အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ လက်ယဉ်နေဆဲ စစ်ကောင်စီ

(မဇ္ဈိမ)။ ။ပြီးခဲ့သည့် မေလက စစ်ကောင်စီ၏ အရပ်သားများအပေါ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနင့်ပတ်သက်၍ ကုလသမဂ္ဂသို့ အသိပေးတိုင်ကြားချက်စာတစောင်ကိုကိုးကန့် တပ်မတော် (MNDAA)နှင့် တအာင်းတပ်မတော်(TNLA) က ထုတ်ပြန်ခဲ့သည်။

မေလ ၂၉ရက်က စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ကလေးငယ်နှင့်အမျိုးသမီးအချို့အပါအဝင် အရပ်သား၇၆ဦးအား သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည်ဟုဆိုကာ ဇွန်လ ၆ရက်တွင် ယင်းကဲ့သို အသိပေးခြင်းဖြစ်သည်။

ပြည်သူလူထုအပေါ် စစ်ကောင်စီ၏ မိုက်ရူးရဲဆန်သောလုပ်ရပ်များ၊ စစ်ရာဇဝတ်မှုကျူးလွန်နေသည့် လုပ်ရပ်များကို ထိရောက်စွာ အကာအကွယ်ပေးရန် ကုလသမဂ္ဂနှင့်နိုင်ငံတကာ အသိုင်းအဝိုင်းအား အထူးမေတ္တာရပ်ခံကြောင်းနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်သတိပေးချက်လည်း ထုတ်ပြန်ချက်၌ ပါဝင်သည်။

ဗျိုင်းဖြူကျေးရွာဖြစ်စဉ်သည် မေလအတွင်း စစ်ကောင်စီကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများထဲမှတခုဖြစ်ပြီး စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် အလားတူကျူးလွန်မှုများ စစ်ကောင်စီက ပြုလုပ်ခဲ့သည်ဟု ဒေသအသီးသီးမှ တော်လှန်ရေးအင်အားစုများ ထုတ်ဖော်ပြောကြားသည်။

မေလအတွင်း အရပ်သားပြည်သူများအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၁၂ ခုရှိထက်မနည်း ရှိခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။လေကြောင်းမှတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေပြင်စစ်ကြောင်းထိုး၍ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများဖြင့် နည်းမျိုးစုံသုံး၍ စစ်ကောင်စီကကျူးလွန်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များကပြောသည်။

  • မကွေးတိုင်း

မကွေးတိုင်း၊ယောဒေသ၊ ဆောမြို့နယ်၊အကြည်ပန်းပလွန်းရွာဘုန်းကြီးကျောင်းကို မေလ ၉ရက်နံနက်က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည်။၂၇ဦး ဒဏ်ရာရရှိခဲ့သည်။ နောက် ခြောက်ရက်အကြာတွင် ဆောမြို့နယ်တောမရွာကို လေကြောင်းမှထပ်မံတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ရှစ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောသည်။

ပြည်သူခုနစ် ဦးကို ဖမ်းဆီးပြီး PDF စခန်းသို့ လမ်းပြခိုင်းကာ ပစ်သတ်ခဲ့သည့် ရေစကြိုမြို့နယ်၊ ကျောက်ထပ်ရွာဖြစ်စဉ်ကလည်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို ပေါ်လွင်စေခဲ့သည်။

မေလ ၁၇ ရက်က ရေစကြိုမြို့နယ် တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စခန်းများကို တိုက်ခိုက်ရန် အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာပြီး ကျောက်ထပ်ရွာမှအသက် ၂၀ ကျော်အရွယ် စေတနာ့ဝန်ထမ်း ဆရာမကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ အရပ်သား ၅၀ ကျော်ကို ဖမ်းဆီးကာ ယင်းတို့အထဲမှ အမျိုးသားခြောက်ဦးကို PDF စခန်းရှိရာနေရာကို လိုက်ပြခိုင်းပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ပြန်သည်ဟု ဒေသခံများကပြောသည်။ ကျောက်ထပ်ရွာဒေသခံများသည် ယင်းအဖြစ်ဆိုးကို ထိတ်လန့်တုန်လှုပ်နေကြဆဲဖြစ်သည်။

  • စစ်ကိုင်းတိုင်း

လူထုခုခံတော်လှန်စစ်အားအလွန်ကောင်းသည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူသေဆုံးမှုများ မေလအတွင်း မကြာခဏ ဖြစ်ခဲ့သည်။

အဆိုးဆုံးမှာ မြင်းမူမြို့နယ်၊ လက်ထုထ္ထောရွာမှ ပြည်သူ ၃၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရမှုဖြစ်သည်။

