တပ်ထောက်ခံသူတွေတောင် မင်းအောင်လှိုင် ရာထူးကဆင်းပေးဖို့ တောင်းဆိုနေကြပြီ

ဓားရိုင်း

စစ်ကောင်စီအာဏာသိမ်းကာလသုံးနှစ်ပြည့်ခါနီးမှာတော့လောက်ကိုင်(ဒကစ)ကျအပြီးမှာ စစ်ကောင်စီက တရုတ်အကူအညီယူပြီး မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ အပစ်ရပ်ဖို့ညှိနှိုင်းကာ ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါးကိုပေးလိုက်ချိန်မှာတော့ တပ်ထောက်ခံသူတွေကြားမှာ ပွက်လောရိုက်ကုန်တာတွေ့ရပါတယ်။ ပျော့ညံ့သူ၊ စစ်မတိုက်တတ်သူ၊ ခေါင်းဆောင်ကောင်းမပီသသူ၊ တိုင်းပြည် ပျက်စီးနေချိန်မှာ ကိုယ်ကျိုးစီးပွားရှာသူ၊ တပ်မတော်သမိုင်းကိုဖျက်ဆီးသူအဖြစ် ဝေဖန်ခံရတဲ့အပြင် တာဝန်ယူမှု ရှိရှိနဲ့ ရာထူးကနေနုတ်ထွက်ပေးဖို့အထိပါ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို ဝေဖန်မှုတွေမြင့်တက်နေချိန် ပလက်ဝမြို့ကိုပါ ထပ်ပေးလိုက်ရပြီးနောက်မှာတော့ တပ်ထောက်ခံသူတွေဟာ ထိန်းမနိုင် သိမ်းမနိုင်ဖြစ်ကုန်ပြီး အွန်လိုင်းပေါ်မှာတင်မဟုတ်တော့ဘဲ တရားဝင်ဆန္ဒထုတ်ဖော်ပွဲလုပ်လာပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရာထူးကနေဆင်းပေးဖို့အထိ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဆန္ဒထုတ်ဖော်ပွဲကိုတော့ မဘသဆရာတော်တွေနဲ့ တပ်ထောက်ခံသူတွေစုရုံးပြီး ဇန်နဝါရီ ၁၆ ရက်က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ ပြုလုပ်ခဲ့တာပါ။ အရိယဝံသ(ခေါ်)ပေါက်ကိုယ်တော်က စင်မြင့်ထက်ကနေ “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘုရားဒါယကာဖြစ်တဲ့အတွက် စစ်ဘက်ရာထူးနဲ့ မကိုက်ညီဘဲ အရပ်ဘက်ရာထူးဖြစ်တဲ့ ဝန်ကြီးချုပ်ရာထူးနဲ့သာ ကိုက်ညီပြီး ကာကွယ်ရေးဦးစီးချုပ်ရာထူးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့သာလိုက်ဖက်တယ်”လို့ ပြောဆိုခဲ့ တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ စင်အောက်က တပ်ထောက်ခံသူတွေကလည်း “ကောင်းပါတယ်ဘုရား”လို့ အော် ဟစ်ထောက်ခံသွားခဲ့ကြပါတယ်။ အဲဒီတပ်ထောက်ခံပွဲကို မဘသဆရာတော်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ကြံ့ဖွံ့ ပါတီဝင်တွေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေနဲ့ တပ်ချစ်သူတွေ အများအပြားတက်ရောက်ခဲ့ တာဖြစ်ပါတယ်။

