၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တရုတ်နှင့် မြန်မာကြား ဆက်ဆံရေးကို ဆန်းစစ်ခြင်း

မဇ္ဈိမ

မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွေးကောက်ခံအရပ်သားအစိုးရထံမှ အတင်းအဓမ္မအာဏာသိမ်းယူပြီးနောက် နိုင်ငံသည် စီးပွားရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ ကြုံတွေ့ခဲ့ရကာ ယင်းက ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်တို့ အပါအဝင် အိမ်နီးချင်း မိတ်ဖက်နိုင်ငံများ၏ကဏ္ဍအားလုံးကို သက်ရောက်ခဲ့သည်။

ယခုလေ့လာမှုသည် ဒေသတွင်းနှင့် ကမ္ဘာ့အခြေအနေအရ အရေးပါဆုံးဖြစ်သည့် တရုတ်နိုင်ငံကို အဓိကထားလေ့လာပြီး မြန်မာနှင့် တရုတ်နိုင်ငံကြား သံတမန်ရေးရာမူဝါဒကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည်ဟု သုတေသီက ဆိုသည်။

တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပါအဝင် စစ်ကောင်စီနှင့် စစ်အုပ်စုဆန့်ကျင်ရေးအဖွဲ့များ အကြား မြန်မာ့အချုပ်အခြာအာဏာအတွက်သာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စစ်အာဏာသိမ်းပြီးကတည်းက လုံခြုံရေးပံ့ပိုးမှုပေးရာတွင် အဆုံးအဖြတ်ပေးသည့် အင်အားကြီးနိုင်ငံ တစ်နိုင်ငံ အဖြစ် ပါဝင်နေပြီး ယင်းက နိုင်ငံတကာဆက်ဆံရေးကို ထိခိုက်စေသည်။ တဖက်တွင်မူ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တင်းမာနေသော ပဋိပက္ခအခြေအနေများအပေါ် မူတည်၍ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ မူဝါဒသည် အနည်းငယ် ပြောင်းလဲနေသည်။

ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ခါးပတ်တကွင်း လမ်းတစင်းစီမံကိန်းသည် ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းကို ဖြတ်၍ ရှမ်းပြည်နယ် တောင်ပိုင်းသို့ဆက်သွယ်ထားပြီး ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေးအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မျက်စိကျစရာ ဖြစ်နေသည်။ ၂၀၂၁ ခုနှစ် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း တရုတ်နိုင်ငံသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖွဲ့စည်းသော စစ်ကောင်စီနှင့်အတူ ဆိုးညစ်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဆိုးကျိုးသက်ရောက်သော တရုတ်စီမံကိန်းများကြောင့် အရပ်သားများ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများနှင့် မြန်မာနိုင်ငံအပေါ် တရုတ်၏သံတမန်ရေးအရ တင်းမာမှုများသည် မကြာခဏ ဖြစ်ပေါ်နေသည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီ အနိုင်ရပြီးကတည်းက တရုတ်နိုင်ငံ၏ သံတမန်ရေးရာဝင်ရောက်စွက်ဖက်မှု တိုးလာသည်။ တရုတ်နိုင်ငံသည် NLD နှင့်ရော မြန်မာစစ်ဗိုလ်ချုပ်များနှင့်ပါ ဆက်ဆံရေးကောင်းများ တည်ဆောက်ခဲ့သည်။ တဖက်တွင်လည်း တရုတ်နိုင်ငံသည် ၎င်း၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းနှင့်အညီ မြန်မာနိုင်ငံရှိ အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAO) များအပေါ် မိတ်ဖြစ်ဆွေဖြစ် ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် လွှမ်းမိုးရန် ကြိုးပမ်းနေသည်။ သို့သော် တရုတ်စီမံကိန်းများက မြေယာများ အတင်းအကျပ်ရွှေ့ပြောင်းခိုင်းခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် လုပ်အားခမမျှတမှုတို့ကို ဖြစ်စေသောကြောင့် လူအများစုက မနှစ်မြို့ကြပေ။ ထို့ပြင် တရုတ်အစိုးရနှင့် ၎င်း၏ ထုတ်ကုန်များကို သပိတ်မှောက်မှုများ နောက်ပိုင်းတွင် ပေါ်ပေါက်လာသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုအစောပိုင်းတွင် တရုတ်စက်မှုလုပ်ငန်း မီးရှို့ခံရချိန်တွင် တရုတ်နိုင်ငံနှင့် ပတ်သက်သည့် တင်းမာမှုများ ပိုဆိုးလာသည်။