မေလ ၁၁ ရက်နေ့ကမြင်းမူမြို့အနောက်ဘက် ၁၂ မိုင်အကွာ၊ မန္တလေး-မုံရွာကားလမ်းမကြီးဘေးရှိ လက်ထုထ္ထောရွာကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။ ရွာထဲသို့ဝင်ဝင်ချင်း
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်ရာမှ ဝရုန်းသုန်းကားထွက်ပြေးနေသည့် ဒေသခံခြောက်ဦး သေဆုံးခဲ့သည်။ ထို့နောက် လက်ထုထ္ထောရွာ ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီးတဦး၏ ဦးခေါင်းကို သေနတ်ဖြင့် တေ့၍ ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများကပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယင်းကဲ့သို့ စစ်ကြောင်းထိုး သတ်ဖြတ်မှုကြောင့် ပြည်သူ ၃၁ ဦးသေဆုံး၍ ၁၇ ဦး ဒဏ်ရာရခဲ့သည်။စစ်ကောင်စီတပ်သည် အမျိုးသမီးနှင့်ကလေးငယ်များကိုလည်း လူသားဒိုင်းအဖြစ် ၎င်းတို့ သွားရာလမ်းတလျှောက် ခေါ်ဆောင်သွားပြီး ရွာအတွင်းရှိ ဒေသခံများ၏ အိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

” လူစိတ်မရှိတော့တဲ့ စစ်တပ်ပါ” ဟု မြင်းမူမြို့ခံတဦးက မှတ်ချက်ပြုသည်

လက်ထုထ္ထောရွာ၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်နေစဉ်တချိန်တည်း၌ပင် ဒီပဲယင်းမြို့နယ် တောင်ဘက် ၁၃ မိုင်အကွာရှိ မကြီးအုပ်ရွာ စာသင်ကျောင်းကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခုနစ်ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရခဲ့သည်။မေလ ၁၁ ရက်နေ့၊ နေ့လယ်ပိုင်းက ဖြစ်သွားခဲ့သည့်ယင်းဖြစ်စဉ်၌ သေဆုံး၊ဒဏ်ရာရသူများတွင် ဒေသကာကွယ်ရေးရဲဘော်လေးဦးပါဝင်ပြီး ကျန်သူများအားလုံးသည်အရပ်သားများဖြစ်ကြောင်း ဒေသခံများကပြောသည်။

ရွာအတွင်း အင်တာနက်လိုင်းရသည့်တခုတည်းသောထိုနေရာ၌ လာရောက်၍ ဖုန်းသုံးနေစဉ် စစ်ကောင်စီကလေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

-မန္တလေးတိုင်း

မြင်းခြံမြို့နယ်၊ ဆုံရွာတွင် မေလ ၉ရက်က ဖြစ်ခဲ့သည့် ဒေသတွင်းစစ်ရေးတင်းမာမှုအလွန် အရပ်သားများပစ်ခတ်တိုက်ခိုက်ခံရမှုများလည်း မြို့ခံများကိုထိတ်လန့်တုန်လှုပ်စေခဲ့သည်။ အဆိုပါနေ့က ဆုံရွာမှပျုစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ရွာအတွင်းတိုက်ပွဲဖြစ်နေစဉ် မြင်းခြံမြို့၊ ဆင်မြီးခုံဆိပ်ကမ်းရှိ စစ်သင်္ဘောပေါ်မှနေ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ အရပ်သားပြည်သူ၃၂ဦးသေဆုံးခဲ့သည်ဟု မြို့ခံများကပြောသည်။ ၁၄ဦးထက်မနည်းလည်းဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏လက်နက်ကြီးအင်အားသုံးပစ်ခတ်တိုက်ခိုက်မှုသည် နာရီအနည်းငယ်အတွင်း ရွာကို သွေးမြေကျစေခဲ့သည်ဟု မြင်းခြံမြို့ခံများကဆိုသည်။ ထိုတိုက်ခိုက်မှုကိုစစ်ကောင်စီကငြင်းဆန်ခဲ့ရာ အမှန်ကိုဝန်မခံရဲသည့်စစ်တပ်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက တုံ့ပြန်မှတ်ချက်ပြုခဲ့သည်။

မြင်းခြံမြို့နယ်၊ ရွာရှည်ရွာတွင် မေ ၁၃ ရက်က တိုက်ပွဲတွင်လည်းစစ်ကောင်စီတပ်က ပြည်သူငါးဦးကို ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ်များအတွင်း ထည့်၍ မီးရှို့သွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