အဲဒီတပ်ထောက်ခံပွဲမှာ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် မြို့တွေနဲ့ တပ်စခန်းတွေ အမြောက်အများဆုံးရှုံးခဲ့တာနဲ့ပတ်သက်လို့လည်း ပေါက်ကိုယ်တော် နဲ့ တပ်ထောက်ခံသူတွေက လှောင်ပြောင်ခဲ့ကြသေးတာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ သဘော ကောင်းတဲ့ ဘုရားဒါယကာအဖြစ် လှောင်ပြောင်ခဲ့ကြခဲ့တာတွေ့ရပါတယ်။ အဲဒီမတိုင်ခင်ကတည်းက ပေါက်ကိုယ် တော်ဟာ သူ့ရဲ့ Facebook အကောင့်ပေါ်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ဓာတ်ပုံကိုတင်ခဲ့ပြီး စစ်သားအစစ်၊ ခေါင်းဆောင်ကောင်းအစစ်ဆိုကာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီလို တပ်ထောက်ခံပွဲမှာ ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်ကို ကာချုပ်နေရာလွှဲပေးဖို့ပြောခဲ့တာနဲ့ပတ်သက်လို့ အရေးယူဖမ်းဆီးမယ်ဆိုရင် ခံဖို့အသင့်ပဲလို့ပြော ပြီးမကြာခင်မှာပဲ ပေါက်ကိုယ်တော်ကို စစ်ကောင်စီကခေါ်ယူစစ်ဆေးခဲ့တာတွေ့ရပါတယ်။ တပ်ထောက်ခံပွဲအပြီး ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ပေါက်ကိုယ်တော် ဖမ်းဆီးခံရတဲ့သတင်းတွေပျံ့နှံ့ခဲ့ပြီး ညနေပိုင်းလောက်မှာတော့ ဖမ်းဆီးစစ်ဆေးခံခဲ့ရတာမှန်ကန်ကြောင်း ပေါက်ကိုယ်တော် ကိုယ်တိုင် အွန်လိုင်းပေါ်မှာ ရုပ်သံဖိုင်တင်ပြီးပြောခဲ့ တာတွေ့ရပါတယ်။ တာဝန်ရှိသူက မေးစရာရှိလို့ခေါ်ယူမေးမြန်းတာဖြစ်ပြီး သူ့အနေနဲ့ အမှားအယွင်းရှိခဲ့ရင်လည်း တိုင်းပြည်ကိုချစ်မြတ်နိုးတဲ့စိတ်နဲ့သာပြောဆိုခဲ့တာဖြစ်လို့ ထောင်ဆိုတဲ့စကားလုံးနဲ့ ခြိမ်းခြောက်ရင်လည်း ကြောက်မှာမဟုတ်ဘူးဆိုခဲ့ပါတယ်။ ပေါက်ကိုယ်တော်ကို စစ်ကောင်စီကခေါ်ယူစစ်ဆေးမေးမြန်းပြီးနောက် အာမခံနဲ့ပြန်လွှတ်ပေးခဲ့တာလို့လည်း သိရပါတယ်။

ပေါက်ကိုယ်တော်ဆိုတာ စစ်ကောင်စီရဲ့ အမာခံပရိသတ် တွေထဲက တစ်ဦးလို့လည်းဆိုပါမယ်။ ၂၀၁၈ ခုနှစ်က NLD အစိုးရပြုတ်ကျရေးအတွက် မန္တလေးမှာ သပိတ်စခန်း ဖွင့်ဆန္ဒပြခဲ့တာကြောင့် တခြားမဘသဘုန်းကြီးတွေနဲ့အတူဖမ်းခံခဲ့ရပြီး မန္တလေး အိုးဘိုထောင်မှာ တစ်နှစ်လောက် အကျဉ်းကျခဲ့ဖူးတာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်မှာ ပျူစောထီးနဲ့ ပြည်သူ့စစ်ဖွဲ့ရေးအတွက် စစ်ကောင် စီကို အကူအညီပေးနေခဲ့သူဖြစ်ပါတယ်။

