေအထိ ဗဟိုထိန်းချုပ်မှုကို များစွာ လျှော့ချထားတဲ့ အခြားနေရာက အတွေ့အကြုံတွေလည်း လေ့လာကြဖို့တိုက်တွန်းထားကြပြီး စဉ်းစားသင့်တဲ့ အယူအဆလည်း ဖြစ်ပါတယ်။

လက်ရှိ မပြီးသေးတဲ့ စစ်နဲ့ အဆုံးမသတ်နိုင်သေးတဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေကြားထဲမှာ ကျွန်တော် ထင်ထာကတော့ အထက်ကပြောခဲ့တဲ့ ဖယ်ဒရယ် အယူအဆတွေကို ဆွေးနွေး ညှိနှိုင်း တိုင်ပင်ကြဖို့ဆိုတာ တော်တော် ခက်နေပါသေးတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ အချင်းချင်း လုံလုံခြုံခြုံ တွေ့ပြီး စကားပြောကြဖို့ ညှိနှိုင်းဆွေးနွေးကြဖို့ အခြေအနေက မပေးနေပါဘူး။

ခုချိန်မှာ လက်တွေ့ကျတဲ့ နည်းလမ်းတခုကတော့ လက်ရှိသဘောတူထားတဲ့ အချက်တွေအပေါ်မှာ မဟာမိတ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ခိုင်ခိုင်မာမာဖြစ်အောင် တည်ဆောက်ပြီး လိုအပ်ရင် လိုအပ်သလို တဖက်က အာရုံထားတဲ့ တောင်းဆိုမှုကို တဖက်ကစဉ်းစား ဖြည့်ဆည်းဖို့ အပြန်အလှန် သေချာ အောင် လုပ်ကြရပါမယ်။ ရန်သူကိုအောင်နိုင်ဖို့ ဒီလောက်က စတင်ကြရပါမယ်။

ရန်သူကိုအောင်နိုင်ဖို့အတွက်ဆိုရင် လက်ရှိတွန်းလှန်မှုရဲ့ မျက်နှာစာအသီးသီးကိုပေါင်းစပ်ပြီး မဟာဗျူဟာထဲ ထည့်သွင်းဖို့ လိုပါတယ်။ ရှေ့ဆက်ရမယ့်လမ်းမှာ အရေးကြီးတဲ့ တော်လှန်ရေး မျက်နှာစာတွေကတော့

-လက်ရှိ လက်နက်ကိုင်တော်လှန်ရေး – စစ်တပ်ရဲ့ အားနည်းချက်တွေနဲ့ စစ်တပ်ကို သက်ဆိုးရှည်အောင် လုပ်ပေးနေတဲ့ လမ်းကြောင်းတွေကို ဆက်တိုက်နိုင်ဖို့အတွက် နောက်ထပ် လှိုင်းအချို့ကို ပူးပေါင်းဆောင်ရွက်ပြီး ရှေ့တန်းနေရာပေါင်းစုံက တိုက်ကြဖို့လိုပါတယ်။ ဒီအဘက်ဘက်က လာတဲ့ စစ်ရေးဖိအားနဲ့ ထိထိမိမိ လုပ်နိုင်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ သတင်း အချက်အလက်ပိုင်းက တိုက်ခိုက်မှုတွေအားဖြင့်လည်း စစ်တပ်က ရာထူးရာခံ အကြပ် တပ်သားတွေ ကို မင်းအောင်လှိုင်နဲ့ ခြစားနေတဲ့ ဗိုလ်ချုပ်တွေကို စွန့်ခွာဖို့ လှုံ့ဆော်ရမှာဖြစ်ပါတယ်။

-နိုင်ငံရေးမဟာမိတ်ဖွဲ့ခြင်း – စစ်တပ်ကို တွန်းလှန်နေကြတဲ့သူတွေရဲ့ စိတ်လိုလက်ရ မဟာမိတ် ဖြစ်တည်လာမှုဟာ ခိုင်မာပြီး ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်နေကြောင်း ပြည်တွင်းမှာရော နိုင်ငံတကာမှာရော နားဝင်အောင်လုပ်နေဖို့လိုအပ်ပါတယ်။ ဒီမဟာမိတ်ဟာ နိုင်မြင်းသာ ဖြစ်ကြောင်း၊ အကူးအပြောင်းကာလကို အုပ်ချုပ်သူတွေဖြစ်လာနိုင်တဲ့ ဒီမဟာမိတ်အဖွဲ့တွေဟာ စစ်ကောင်စီပြိုကျပြီးရင်လည်း ကောင်းစွာ အုပ်ချုပ်နိုင်ကြမှာ ဖြစ်ကြောင်းသိစေဖို့လိုပါတယ်။