ထိုနေ့ မနက်ပိုင်းမှစ၍ စစ်ကောင်စီ၊ ရဲ၊ ပျူစောထီး ၁၀၀ ဝန်းကျင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရွာရှည်ရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။PDF များ ပြန်လည်ဆုတ်ခွာသွားချိန်တွင် စစ်ကောင်စီက ရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းမှလွဲ၍ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ပြာကျသွားသည့် နေအိမ်များအတွင်း ကျည်သင့်ဒဏ်ရာများ၊ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် သက်ကြီးပိုင်း အဖွားအို သုံးဦးနှင့် အမျိုးသားနှစ်ဦးတို့၏ အလောင်းများကို တွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

  • ချင်းပြည်နယ်

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်
ရွာကို မေ ၂၁ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ရာ အရပ်သား ငါးဦးသေဆုံး၍ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ထရွန်အိုင်ရွာဈေးသို့ လေကြောင်းမှ ဗုံးကြဲသွားခြင်းဖြစ်ပြီး အမျိုးသမီး နှစ်ဦးအပါအဝင် ငါးဦးသေဆုံး၍ ရှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့သည်။

ထရွန်အိုင်ရွာသည် ပလက်ဝမြို့၏ မြောက်ဘက်၊ ကုလားတန်မြစ်ဘေး၌ တည်ရှိသည်။ အဆိုပါရွာ၌ စစ်ကောင်စီ၏ အဓိကဗျူဟာစခန်းအပါအဝင် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် တိုက်ခိုက်သိမ်းပိုက်ပြီး မြိို့ကို ထိန်းချုပ်ထားသည်။

  • ရခိုင်ပြည်နယ်

အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကြောင့် အထိနာနေသည့်စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်၌ အရပ်သားများအပေါ် နည်းမျိုးစုံသုံး၍ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည်ဟု မေလအတွင်း မြေပြင်အဖြစ်အပျက်များကို AAက ထုတ်ပြန်ခဲ့သလို ဒေသခံများကလည်း ပြောသည်။
လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးမှုများ၊ စစ်သင်္ဘောများပေါ်မှာပစ်ခတ်မှုများ၊ အင်အားပြင်းဗုံး အသုံးပြု၍ ဒရုန်းကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများသေဆုံးမှုသည် သံတွဲ၊ စစ်တွေ၊ ကျောက်တော်မြို့တို့တွင်ဖြစ်ပွားခဲ့သည်။

မေလ ၆ ရက်နေ့က ကျောက်တော်မြို့ မြောက်ဘက်ရှိ အလယ်ကျွန်းရွာကို လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် ရဟန်းတပါးအပါအဝင် ငါးဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်။

စစ်ကောင်စီက ၎င်းတို့ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သော်လည်း တိုက်လေယာဉ်သုံး၍ တိုက်ခိုက်ခြင်းကို စစ်ကောင်စီကသာ လုပ်နိုင်စွမ်းရှိကြောင်း ဒေသခံများက ဆိုသည်။

လတ်တလောတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် သံတွဲမြို့နယ်၌လည်း ပြီးခဲ့သည့်မေလအတွင်း စစ်ကောင်စီတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးသူ ဦးရေ ၃၀ဦးထက်မနည်းကြောင်း စစ်ဘေးရှောင်များအားကူညီနေသည့်ဒေသခံများကပြောသည်။

သံတွဲမြို့ မြောက်ဘက်ရှိလင်းသီရွာကို မြို့အဝင် ဘားဒါန်းတောင်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ရာမှုကြောင့် မေလ ၁၄ ရက်နေ့တွင် အမျိုးသမီး ခြောက်ဦးအပါအဝင် ပြည်သူ ၁၀ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်။

လင်းသီရွာရှိ စစ်ကောင်စီစခန်းကို AAက ဝိုင်းထားသည်ဟူသည့် ကောလဟာလကြောင့် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ရာမှ ဒေသခံများ ထိခိုက်သေဆုံးခြင်းဟု သိရသည်။
သံတွဲ- တောင်ကုတ် သွားရာလမ်းပေါ်၊ ရွှေလှေတိုက်နယ်အတွင်းရှိ နတ်တောင်မော်ရွာကိုမေလ ၁၈ ရက်နေ့တွင်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတဦးအပါအဝင် အရပ်သားကိုးဦး သေဆုံးခဲ့သည်။ သံတွဲမြို့ ဆင်ခေါင်းရွာတိုက်ပွဲတွင်လည်း ဘေးလွတ်ရာသို့တိမ်းရှောင်ရန်ကြိုးစားသည့်ဒေသခံများအား စစ်ကောင်စီက ထွက်ခွင့်မပေးဘဲလေကြောင်းနှင့်လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြို့ခံများကပြောသည်။

