လူ့အခွင့်အရေး အခြေအနေများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခံနေရသည့် တရုတ်နိုင်ငံ

Photo:AFP

Devdiscourse:-

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ စတုတ္ထအကြိမ် ကမ္ဘာ့နိုင်ငံအားလုံးမှ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ်(UPR)ဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းအစီရင်ခံစာသည် နိုင်ငံတကာ စုံစမ်းဆေးမှုများနှင့် ရင်ဆိုင်နေရသည်။ အဆိုပါ အစည်းအဝေးကို ဇန်နဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ယင်းသုံးသပ်မှုလုပ်ငန်းစဉ်သည် တရုတ်အား ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်များနှင့်ပတ်သက်၍ တာဝန်ခံမှုရှိစေရန် အဖွဲ့ဝင်နိုင်ငံများ အတွက် အထူးအခွင့်အရေးတရပ်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများနှင့် လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများက ပြောကြားထားသည်။

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ်(UPR) ဆိုသည်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ကမကထပြု၍ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပြန်လည်ဆန်းစစ်သုံးသပ်သည့် လုပ်ငန်းစဉ် ဖြစ်သည်။ UPR တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ လူ့အခွင့်အရေး မှတ်တမ်းများ၊ လူ့အခွင့်အရေး ဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အချင်းချင်း စိစစ်သုံးသပ်ပြီး စိစစ်ခံရသည့် နိုင်ငံအတွက် အကြံပြုချက်များ ပေးအပ်ခြင်းဖြစ်သည်။ ယင်းလုပ်ငန်းစဉ်သို့ တရုတ်နိုင်ငံက ပါဝင်တက်ရောက်ခဲ့သည်မှာ ယခုအကြိမ်ဆိုလျှင် လေးကြိမ်ရှိပြီဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ နိုင်ဝင်ဘာလက နောက်ဆုံးအကြိမ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ဝီဂါများအတွက် ထိန်းသိမ်းရေးစခန်း အမြောက်အမြားရှိကြောင်း ကုလသမဂ္ဂကော်မတီတခုက ထုတ်ဖော်ခဲ့ပြီးနောက် နိုင်ငံများက တောင်းဆို၍ ထိုစဉ်က တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်သည့် တရုတ်၏ တတိယအကြိမ်မြောက် လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ်(UPR)တွင် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၅၀ ထံမှ အကြံပြုချက် ၃၄၆ ခု ရရှိခဲ့ပြီး ၎င်းတို့ထဲမှ ၂၈၄ ခုကို လက်ခံခဲ့ကာ အများအပြားကို လက်ခံ၍ အကောင်အထည်ဖော်ပြီးကြောင်း မှတ်ချက်ပြုခဲ့ခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ အကြံပြုချက်လက်ခံမှုနှုန်း မြင့်မားသော်လည်း တရုတ်သည် ဝီဂါနှင့် တိဗက်လူမျိုးများဆိုင်ရာ အကြံပြုချက်များ၊ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံ၏ ဒေသအားလုံးသို့ ကုလသမဂ္ဂကို ကန့်သတ်ချက်မရှိ ဝင်ရောက်ခွင့်ဆိုင်ရာ အကြံပြုချက်များ၊ အဓမ္မ လက်စဖျောက်မှုများနှင့် မတရားဖမ်းဆီးထိန်းသိမ်းမှုများ၊ သေဒဏ်ပေးခြင်းနှင့် နိုင်ငံတကာ သဘောတူစာချုပ်များကို အတည်ပြုလိုက်နာခြင်းဆိုင်ရာ အကြံပြုချက်များကို ကျယ်ကျယ်ပြန့်ပြန့် ပယ်ချခဲ့သည်။

၂၀၁၈ ခုနှစ်မှစ၍ လူ့အခွင့်အရေးချိုးဖောက်မှုများ မြင့်တက်လာခြင်းကို ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့အစည်း အများအပြားက မှတ်တမ်းတင်ထားခဲ့သည်။ ရှင်ကျန်းဒေသရှိ အခြေအနေများနှင့်ပတ်သက်၍ လူ့အခွင့်အရေးကောင်စီတွင် ဆွေးနွေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်တခုသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ပြီးနောက် ကုလသမဂ္ဂ အချက်အလက်များအပေါ် အခြေခံ၍ တရုတ်နိုင်ငံဆိုင်ရာ မှတ်တမ်းများကို ပွင့်ပွင့်လင်းလင်း ငြင်းခုံ ဆွေးနွေး၊ စိစစ်နိုင်သည့် ကျန်နေရာ အနည်းငယ်တွင် UPR လည်း ပါဝင်သည်။

ယခု UPR အစည်းအဝေးသည် ဝီဂါနှင့် အခြားလူနည်းစုများအပေါ် တရုတ်၏ လုပ်ရပ်များမှာ လူသားမျိုးနွယ်ကို ကျူးလွန်သည့် ရာဇဝတ်မှုမြောက်နိုင်ကြောင်း ဖော်ထုတ်ထားပြီး တရုတ်က သံတမန်ရေးအရ ဖုံးဖိရန် အသည်းအသန် ကြိုးပမ်းခဲ့သည့် ကုလသမဂ္ဂ၏ “ရှင်ကျန်းအစီရင်ခံစာ” ကို ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်ကျင်းပသည့် အစည်းအဝေးလည်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ဆွေးနွေးနိုင်ခြင်း မရှိသည့်အတွက် UPR သည် တရုတ်၏ လူ့အခွင့်အရေး အကျပ်အတည်းအပေါ် ကမ္ဘာလုံးဆိုင်ရာ စိစစ်သုံးသပ်မှုပြုလုပ်နိုင်သည့် ရှားရှားပါးပါး အခိုက်အတန့်တခု ဖြစ်သည်။

သုံးသပ်ရေးလုပ်ငန်းစဉ်အပြီးတွင် အစိုးရသည် ရရှိလာသော အကြံပြုချက်များကို ပြန်လည်သုံးသပ်၍ အကောင်အထည်ဖော်မည့် အချက်များနှင့် မဖော်မည့် အချက်များကို ဆုံးဖြတ်သွားမည် ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တရုတ်နိုင်ငံအနေဖြင့် အချက်အလက်များ ထပ်မံပေးပို့ရန် အခွင့်အရေးရရှိမည်ဖြစ်ပြီး အစိုးရနှင့် NGO အနည်းအကျဉ်းကသာ အကြံပြုချက်များ ပြုလုပ်နိုင်မည် ဖြစ်သည်။ ထို့နောက် တရုတ်၏ UPR အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီက အတည်ပြုမည် ဖြစ်သည်။ တရုတ်အစိုးရအနေဖြင့် ရရှိလာသည့် အကြံပြုချက်များကို ၂၀၂၉ ခုနှစ်တွင် တင်သွင်းရမည့် နောက်ထပ် UPR အစီရင်ခံစာမတိုင်မီ အကောင်အထည်ဖော်မည်ဟု ယူဆရသည်။ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ကြားဖြတ်အစီရင်ခံစာတင်သွင်းရန် တရုတ်အစိုးရကို ကုလမဂ္ဂက တိုက်တွန်းခဲ့သော်လည်း တကြိမ်တခါမျှ တင်သွင်းခဲ့ဖူးခြင်း မရှိပေ။