-လက်ရှိ ပြည်သူ့ဆန္ဒ ဖော်ထုတ်ခြင်းဖြင့် ဆန့်ကျင်ခြင်း ၊ပြည်သူများပါဝင်ခြင်း- နောက်ထပ် ခြောက်လကနေ ရှစ် လအတွင်း ပြည်သူအများပါဝင်တဲ့ စုပေါင်းတော်လှန်ရေး လှုပ်ရှားမှုတစုံတရာ ပေါ်လာရင် ကောင်းပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒကို ပြည်တွင်းမှာရော နိုင်ငံတကာကရော သိရှိဖို့ လိုပါတယ်။

အကယ်၍ အိမ်နီးချင်းနိုင်ငံတွေက စစ်တပ်ကို လာပြီး ကယ်ဆယ်ဖို့များကြိုးစားကြမယ် ဆိုရင် ဒါမှမဟုတ် ဒေသတွင်းက NUG နဲ့ EROs တွေကို စကစ နဲ့ ညှိကြဖို့ စတင်ပြီး ဖိအားပေးလာခဲ့တယ်ဆိုရင်၊ နိုင်ငံရေး အံတုမှုလုပ်ငန်းအုပ်စုတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ဒါကို ပြန်ပြီး တွန်းဖို့ ပြည်သူ့ဆန္ဒပြသတဲ့နည်းလမ်းတွေ ဖော်ထုတ်ဖို့ လိုပါတယ်။ စစ်ကောင်စီကို အသက်ဆက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ နိုင်ငံခြားသားတွေက ဝင်ပြီးအဆုံးအဖြတ်ပေးကြမှာကို ခွင့်မပြုသင့်ပါဘူး။

-စစ်အစိုးရရဲ့ ဝင်ငွေရလမ်းရပေါင်းစုံတွေကို ဖြတ်တောက်ပစ်ခြင်း- စစ်တပ်ဟာ ငွေခမ်းစ ပြုနေပါပြီ။ စိတ်ဓာတ်ပျက်ပြားစရာ အခြေအနေကိုလည်းရောက်နေပါပြီ။ နောက်ထပ် ပိုပြီး ထိရောက်တဲ့ ပိတ်ဆို့ပစ်ဒဏ်ခတ်မှု အချို့ ထပ်လုပ်နိုင်မယ်ဆိုရင် အခု ကျဉ်းထဲကြပ်ထဲ ရောက်ပြီးသား စကစကို မခံနိုင်တဲ့အထိ ဖိအား ထပ်ပေးနိုင်မှာဖြစ်ပါတယ်။ ပစ်ဒဏ်ခတ် ပိတ်ဆို့ခြင်းအပြင် အခြားသော ပြည်သူအထိမနာတဲ့ ယခင်နဲ့ မတူတဲ့ အသေးစား ဆန့်ကျင်မှုမျိုးတွေ ရှာဖွေကြည့်ဖို့ အကြံပြုလိုပါတယ်။ ရှားဘုရင်လက်ထက်မှာ အီရန်မှာ ဆောင်ရွက်ခဲ့တဲ့ အသံတိတ်ဆန့်ကျင် ဆန္ဒပြမှုမျိုးတွေဟာ အင်မတန်ထိရောက်ပါတယ်။ အဲဒီလို နည်းလမ်းမျိုးတွေကို ရှာဖွေကြဖို့ပါ။

