သဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး အာဆီယံအထူးကိုယ်စားလှယ် NUG နှင့် ဆွေးနွေး

ပုံစာ− NUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် နှင့် အာဆီယံအထူးကိုယ်စားလှယ်

ပုံစာ− NUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်(လက်ဝဲ)နှင့် အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun(လက်ယာ)

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ၏အထူးကိုယ်စားလှယ် Alounkeo Kittikhoun သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ရေး အမြင်ချင်းဖလှယ် ဆွေး နွေးခဲ့ကြကြောင်း သိရသည်။

အာဆီယံအထူးကိုယ်စားလှယ်သစ်၏ မြန်မာခရီးစဉ်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“သူ့အနေနဲ့ Stake Holder တွေနဲ့ တွေ့ဆုံဆွေးနွေးတာရဲ့အစိတ်အပိုင်းတခုလို့ ကျနော်နားလည်ပါတယ်။ သူတို့တာဝန်ယူတဲ့အချိန်မှာ အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ဖို့ကိစ္စကို အမြင် ချင်းဖလှယ်တာဖြစ်ပါတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။

မြန်မာအရေးနှင့်ပတ်သက်သည့် အာဆီယံသဘောတူညီချက်ငါးချက်သည် စစ်ကောင်စီဉက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပခဲ့သည့် အာဆီယံ အရေးပေါ်အစည်းအဝေးသို့သွားရောက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သဘောတူညီချက်ငါးရပ်တွင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ ပြည်သူများ၏အကျိုးစီးပွားအတွက် ငြိမ်းချမ်းသည့် အဖြေတခု ရအောင် သက်ဆိုင်သူအားလုံး အပြုသဘောဆွေးနွေးကြရန်၊ အာဆီယံအတွင်းရေးမှူးချုပ်၏ အကူအညီ ဖြင့် ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်‌ရန် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တဦး က ကြားဝင်ညှိနှိုင်းပေးရန်၊ အာဆီယံအသင်း၏ လူသားချင်းကူညီပေးမှုဆိုင်ရာ အကူအညီပေးရေးဌာနမှ တဆင့် မြန်မာနိုင်ငံကိုအကူအညီများပေးရန်နှင့် သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံရန် အာဆီယံအထူး ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ရန် တို့ပါဝင်သည်။

အာဏာသိမ်းထားသည့်ကာလတလျောက် အာဆီယံအနေဖြင့် မြန်မာအရေးကို ဘုံသဘောတူညီချက် ငါးချက်ဖြင့်ချဉ်းကပ်ပြီး ဖြေရှင်းရန်ကြိုးစားခဲ့သည်။ လက်ရှိတွင် လာအိုနိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ချိန်တွင်လည်း အထက်ပါနည်းလမ်းအတိုင်း မြန်မာအရေးကိုဖြေရှင်းရန် ကြိုးစားလျက်ရှိနေ ခြင်းဖြစ်သည်။

သုံးနှစ်တာကာလအထိ မြန်မာနိုင်ငံတွင် အာဆီယံဘုံသဘောတူညီချက်ငါးချက် အကောင်အထည်မဖော် နိုင်ခြင်းသည် ပြည်သူလူထုဆန္ဒနှင့်ဆန့်ကျင်ပြီး အကြမ်းဖက်နေသည့်စစ်ကောင်စီကြောင့်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုသည်။

“ကျနော်တို့ကတော့ မြန်မာပြည်သူလူထုရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လုပ်ရင် အောင်မြင်ရမယ်ဆိုတာရှိ တယ်။ ဒါပေမယ့် အခက်အခဲကတခုတည်းပါ၊ ဘာလည်းဆိုတော့ အကြမ်းဖက် စစ်ကောင်စီက အာဆီယံ မူငါးချက်ကို မအောင်မြင်စေတဲ့ တခုတည်းသောအတားအဆီး ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအထူးကိုယ်စားလှယ်သစ်သည် ဇန်နဝါရီလဒုတိယပတ်အတွင်းက မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်အပါအဝင် ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ NCA လက် မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချို့တို့နှင့် တွေ့ဆုံခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်သစ်သည် မြန်မာအရေးနှင့်ပတ်သက်ပြီး အိမ်နီးချင်း ထိုင်နိုင်ငံ၊ တရုတ်နိုင် ငံတို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည်။

စာတည်း။ ။စောဖေ