လက်နက်နှင့်ခိုလှုံလာသည့် အိန္ဒိယပြန် စစ်ကောင်စီတပ်သား ၂ ဦးကို PDF-Tamu ကျပ် သိန်း ၁၂၀ ကျော် ချီးမြှင့်

ပုံအညွှန်း – ခိုလှုံလာသူအား ဆုငွေချီးမြှင့်စဥ် /ဓါတ်ပုံ – PDF – Tamu (တပ်ရင်း၄)

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများနှင့်အတူ ခိုလှုံလာသော စစ်ကောင်စီတပ်သားနှစ်ဦးကို ကျပ် ၁၂၆ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(တမူး) PDF–Tamu တပ်ရင်း(၄)က ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။


ဂုဏ်ပြုဆုချီးမြှင့်ခံရသူနှစ်ဦးမှာ တီးတိန်အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ တပ်သားကျော်လင်းထိုက်နှင့် ကောင်းထက်အောင်တို့ဖြစ်ကြောင်း သိရသည်။


“သူတို့က အိန္ဒိယဖက်ထွက်ပြေးပြီး ပြန်ရောက်လာတဲ့အဖွဲ့ထဲက ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ချိန်မှာ ပလပ် စတစ်အဖြူလေးထောင်ပြီး ဝင်လာတဲ့နှစ်ယောက်ပါ” ဟု PDF–Tamu တပ်ရင်း(၄) တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။


၎င်းတို့နှစ်ဦးသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာအနီး၌ ကာကွယ်ရေးတပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားချိန်တွင် ၎င်းတို့ကိုင်ဆောင်သည့် MA2 နှင့် MA4 သေနတ်နှစ်လက် နှင့် ခဲယမ်းများယူဆောင်ပြီး ခိုလှုံလာခဲ့ခြင်းဖြစ်သည်။


ပြီးခဲ့သော နိုဝင်ဘာလ ၁၅ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် သီးဘွာလ်တပ်စခန်းကို ချင်းအမျိုး သားကာကွယ်ရေးတပ်ဖွဲ့(CNDF)က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်အတွင်းသို့ ထွက်ပြေးခဲ့ရာ အိန္ဒိယအစိုးရက တမူးသို့ လေကြောင်းဖြင့်ပြန်လည်ပို့ဆောင်ခဲ့သည်။


တမူးမြို့ရောက်ပြီးနောက် ထန်းတပင်ရွာကို ဝင်တိုက်ရန် အမိန့်ပေးစေခိုင်းခဲ့ခြင်းကြောင့် ထွက်ပြေးလာရ ခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်သားများက ပြောဆိုထားသည်။


အလားတူ ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံမှပြန်လည်ပို့ဆောင်ထားသည့် တီးတိန်အခြေ စိုက် ခလရ(၂၆၉)တပ်ရင်းမှ တပ်သားဟိန်းမြတ်ကျော်၊ ကိုသူနှင့် စိုင်းထက်အောင်တို့သည် လက်နက် ခဲယမ်းများနှင့်အတူ PDF–Tamu တပ်ရင်း(၄)ထံ ခိုလှုံလာခဲ့ကြောင်းသိရသည်။

စာတည်း။ ။စောဖေ