ထားဝယ်နည်းပညာတက္ကသိုလ် ဒုပါချုပ်နဲ့ ပါမောက္ခ ၂ ဦးကို စစ်ဆေးနေဟုဗထူးတပ်မတော် ဆို

နည်းပညာတက္ကသိုလ် (ထားဝယ်)အားတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ ထားဝယ်နည်းပညာတက္ကသိုလ်က Non-CDM ဒုပါမောက္ခချုပ် တဦးနှင့် ပါမောက္ခ နှစ်ဦးတို့ကို ဗထူးတပ်မတော်က ဖမ်းဆီးထားပြီး ထိန်းသိမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဗထူးတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါ Non-CDM ဆရာ/ဆရာမ သုံးဦးကို ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ နည်းပညာတက္ကသိုလ် (ထားဝယ်) အနီး ဘုရားမဲ စစ်ဆေးရေးဂိတ်နှင့် ကပ်လျှက် ဘုရားမဲ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေထိုင်သော ကာကင်းစခန်းနှင့် ဘုရားမဲ စစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ပြီးနောက် တဆက်တည်း ကျောင်းဝင်းထဲ ဝင်ရောက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဗထူးတပ်မတော်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

“သူတို့က စစ်ကျွန်ပညာရေးစနစ်ကို အသက်သွင်းဆောင်ရွက်နေတဲ့သူတွေ ဖြစ်လို့ ဖမ်းဆီးခေါ်လာတာ ဖြစ်တယ်၊ လက်ရှိတော့ အချက်အလက်တွေကို ကောက်ယူပြီး စစ်ဆေးနေပါတယ်၊ အရေးယူဖို့ အပိုင်းကတော့ သေချာ မပြောနိုင်သေးဘူး” ဟု ဗထူးတပ်မတော်ရဲ့ ပြေရေးဆိုခွင့်ရှိသူ ရဲဘော်ထက်မြက်က ပြောသည်။

ဖမ်းဆီးခံထားရသည့် နည်းပညာတက္ကသိုလ်(ထားဝယ်)မှ Non-CDM ဒု-ပါမောက္ခချုပ် ဦးကျော်အောင်၊ ပါမောက္ခ ဒေါ်စုစုလတ်နှင့် ပါမောက္ခ ဒေါ်နန္ဒာလွင် သုံးဦးတို့ ဖြစ် သည်။

အထက်ပါ ဆရာ၊ ဆရာမ သုံးဦးအား ဖမ်းဆီးခံရသည့် သတင်းကြောင့် အပြင်တွင်ရှိသည့် အဆိုပါ နည်းပညာတက္ကသိုလ်တွင် ယနေ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့၌ ကျောင်းသားများ လာရောက် ကျောင်းတက်တာမျိုး မရှိတော့ဘဲ ပိတ်ထားရကြောင်း ဒေသခံများက ပြောသည်။

‌အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း လောင်းလုံးမြို့နယ်က ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာနှင့် ဆရာမ ခြောက်ဦးကို လောင်းလုံး ပကဖက ဖမ်းဆီးခဲ့ကာ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယင်း ဆရာ၊ ဆရာများက CDM ဝင်ဖို့သဘောတူခဲ့၍ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ကြောင်း လောင်းလုံး ပကဖက ထုတ်ပြန်ထားသည့် အချက်အလက်များ အရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)