အနောက်ဖိလစ်ပိုင်ပင်လယ်၌ တရုတ်သင်္ဘောများ ကင်းလှည့်စဉ် ဂျာနယ်လစ်များကို လွှမ်းမိုးရေး လုပ်ဆောင်မှုတို့ ရှိ

ဓါတ်ပုံ-အေအက်ဖ်ပီ

Philstar.com

ဖိလစ်ပိုင်သတင်းထောက်များနှင့် လူသိများသော ပင်လယ်ရေကြောင်း ကျွမ်းကျင်ပညာရှင်တဦးတို့သည် ၂၀၂၃ ခုနှစ်ထဲတွင် အမည်မဖော်နိုင်သော ရင်းမြစ်များထံမှ မက်ဆေ့ချ်များ တရစပ် လက်ခံရရှိခဲ့ကြပြီး ထိုမက်ဆေ့ချ်များသည် အနောက်ဖိလစ်ပိုင်ပင်လယ်၌ တရုတ်သင်္ဘောများ၏ လုပ်ဆောင်ချက်များမှ ထိုနေရာရှိ ဗီယက်နမ်၏ စစ်ပုံသွင်းခြင်းဟု ဆိုသည့် ကိစ္စဆီသို့ လူအများကို အာရုံပြောင်းရန် ကြိုးပမ်းထားသည်။

သတင်းအကြောင်းအရာအမျိုးမျိုးကို ရေးသားနေသည့် ဖိလစ်ပိုင်ဂျာနယ်လစ် လေးဦးအပြင် ဖိလစ်ပိုင်တက္ကသိုလ် ပင်လယ်ရေကြောင်းရေးရာနှင့် ပင်လယ်ပြင်ဥပဒေဆိုင်ရာ အင်စတီကျူ့မှ ဒါရိုက်တာ ဂျေး ဘတ်တုန်ဘာကယ်လ် တို့ထံ မက်ဆေ့ချ် ခုနစ်စောင်ခန့် ရောက်ရှိခဲ့ပြီး ထိုမက်ဆေ့ချ်အားလုံးတွင် ပြင်ပပေါက်ကြားလာသည်ဆိုသော စာရွက်စာတမ်းများအရ စပရတ်တလေကျွန်း၌ စစ်မှုကာကွယ်ရေး အခြေခံအဆောက်အအုံ တည်ဆောက်မည်ဟု ဆိုသော ဗီယက်နမ်၏ အစီအစဉ်များနှင့်ပတ်သက်ပြီး သတင်းရေးသားရန် သို့မဟုတ် မှတ်ချက်ပေးရန် ၎င်းတို့ကို တိုက်တွန်းထားသည်။

အများစုကို ဇူလိုင်လမှ ဩဂုတ်လအကြား ရက်များ၊ သတင်းပတ်များအတွင်း တစောင်နှင့်တစောင် ခြားကာ ပေးပို့ခဲ့သည့် အဆိုပါ အီးမေးလ်များနှင့် စာသားမက်ဆေ့ချ်များတွင် အင်တာနက်ပေါ်ရှိ ဆိုရှယ်မီဒီယာ ပလတ်ဖောင်းအားလုံး၊ အစုအဖွဲ့များနှင့် နေရာများအနှံ့ Philstar.com က ခြေရာခံစောင့်ကြည့်လျက် ရှိသည့် ဩဇာဝင်ရောက်လွှမ်းမိုးရေး လုပ်ဆောင်ချက် (influence operation) တခု၏ အမှတ်အသားတချို့ ရှိနေသည်။

နိုင်ငံခြားသတင်းထောက်နှစ်ဦး အပါအဝင် သတင်းထောက် လေးဦးနှင့် ဘတ်တုန်ဘာကယ်လ် တို့ Philstar.com ထံ ဝေမျှခဲ့သည့် မက်ဆေ့ချ်များ၏ စခရင်ရှော့များအရ ပေးပို့သူအားလုံး၏ အမည်များကို အွန်လိုင်းပေါ်တွင် အတည်ပြုစစ်ဆေးနိုင်ခြင်း မရှိဘဲ ၎င်းတို့အနက် တချို့ ပြောဆိုသော ဆက်နွှယ်ပတ်သက်မှုများနှင့်ပတ်သက်၍လည်း သဲလွန်စများလည်း ရှိမနေပေ။