ထို့ကြောင့် ယခုစာတမ်းသည်

(၁) ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနှင့် တရုတ်ကြား ဆက်ဆံရေးကို ဆန်းစစ်ရန်နှင့်

(၂) အနာဂတ်တွင် တရုတ်နှင့် မြန်မာကြား ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန်နှင့် တိုးမြှင့်ရန် နည်းလမ်းများကို အဆိုပြုရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် အတိတ်နှင့်ပစ္စုပ္ပန်တွင် အဓိကမိတ်ဖက်နိုင်ငံဖြစ်လာရသည့် အကြောင်းအရင်းအမျိုးမျိုးကို ဆွေးနွေးထားသည်။

ယခုသုတေသနတွင် ပါဝင်သူ ခြောက်ဦးကို ၎င်းတို့၏ သမိုင်းကြောင်း၊ ကျွမ်းကျင်မှုနယ်ပယ်နှင့် အသက်အရွယ်ပေါ်မူတည်၍ ရွေးချယ်ခဲ့သည်။ ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် နောက်ခံသမိုင်းကြောင်းကို အခြေခံ၍ အနည်းဆုံး နိုင်ငံရေး လေ့လာသုံးသပ်သူ သုံးဦး၊ သတင်းထောက် တဦးနှင့် NUG အစိုးရအဖွဲ့မှ နှစ်ဦးတို့ကို မေးမြန်းထားခြင်းဖြစ်သည်။

တွေ့ရှိချက်များ

ဖြေကြားချက်အရ တွေ့ရှိချက်များကို နှစ်ပိုင်းခွဲထားသည်။ ပထမအချက်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဆွေးနွေးထားသည်။ ဒုတိယအပိုင်းတွင် တရုတ်သို့ သာတူညီမျှသက်ရောက်သော မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများနှင့် နိုင်ငံရေးအကျိုးအမြတ်ရလဒ်များကို ရှုမြင်ခြင်းပါဝင်ပြီး လူတွေ့မေးမြန်းခြင်း၊ ကမ္ဘာ့အရေးစောင့်ကြည့်သူများ၏ အစီရင်ခံစာများ၊ သတင်းနှင့် ဆောင်းပါးများ ခွဲခြမ်းစိတ်ဖြာခြင်း အပါအဝင် အရင်းအမြစ်များကို အထောက်အကူအဖြစ် အသုံးချလျက် ယခုအချိန်တွင် တရုတ်နှင့် မြန်မာ၏ သံတမန်အခြေခံ အရွေ့အကြား အလားအလာရှိသော စိန်ခေါ်မှုများနှင့် အနာဂတ်နိုင်ငံရေးအခင်းအကျင်း ခွဲခြမ်းစိတ်ဖြာမှုကို အလေးပေးထားသည်။

မြန်မာနှင့်တရုတ် ဆက်ဆံရေး

သုတေသနပြုမေးမြန်းချက်များမှ ဖြေဆိုသူများ၏ အကြောင်းအရာများကို (၁) မြန်မာ့နိုင်ငံရေး၏ လက်ရှိအခြေအနေ၊ (၂) မြန်မာစစ်တပ်နှင့် NUG အစိုးရကဏ္ဍကို ခွဲခြမ်းစိတ်ဖြာမှုနှင့် (၃) တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးဖြစ်စဉ်များဟု အဓိကအားဖြင့် အချက် သုံးချက်ဖြင့် ခွဲခြားဖော်ပြထားသည်။ အဆိုပါလေ့လာမှုသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုအလွန် အကျပ်အတည်းအတွင်း ပြည်တွင်းဒီမိုကရေစီအကျပ်အတည်းပြဿနာများက တရုတ်နှင့် မြန်မာကြား သံတမန်ဆက်ဆံရေးအပေါ် မည်သို့သက်ရောက်ကြောင်း ရှင်းပြရန် ရည်ရွယ်သည်ဟု ဆိုသည်။

တရုတ်-မြန်မာဆက်ဆံရေးအပေါ် သက်ရောက်သော မြန်မာ၏ တရားဝင်မှုအကျပ်အတည်း

မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးအရ မငြိမ်မသက်ဖြစ်နေပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာတဝန်းကို သက်ရောက်မှုရှိနေကြောင်း ဖြေကြားသူ အားလုံးက ပြောသည်။ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးသည် တရုတ်နှင့်ဆက်ဆံရေးကိုလည်း အပျက်သဘောသက်ရောက်မှုရှိသည်ဟုလည်း ဆိုသည်။

