KIA၊ AA နှင့် ဒေသခံပူး‌ပေါင်းတပ်များ မဘိမ်းမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထုတ်ပြန်

002

ရှမ်းပြည်နယ် ‌မြောက်ပိုင်း မိုးမိတ်မြို့နှင့် နယ်‌မြေထိစပ်နေသည့် မဘိမ်းမြို့ကို KIA၊ AA နှင့်ဒေသခံ ပူးပေါင်းတပ်များ ထိန်းချုပ်နိုင်ပြီဟု ‌မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ဇန်နဝါရီ ၂၂ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

” ရက္ခိုင့်တပ်တော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် ဒေသခံပူးပေါင်းတပ်များ၏ ဟန်ချက်ညီ ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ရှိ မိုးမိတ်မြို့နှင့် ထိစပ်နေသည့် “မဘိမ်းမြို့”တွင်ဖော်ဆောင်နိုင်ခဲ့သည်။ မဘိမ်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းများအား မိမိတို့စုပေါင်းအဖွဲ့မှ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး မဘိမ်းမြို့အား ဇန်နဝါရီလ (၂၁) ရက်နေ့မှစတင်၍ မိမိတို့မှ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သည်” ဟု ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆိုသည်။

မဘိမ်းမြို့သည် ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်၊ မံစီမြို့၊ ရှမ်းပြည်နယ် နမ့်ခမ်း၊ မန်တုံ၊ မိုးမိတ်မြို့၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့်မြို့နယ်ဖြစ်ပြီး ဒေသတွင်း PDF တပ်ဖွဲ့များကလည်း KIA၊ AA တို့နှင့်ပူးပေါင်းကာ တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၌လည်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော်တို့သည် ထီးချိုင့်ပတ်ဝန်းကျင်ရှိ ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးတွဲစစ်ဆင်ရေးကို အတူတကွစုပေါင်းပြီး ဟန်ချက်ညီ ထိုးစစ်အား ဆင်နွှဲလျက်ရှိနေသည်ဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးကြီး (၈၈) ရက်မြောက်နေ့တွင် ရက္ခိုင်ဒေသ တွင်း တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့ပြီး ရှမ်းမြောက် ‌ဒေသ၌မူ မိမိတို့ဖက်မှ စတင်ထိုးစစ်ဆင်ခြင်းများ မရှိခဲ့သော်လည်း စစ်ကောင်စီသည် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်း များအပြင် မြေပြင်မှလည်း အလစ်အငိုက်ထိုးစစ်များကိုပါ ပြုလုပ်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများသည် တအာင်းဒေသ အတွင်း ဖြစ်ပွားခဲ့သည်ဟု ‌မြောက်ပိုင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်သည်။

ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ ထပ်မံဖြည့်တင်းလာသည့် စစ်အင်အားများနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသကဲ့သို့ ရက္ခိုင့်တပ်တော်၏ မဟာဗျူဟာကျ စစ်ရေးလှုပ်ရှားရာ စစ်ကိုင်းတိုင်းတွင်လည်း တိုက်ပွဲများ ရှိနေခဲ့သည်ဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။