-တော်လှန်ရေး ရန်ပုံငွေရှာဖွေဖို့ အများနဲ့ ထင်ထင်ပေါ်ပေါ် ဆောင်ရွက်ကြခြင်း Continue staging actions of revolutionary fundraising- စစ်နဲ့ တော်လှန်ရေးဟာ ငွေမပါဘဲ မအောင်မြင်နိုင်ပါဘူး။ နိုင်ငံခြား အလှူရှင်တွေဟာ အရပ်ဘက်လူ့အဖွဲ့အစည်း၊ မီဒီယာ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် ရန်ပုံငွေ ပေးကောင်းပေးကြပါလိမ့်မယ်။ ဒါပေမဲ့ အလှူရှင်တွေဟာ တော်လှန်ရေးနဲ့ ပြည်သူ့အောင်ပွဲကိုတော့ ပံ့ပိုးပေးကြမှာ မဟုတ်ပါဘူး။ ပြည်သူနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသား တွေကပဲ လှူဒါန်းကြရမှာဖြစ်ပါတယ်။ ၂၀၂၄ မှာ နောက်ထပ် ရန်ပုံငွေတွေကို ထပ်ရှာထားမှ အဆင်ပြေမယ့် အခြေအနေမျိုးပါ။ စစ်အုပ်စုက ပြိုကျဖို့ တည်းတည်းလေး လိုတော့တဲ့ အခြေအနေပါ။ နောက်ဆုံးအဆင့် တွန်းတွန်းတိုက်တိုက် နည်းနည်းလုပ်ဖို့အတွက် လူညီကြဖို့ လိုပါတယ်။

-သတင်းအချက်အလက်နဲ့ စစ်ဓာတ်စစ်ဆင်ရေး- စစ်ဆင်ရေး ၁၀၂၇ ကိုကြည့်ရင် ပူးပေါင်းဆောင်ရွက်မှုနဲ့ မဟာဗျူဟာမြောက်ဆောင်ရွက်နိုင်မှုမှာ အားရစရာကောင်းလှပါတယ်။ ဒါ့အပြင် ဒီစစ်ဆင်ရေးဟာ စစ်ဓာတ်စစ်ဆင်ရေးနဲ့ သတင်းအချက်အလက် စစ်ပွဲဘက်ကနေ ကြည့်ရင်လည်း ထူးချွန်ပြောင်မြောက်လှတာကိုတွေ့ရတယ်။  မြောက်ပိုင်းညီနောင်အဖွဲ့များဟာ စစ်တပ်ရဲ့ တပ်စခန်းတွေကို သိမ်းယူတဲ့နေရာမှာ ထိုးစစ်ဆင်နိုင်ခဲ့ရုံ ရုတ်တရက် အရှိုက်ကို ထိအောင် လုပ်နိုင်ခဲ့ရုံသာမဟုတ်ဘဲ အင်မတန်ထိရောက်တဲ့ ဆက်သွယ်ဆက်ဆံရေးပုံစံကို ကျင့်သုံးခဲ့ပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေး မီဒီယာနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို ပိုပြီးကောင်းအောင် လုပ်ကိုင်ဆောင်ရွက်ကြဖို့ တခြားလူတွေကို စိတ်အားထက်သန်လာအောင် လုပ်ပေးနိုင်ခဲ့တယ်။ စစ်ပွဲနဲ့ ပြည်သူကို အသိပေးတဲ့ ဇာတ်ကြောင်းတွေကို ကြည့်ရင်လည်း စစ်တပ်ရဲ့ တပ်ဖွဲ့တွေနဲ့ စစ်တပ်ထောက်ခံသူတွေကို စိတ်ဓာတ်ကျအောင် ထိုးနှက်နိုင်ခဲ့တာ တွေ့ရပါတယ်။

သံတမန်ရေးရာ ထိုးစစ်ကို ချက်ချင်းစတင်နိုင်ဖို့လိုပါတယ်- NUG နှင့် EROs တွေရဲ့ နိုင်ငံခြားရေးအဖွဲ့တွေဟာ ဝါရှင်တန်၊ ဘရပ်ဆဲ၊ လန်ဒန်၊ နယူးဒေလီ၊ တိုကျို၊ ကင်ဘာရာ၊ ဂျာကာတာ၊ ဘန်ကောက်၊ကွာလာလမ်ပူ အစရှိတဲ့ မြို့ကြီးတွေဆီ သွားရောက်ကြဖို့လိုပါတယ်။ ဒီ အဖွဲ့တွေဟာ ဘေဂျင်းကိုလည်း ဖိတ်ခေါ်လာခဲ့မယ်ဆိုရင် သွားဖို့ အဆင်သင့်ဖြစ်ကြရပါမယ်။

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

အပိုင်း(၁) – https://bur.mizzima.com/2023/12/26/10429

အပိုင်း (၂) – https://bur.mizzima.com/2023/12/27/10442

အပိုင်း (၃) – https://bur.mizzima.com/2023/12/28/10562

အပိုင်း (၄) − https://bur.mizzima.com/2023/12/29/10685

အပိုင်း (၅) − https://bur.mizzima.com/2023/12/30/10798