လက်ရှိ နိုင်ငံရေး အခြေအနေသည် မြန်မာနိုင်ငံ၏ အနာဂတ်၏ အဆိုး အကောင်းကို ဆုံးဖြတ်ရန် ကြားကာလဖြစ်ပြီး ပြည်သူများအတွက် အဆိုးရွားဆုံး ပြည်တွင်းစစ် အတွေ့အကြုံများခံစားနေရသည်။ ၎င်းသည် ပြည်သူများခံစားနေရသော အဆိုးရွားဆုံး အခြေအနေများထဲမှ တခုဖြစ်ပြီး ယင်းက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ အကောင်းဆုံး အခွင့်အလမ်းဖြစ်သည်ဟု သုတေသနတွင် ပါဝင်သူတဦးက ပြောသည်။

NUG အစိုးရသည် စစ်အာဏာရှင်တို့ထက် လျင်မြန်စွာ လှုပ်ရှားသင့်ပြီး စစ်တပ်က စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လက်တွေ့တွင် လူ့အခွင့်အရေး ဂုဏ်သိက္ခာကို ချိုးဖေါက်နေရင်း EAO များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်ရန် ကြိုးပမ်းနေချိန်တွင် NUG သည် အဓိကကျသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံရန် ကြိုးပမ်းသင့်သည်ဟုလည်း စာတမ်းတွင် အကြံပြုထားသည်။ နိုင်ငံရေးလုပ်ဆောင်ချက်တွင် နှောင့်နှေးသော NUG ၏ အားနည်းချက်အချို့သည် ဒေသခံပြည်သူများ၏ လုံခြုံရေးကိုလည်း ထိခိုက်ကြောင်း ထောက်ပြထားသည်။

စစ်ကောင်စီနှင့် NUG အစိုးရတို့၏အခန်းကဏ္ဍနှင့် ဖြစ်စဉ်များ

စစ်တပ်သည် အာဏာသိမ်းပြီးကတည်းက အရပ်သားများကို အဓမ္မဖမ်းဆီးလျက် ကျေးလက်နှင့် မြို့ပြများတွင် ပြင်းထန်စွာ ထိုးစစ်ဆင်ရင်း နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဝင်ဆံ့ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။

NUG သည် အစိုးရ၏ လုပ်ငန်းဆောင်တာအဖြစ် အပြည့်အဝ လုပ်ဆောင်ရန် ကြိုးစားသော်လည်း လက်နက်ကိုင် တော်လှန်ရေးသမားများသည် အများပြည်သူဆိုင်ရာ ပြဋ္ဌာန်းချက်များအစား လက်တွေ့အခြေအနေများတွင် အချိန်တိုအတွင်း အကောင်းဆုံး ရလဒ်များကို ပေးနိုင်သည်။ NUG အနေဖြင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် အမှန်တကယ်အာဏာရရှိရန် ပိုမိုကောင်းမွန်သောနည်းလမ်းများကို ရှာဖွေရန် ၎င်းတို့၏ မဟာဗျူဟာအစီအစဉ်နှင့် စစ်ရေးနည်းဗျူဟာများကို ပြန်လည်သုံးသပ်သင့်သည်ဟုလည်း ပါဝင်ဖြေဆိုသူများက ပြောသည်။

တရုတ်နှင့် မြန်မာကြား သံတမန်ရေး ခိုင်မာစေရန် နည်းလမ်းများ

ပထဝီဝင်နိုင်ငံရေးအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အာဏာကြီးထွားမှုကို မရှောင်လွှဲနိုင်သောကြောင့် NUG အစိုးရ အနေဖြင့် ယင်းကဏ္ဍအားလုံးမှ ဖြစ်နိုင်ခြေရှိသော ရလဒ်များကို ထည့်သွင်းစဉ်းစားသင့်သည်ဟု မေးမြန်းခန်းတွင်ပါဝင်သူတဦးက အကြံပြုထားသည်။ သို့သော် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် ဆက်လက်တည်ရှိနေပြီး မြန်မာနိုင်ငံအပေါ် ၎င်းတို့၏ တုံ့ပြန်မှုများကို စောင့်ကြည့်ရန် လိုအပ်သည်။ မြန်မာ့နိုင်ငံရေး အခြေအနေတွင် တရုတ်နိုင်ငံက ဆက်လက်ရှိနေမည်ဖြစ်သော်လည်း ၎င်းတို့က တည်ငြိမ်မှုကိုသာ လိုလားသည်။

