မင်းပြား၌ AA နှင့် တိုက်ပွဲတွင် စကစ တပ်ဖွဲ့ဝင် အများအပြား သေဆုံး

ပုံအညွှန်း- AA က ယနေ့ထုတ်ပြန်လာသော ရုပ်သံဖိုင်မှ ရိုက်ယူထားသော ဓာတ်ပုံများ

မဇ္ဈိမ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သို့ စစ်ကူတက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကြားဖြတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီး သိမ်းဆည်းရရှိသော လက်နက်များကို AA က ယနေ့ထုတ်ပြန်လာသည်။

စစ်ကောင်စီတပ်၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

AA က ယနေ့ ထုတ်ပြန်လာသည့် ငါးမိနစ်ကျော်ရှည်သော ရုပ်သံဖိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် သေဆုံးနေသည်ကို မြင်တွေ့ရပြီး သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းအချို့ကိုလည်း တွေ့ရသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ဇန်နဝါရီလ ၁၀ ရက်နေ့မှ စတင်ပြီး ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုနှင့် အတွဲလိုက်ပစ်ဒုံးများ အသုံးပြု တိုက်ခိုက်နေသည်။