တပ်ထောက်ခံတွေသူ အနာကိုဆားနဲ့အပက်ခံရသလို ဖြစ်မယ်ဆိုရင်လည်း ဖြစ်ချင်စရာပါပဲ။ တော်လှန်ရေးတပ်ဖွဲ့ တွေက တစ်မြို့ပြီးတစ်မြို့၊ တစ်စခန်းပြီးတစ်စခန်း ပတ်သိမ်းနေချိန် စစ်ကောင်စီခေါင်းဆောင်ကတော့ တိုင်းပြည် စီးပွားရေးကောင်းဖို့နဲ့ အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ဟောပြောနေခဲ့ပြီး ဘုရားတွေပတ်ဖူးနေတာနဲ့အချိန်ကုန် ဆုံးနေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းချိန်ကလို တော်လှန်ရေး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေအပေါ် လေသံမာမာတောင်မပြောရှာနိုင်တော့ဘဲငြိမ်းချမ်းရေးအတွက် တောင်းဆိုနေခဲ့တာကိုကြည့်ရင် သူ့ကိုထောက်ခံသူတွေ ဘယ်လောက်တောင် အသည်းနာနေမလဲဆိုတာတွေး ကြည့်လို့ရပါတယ်။
တကယ်တော့ တပ်ထောက်ခံပွဲလုပ်ပြီး စစ်ကောင်စီ ခေါင်းဆောင်ကို ရာထူးကနေဆင်းပေးဖို့ တရားဝင်ဆန္ဒထုတ်ဖော်ပွဲမလုပ်ခင်ကတည်းက အွန်လိုင်းပေါ်မှာ တပ်လော်ဘီအများအပြားက သူ့ကိုရာထူးကနေ ထွက်ပေးဖို့ တောင်းဆိုနေခဲ့ကြတာဖြစ်ပါတယ်။ တပ်ထောက်ခံသူတွေထဲက အမာခံတစ်ဦးကဆိုရင် “သုံးနှစ်ဆိုရင် တော်လောက်ပြီ ဦးမင်းအောင်လှိုင်”လို့ အစချီပြီး လွန်ခဲ့တဲ့ သုံးနှစ်အတွင်း မင်းအောင်လှိုင်ဟာ ဘယ်လိုစွမ်းရည် မှ မပြသနိုင်ဘဲ နိုင်ငံကို သမိုင်းဝင် အရှက်ကွဲ အကျိုးနည်းစေခဲ့တယ်လို့ ဆိုခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင်နိုင်ငံရေး နဲ့ စီးပွားရေးအပါအဝင် ဘယ်ကဏ္ဍမှာမှ စွမ်းရည်မပြနိုင်သူတစ်ယောက်အနေနဲ့ တာဝန်ယူမှုရှိရှိ ရာထူးကနေ နုတ် ထွက်ပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီအကြောင်းကို တောက်လျှောက်တင်ဆက်ပေးနေသူတစ်ဦး ကဆိုရင်လည်း “လက်နက်ချသည်” ဆိုတဲ့ စကားကိုသုံးရတာရှက်ကြောင်း၊ စစ်သား ၂,၀၀၀ ကျော်နဲ့ မိသားစုဝင် ၁,၀၀၀ ကျော် လက်နက်ချသောကြောင့် မကျေနပ်ကြောင်းပြောခဲ့ပြီး စစ်ကောင်စီ ခေါင်းဆောင်ရဲ့ လုပ်ရည်ကိုင် ရည်ကို မေးခွန်းထုတ်သွားခဲ့တာဖြစ်ပါတယ်။ တချို့တပ်ထောက်ခံသူတွေဆိုရင် အချင်းချင်းတောင်ပြန်လည်တိုက် ခိုက်နေကြပြီး စစ်ကောင်စီကျရှုံးမှုတွေအတွက် အငြင်းပွားနေခဲ့ကြတာလည်း တွေ့ရပါတယ်။

ဒီမိုကရေစီလှုပ်ရှားသူအဖြစ်ဟန်ဆောင်ခဲ့ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသတင်းစာရှင်း လင်းပွဲတွေတက်ရောက်ကာ တပ်ထောက်ခံသူဖြစ်လာသူတစ်ဦးကလည်း စစ်ကောင်စီတပ်တွေ အလံဖြူထောင် တာကိုသာကြည့်နေရပြီး စစ်ဗိုလ်ချုပ်တွေ ကိုယ်ကျိုးကိုသာအာရုံစိုက်နေပါက ကာလကြာရှည်စွာစစ်သင်တန်းပေး ထားပေမယ့် စစ်သားတွေဟာ စစ်မြေပြင်မှာ ပိုမိုသေဆုံးနေမှာဖြစ်တယ်လို့ သူ့ Facebook ပေါ်မှာ ဝေဖန်ရေးသား ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင် အပါအဝင် စစ်ခေါင်းဆောင်အားလုံး ကိုယ်ကျိုးစီးပွားကို သာစဉ်းစားပါက ကိုယ့်စီးပွားရေး ကိုယ်လုပ်ရန် ပြောချင်တယ်လို့လည်းဆိုခဲ့ပါတယ်။ စစ်တပ်တာဝန်နဲ့ မိသားစု တာဝန်တွေပိနေတဲ့ စစ်သားတွေကို ဝန်ထုတ်ဝန်ပိုးမပေးဖို့လည်း စစ်တပ်ခေါင်းဆောင်တွေကို ပြောထားခဲ့တာဖြစ် ပါတယ်။ ပြည်ပရောက် တပ်ထောက်ခံသူတစ်ဦးကလည်း စစ်ရေးမှာတော်လှန်ရေးအဖွဲ့တွေက အဆပေါင်းရာနဲ့ချီ သာသွားပြီဖြစ်ပြီး စစ်ရေးမှာရှုံးနိမ့်နေပြီဖြစ်လို့ ဦးမင်းအောင်လှိုင် ပြေးဖို့နေရာယူထားပြီးပြီလားလို့တောင် မေးခွန်း ထုတ်ခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီခေါင်းဆောင်လက်ထက်မှာ တိုင်းပြည်ပျက်စီးမှာ အသေအချာပဲလို့လည်း ဆိုသွားခဲ့တာပါ။ ဒီထက်မက စစ်ကောင်စီခေါင်းဆောင်အပေါ် တပ်ထောက်ခံသူတွေရဲ့ ဝေဖန်ပြစ်တင်သံတွေဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေခဲ့တာဖြစ်ပါတယ်။ ဒါတွေကိုချပြရင်ကုန်မယ်လို့တောင်မထင်ပါဘူး။ သေချာတာကတော့ တပ်ထောက်ခံတွေကြားမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့အဖြစ်ဟာ ဘာနဲ့သွားတူနေသလဲဆိုတော့ တံတွေးခွက်ထဲ ပက်လက်မျောနေတာနဲ့တူနေခဲ့ပါတယ်။ စစ်ဆင်ရေး ၁၀၂၇ သုံးလမပြည့်ခင်မှာပဲ မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်ကြောင့် စစ်ကောင်စီဟာ မြို့ပေါင်း ၃၀ ကျော်၊ ဌာနချုပ်တွေ အပါအဝင် အခြေစိုက်စစ်စခန်းပေါင်း ရာနဲ့ချီ ဆုံးရှုံးထားခဲ့တာဖြစ်ပါတယ်။ တရုတ်အကူအညီယူပြီး ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့အပစ်ရပ်ထားနိုင်ခဲ့ပေမယ့် ကျန်ဒေသတွေမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွား နေပြီး စစ်ကောင်စီအနေနဲ့ တပ်စခန်းတွေကိုဆက်တိုက်ဆုံးရှုံးနေခဲ့တာဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် ခြောက်ယောက် ထိုင်နေတဲ့ လောက်ကိုင်(ဒကစ)လက်နက်ချသွားလို့ခံပြင်းနေချိန်မှာပဲ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ သုံးနိုင်ငံနယ် စပ်အတွက်အရေးပါတဲ့ ချင်းပြည်နယ်က ပလက်ဝမြို့ကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရချိန်မှာတော့ စစ်ကောင်စီ ခေါင်း ဆောင်အပေါ် တပ်ထောက်ခံသူတွေရဲ့သည်းခံနိုင်စွမ်း ကုန်သွားခဲ့ပုံရပါတယ်။ ဒီအခြေအနေတွေကိုကြည့်ရင် ဒီနှစ် ထဲမှာပဲ စစ်ကောင်စီရဲ့နိဂုံးကို မြင်တွေ့ရတော့မယ်လို့ ထင်မြင်မိပါတယ်။