ထို့ကြောင့် တရုတ်နိုင်ငံသည် လက်ရှိ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေပေါ်မူတည်ကာ မြန်မာနိုင်ငံအပေါ် ၎င်း၏မူဝါဒကို ပြောင်းလဲပေလိမ့်မည်။ NUG သည် စစ်အုပ်စုထက် နိုင်ငံရေးနောက်ခံအတွက် ထောက်ခံမှုရရှိရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းသင့်သည်ဟု စာတမ်းတွင် ဖော်ပြထားသည်။

ဆွေးနွေးမှု

သုတေသန တွေ့ရှိချက်များနှင့် ဒုတိယရင်းမြစ်များအပေါ် အခြေခံ၍ ဆွေးနွေးမှု အပိုင်းများကို မြန်မာနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးနှင့် လက်ရှိ မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ၎င်းတို့၏ ဆက်ဆံရေးထိန်းသိမ်းမှု အပိုင်းများကို ဆန်းစစ်ထားသည်။ နှစ်နိုင်ငံစလုံးသည် အာဏာသိမ်းမှုအခြေအနေအလွန် ၎င်းတို့ ဆက်ဆံရေးကို မည်သို့ မြှင့်တင်ကာ ခိုင်မာစေနိုင်ကြောင်းလည်း သုတေသီများက ဆွေးနွေးထားသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနှင့် တရုတ်ကြား ဆက်ဆံရေး

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အလှည့်အပြောင်းတွင် စစ်တပ်သည် ၎င်းတို့ ရေးဆွဲထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခရာကျသောဆုံးဖြတ်ချက်များကို ချုပ်ကိုင်ထားသော်လည်း ယနေ့အထိ ပြည်သူများ၏ ထောက်ခံမှု မရခဲ့ပေ။ ထို့ပြင် မြန်မာနိုင်ငံသည် စီးပွားရေးအရ ဖွံ့ဖြိုးမှုအားနည်းသော နိုင်ငံဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်စသည့် တခြားအင်အားကြီးနိုင်ငံများ၏ ပထဝီဝင်နိုင်ငံရေးအရ လွှမ်းမိုးခံနေရသည်။ တရုတ်နိုင်ငံသည် တခြားအရာထက် ၎င်း၏အမျိုးသားအကျိုးစီးပွားကို အမြဲအလေးပေးနေသည်ဟု လေ့လာသူအများအပြားက ယူဆထားပြီး မြန်မာ့နိုင်ငံရေး မတည်မငြိမ်ဖြစ်နေပါက ၎င်းတို့၏စီးပွားရေးအကျိုးစီးပွားအား ထိခိုက်မည်ကို တရုတ်က မနှစ်မြို့သည်မှာ ထင်ရှားသည်။

တရုတ်နှင့် မြန်မာကြား ဆက်ဆံရေး ခိုင်မာစေရန် နည်းလမ်းများ

လက်ရှိတွင် မြန်မာနိုင်ငံ၏ မတည်မငြိမ်အခြေအနေသည် အာဆီယံ၊ အမေရိကန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကဲ့သို့သော နိုင်ငံခြားရေးကိစ္စများကို သက်ရောက်မှုရှိသည်။တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ နှောင့်နှေးကာ ဆုံးရှုံးသွားသောကြောင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို မကြိုက်ကြောင်း အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့အစည်း (USIP)၏ တရုတ်-မြန်မာလေ့လာရေးအဖွဲ့က ဖော်ပြခဲ့သည်။ ထို့ကြောင့် အစိုးရများသည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒတွင် ဖြစ်နိုင်သော မဟာဗျူဟာများနှင့် ပွင့်လင်းမြင်သာမှုကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ သုတေသနတွင်ပါဝင်သူအားလုံးက NUG အစိုးရသည် အဆုံးတွင် အောင်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။ သို့သော် NUG က စစ်အာဏာရှင်စနစ်ကို မည်ကဲ့သို့ အဆုံးသတ်ကာ တရုတ်နှင့် မြန်မာကြား သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းရန် ပိုမိုကောင်းမွန်သော အဖြေတခုကို မည်သို့ ရှာမလဲဆိုသည်မှာ မခန့်မှန်းနိုင်ပေ။

NUG အစိုးရသည် လက်တွေ့ကျသော မူဝါဒများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်သုံးသပ်ရန်နှင့် ပြည်သူအပေါ် ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုရန် လိုအပ်သည်။ နိုင်ငံ၏ စီးပွားရေးယိုယွင်းမှုကို ပြုပြင်ရန် မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ယုံကြည်စိတ်ချရသော မိတ်ဖက်များ လိုအပ်သည်။ နှစ်နိုင်ငံအကြား ရင်းနှီးမြုပ်နှံမှုစီမံကိန်းများနှင့် နယ်စပ်ကုန်သွယ်ရေးသည် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းရန် အဓိကအချက်များဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအကျပ်အတည်းကို ကိုင်တွယ်ရန် မဟာဗျူဟာများကို ဂရုတစိုက် ချမှတ်ဆောင်ရွက်နေပြီး မြန်မာ့အပြောင်းအလဲများမှ အကောင်းဆုံးရလဒ်များကို စောင့်ဆိုင်းနေသည်။