မြေပြင်စစ်ကြောင်းထိုးပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာစစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာတွင် မေလ ၂၉ရက်က ဖြစ်ခဲ့သည်။ မေလအတွင်း စစ်ကောင်စီ၏ရက်စက်ကြမ်းကြုတ်မှုများအနက် လူသိအများဆုံးဖြစ်ရပ်ဖြစ်ခဲ့ပြီး ကုလသမဂ္ဂနှင့်နိုင်ငံတကာကပါ စစ်ကောင်စီကို သတိပေးခဲ့သည်။

ဗျိုင်းဖြူကျေးရွာ အပြစ်မဲ့ပြည်သူများအား အမျိုးမျိုးနှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးအချို့ကို မုဒိမ်းကျင့်ခြင်း၊ ပြည်သူ၇၆ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ အလောင်းများဖျောက်ဖျက်ခြင်း၊ ကျေးရွာပြည်သူလူထု၏ ရွှေငွေပစ္စည်းများကို လုယက်သိမ်းယူခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း အစရှိသည့် စစ်ရာဇဝတ်မှုကြီးများကို ကျူးလွန်ခဲ့သည်ဟု အမျိုးသားညီညတ်ရေးအစိုးရ(NUG)၊ AA၊MNDAAနှင့် TNLAက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းတပ်ဖွဲ့မှ ထုတ်နုတ်ထားသည့် တပ်ဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ၏ အကြမ်းဖက်သင်တန်းဆင်းများပါဝင်သည့် အင်အား (၁၇၀)ကျော်ရှိ စစ်ကြောင်းက ကျူးလွန်ခဲ့ခြင်းဟုထုတ်ပြန်ချက်‌၌ ဖော်ပြသည်။

စစ်ကောင်စီကမူ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ခြင်သာ ရှိပြီး ပြည်သူလူထုကို သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ သို့သော် အဆိုပါအဖြစ်ဆိုးမှလွတ်မြောက်လာသူအချို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့အား ရက်ရက်စက်စက်နှိပ်စက်ခဲ့ပြီး လူဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခဲ့ကြောင်း သတင်းမီဒီယာအချို့ထံ ထုတ်ဖော်ပြောကြားခဲ့ကြသည်။

နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှစ၍ ၂၀၂၄ ခုနှစ်၊ မေလကုန်အထိ စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၂၃၉ ကြိမ်ကျူးလွန်ခဲ့ပြီး အမျိုးသား ၁၃၇၇ ဦး၊ အမျိုးသမီး ၃၂၂ ဦး၊ လိင်ခွဲခြား၍ မရသူ ၈၅၂ ဦး ပြည်သူလူထု စုစုပေါင်း ၂၅၅၁ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မကြာသေးမီကထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ပထမ လေးလအတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့် လူငါးဦးနှင့်အထက် သေဆုံးစေခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် စုစုပေါင်း ၄၆ ခု ရှိခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ စာရင်းပြုစုချက်အရ သိရသည်။ အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများအတွင်း အရပ်သားပြည်သူ စုစုပေါင်း ၃၆၉ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက အရပ်သားများအပေါ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် နိုင်ငံတဝှမ်း မဆင်မခြင်လေကြောင်းတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများ တာဝန်ခံမှုရှိစေရမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။
အာဏာသိမ်းချိန်မှစ၍ ယခုကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်နေချိန်အထိ သုံးနှစ်ကျော်ကြာလာသည်အထိ
အကြိမ်ကြိမ်သတိပေးနေသည့် ကုလက စစ်ကောင်စီအား မည်သည့်အချိန်၌ မည်သို့မည်ပုံအရေးယူမည်ကို မသိရသေးပေ။ သို့သော် မေလအလွန် ဇွန်လတွင်လည်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှု‌များကြောင့် အရပ်သားများအစုလိုက်အပြုံလိုက်သေဆုံးမှု ဆက်ရှိနေပါသည်။

ဇွန်လ ၃ရက်က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့၊မတောရွာအား လေကြောင်းမှဗုံးကြဲ တိုက်ခိုက်၍ အရပ်သား ၂၉ဦး သေဆုံးမှု၊ ဇွန်လ ပထမ လပတ်အတွင်း သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာအား လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် က‌လေးငယ်များအပါအဝင် အရေအတွက် အတည်မပြုနိုင်သေးသည့် အရပ်သားများသေဆုံးမှုများက စစ်ကောင်စီ၏ နောက်တိုးစစ်ရာဇဝတ်မှုများ ဖြစ်ပါသည်။ ထိုအဖြစ်ဆိုးများ ရပ်တန်းကရပ်‌ရေးသည် စစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်နိုင်မှရမည်ဟု တော်လှန်ရေးအင်အားစုများက ထုတ်ဖော်ပြောဆိုထားကြပါသည်။

စာတည်း – အေးချမ်း