အဆိုပါ မက်ဆေ့ချ်များသည် သတင်းထောက်များနှင့် ဘတ်တုန်ဘာကယ်လ် တို့ကို စပရတ်တလေကျွန်းရှိ ဗီယက်နမ်၏ ဆောက်လုပ်ရေးအစီအစဉ်များနှင့်ပတ်သက်ပြီး အတွင်းလူ သတင်းအချက်အလက် ပေးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ မက်ဆေ့ချ်များ၏ နောက်ကွယ်တွင် ရှိသည် ဆိုသူများက ၎င်းတို့သည် တာဝန်ရှိ ဖိလစ်ပိုင်နိုင်ငံသားများ၊ စစ်ပုံသွင်းခြင်းဆိုသည့် အစီအစဉ်တွင် ပါဝင်ပတ်သက်သည့် ဗီယက်နမ်ဆောက်လုပ်ရေးကုမ္ပဏီ၏ အလုပ်သမားများ သို့မဟုတ် ဗီယက်နမ်ကို ဆန့်ကျင်လျက် သတင်းဆောင်းပါးတပုဒ် ကူညီရေးသားရန် လိုလားသည့် ကျွမ်းကျင်သူများ ဖြစ်သည်ဟု ထုတ်ဖော်ထားကြသည်။

အီးမေးလ်၊ မက်ဆေ့ချ် ပေးပို့သူတချို့သည် သတင်းထောက်များထံ မလျှော့တမ်း ဆက်လက်ပေးပို့ခဲ့ပြီး ၎င်းတို့သည် ဖိလစ်ပိုင်၏ အချုပ်အချာအာဏာအပေါ် ဗီယက်နမ်၏ ခြိမ်းခြောက်မှုတခုရှိနေကြောင်း တွေးဆမိသည်ဆိုသော ကိစ္စတရပ်နှင့်ပတ်သက်ပြီး အမျက်ဒေါသ သို့မဟုတ် စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်စေရေး လှုံ့ဆော်ရန် ရည်ရွယ်သလို တချိန်တည်းမှာပင် ထိုဒေသ၌ တရုတ်၏ လုပ်ဆောင်ချက်များကို မှေးမှိန်ပစ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

စပရတ်တလေကျွန်းတွင် ဗီယက်နမ်က ထားရှိရန် စီစဉ်နေသည်ဟု ဆိုသော စစ်မှုကာကွယ်ရေး အခြေခံအဆောက်အအုံနှင့်ပတ်သက်၍ အကောင့်နှစ်ခုက ၂၀၂၃ ဇူလိုင်နှင့် ဩဂုတ်လတွင် ဖိလစ်ပိုင်ဂျာနယ်လစ်နှစ်ဦးထံ အီးမေးလ်ပေးပို့ခဲ့သည်။ ထို ပေးပို့သူအကောင့်နှစ်ခုစလုံးသည် ဖိလစ်ပိုင်၏အချုပ်အချာအာဏာအပေါ် ဗီယက်နမ်၏ ခြိမ်းခြောက်မှုဆိုသော ကိစ္စကို အလေးပေးပြောဆိုသလို ထပ်မံ ဆက်သွယ်ပါက နောက်ထပ် သတင်းအချက်အလက်များ ပေးမည်ဟု ကတိပြုခဲ့ကြသည်။

နိုင်ငံခြားရေးရာ အထူးသတင်းရေးသားမှု တစိတ်တဒေသအဖြစ် အနောက်ဖိလစ်ပိုင်ပင်လယ်ရှိ ကိစ္စများနှင့်ပတ်သက်၍ သတင်းရေးသားရန် အခြားသော သတင်းထောက်များထံ အလားတူ အီးမေးလ်များ ပေးပို့ခဲ့သည့် အရိပ်လက္ခဏာများ ရှိနေကြောင်း Philstar.com နှင့် ပြောဆိုခဲ့သည့် ဂျာနယ်လစ် လေးဦးစလုံးက ပြောသည်။

တရုတ်၏ ရန်လိုသော လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ရမည့်အစား ဖိလစ်ပိုင်နိုင်ငံသားများကို အာရုံပြောင်းရန် ကြိုးပမ်းသည့် အီးမေးလ်များ ရှိကြောင်းနှင့် ထိုအီးမေးလ်များသည် လက်ရှိတွင် ဗီယက်နမ်အပေါ် အာရုံရောက်စေရန် အာရုံပြောင်းလျက် ရှိကြောင်း ဂျာနယ်လစ်တချို့က မိမိထံ အကြောင်းကြားပြောဆိုထားသည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေး တာရီလာက စက်တင်ဘာလက ဆိနိတ်တာများကို ပြောသည်။