အကြံပြုချက်များ

မြန်မာလူမျိုးများနှင့် တိုင်းရင်းသားလူနည်းစုများသည် ဆယ်စုနှစ်များစွာအတွင်း စစ်တပ်၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။ ထို့ကြောင့် သုတေသီက နယ်စပ်လုံခြုံရေးအတွက် သံတမန်ဆက်ဆံရေးထားရှိရန် NUG အစိုးရနှင့် တရုတ်တို့အား အကြံပြုချက်များပေးထားသည်။

တရုတ်နိုင်ငံအနေဖြင့် အထူးသဖြင့် ယခုအခြေအနေတွင် NUG ကို ထောက်ခံပြီး ပြည်သူများ၏ ဆန္ဒကို လေးစားမည်ဆိုပါက တရုတ်နိုင်ငံအတွက် ပိုမိုကောင်းမွန်သော ရလဒ်များနှင့် စီးပွားရေး အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးသည် ရေရှည်တည်တံ့မည်ဖြစ်သည်။ တရုတ်သည် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် ယုံကြည်မှုနှင့် ဒေသတွင်း တည်ငြိမ်မှု ရရှိရန် ဖြစ်နိုင်ခြေရှိသော ပြုပြင်ပြောင်းလဲမှုများကို စဉ်းစားသင့်ပေသည်။

NUG အစိုးရသည်လည်း ပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်းရန်နှင့် EAO ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံရန် ပိုမိုလိုအပ်သည်။ အစိုးရတရပ်အနေဖြင့် စီရင်ပိုင်ခွင့်ရှိသူများသည် အထက်အဆင့် အစိုးရအရာရှိများနှင့် အစဉ်အလာအရ လုပ်ဆောင်ရုံသာမက တော်လှန်ရေးသမားများ အလိုအပ်ဆုံးအချိန်တွင် မြေပြင်လက်တွေ့ဘဝအခြေအနေနှင့် ဟန်ချက်ညီအောင်လည်း ကြိုတင်စစ်ဆေးသင့်သည်။

နိုင်ငံတကာအဆင့်တွင် အစိုးရသည် တရုတ်နှင့် အိန္ဒိယကဲ့သို့သော အင်အားကြီးနိုင်ငံများကို ပထဝီဝင်နိုင်ငံရေးအရ ရှောင်လွှဲ၍မရဘဲ နိုင်ငံ၏အကျပ်အတည်းများကို ဖြေရှင်းရေး ပိုမိုကောင်းမွန်သောရလဒ်များရရှိရန် အမျိုးသားအကျိုးစီးပွားအတွက် ပါဝင်ဆောင်ရွက်သင့်သည်။

ထို့ကြောင့် အနိုင်ရအစိုးရအနေဖြင့် အောက်ခြေမှနေ၍ တည်ဆောက်ရန် နိုင်ငံ၏ ကဏ္ဍများဆိုင်ရာအခြေခံအဆောက်အအုံ ပြည့်စုံရန် လိုအပ်ကြောင်း၊ အစိုးရ၏ ကဏ္ဍတိုင်းတွင် လစ်ဟာနေမှုများကို ဖြည့်ဆည်းရန် ကျွမ်းကျင်သော ပညာရှင်များနှင့် ကျွမ်းကျင်သူများ လိုအပ်ကြောင်း၊ နိုင်ငံပြန်လည်တည်ဆောက်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံရေး၏ အဓိကကျသူများအဖြစ် ပါဝင်ခွင့်ပေးစေသင့်ကြောင်းနှင့် ပိုမိုကောင်းမွန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ထည့်သွင်းစဉ်းစားကာ မြန်မာပြည်သူများအတွက် ဖြစ်နိုင်ခြေရှိသော ရလဒ်များနှင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန် လိုအပ်ကြောင်း စာတမ်းတွင် အကြံပြုထားသည်။

(RSU International Research Conference 2023 တွင် သုတေသီများ တင်ပြခဲ့သော “၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တရုတ်နှင့် မြန်မာကြား ဆက်ဆံရေးကို ဆန်းစစ်ခြင်း” စာတမ်းမှ ထုတ်နုတ်ဘာသာပြန်ထားသည်။)