ရခိုင်ပြည်နယ် ပေါက်တောမြို့အားအလုံးစုံ ထိန်းချုပ်နိုင်ပြီဟု AA ကြေညာ

Photo-ပေါက်တောမြို့သိမ်း AA တပ်ဖွဲ့

002
(မဇ္ဈိမ) ။ ။ ၁၀၂၇ စစ်ဆင်ရေး၏ ရက် ၉၀ ‌မြောက်တွင် ရခိုင်ပြည်နယ် ပေါက်တောမြို့ကို အလုံးစုံထိန်းချုပ် နိုင်ပြီဖြစ်‌ကြောင်း ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဇန်နဝါရီလ ၂၄ ရက်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။


အဆိုပါစစ်ဆင်ရေးကာလအတွင်း AA အနေဖြင့် ပလက်၀ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များကို ရှင်းလင်း ခဲ့ပြီးနောက် ‌ဒုတိယ‌မြောက်မြို့အဖြစ် ရခိုင်ပြည်နယ် ပေါက်တောဝမြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။


စစ်ဆင်ရေးသုံးလပြည့်သည့်ရက်တွင် ရှမ်းမြောက်၌ တိုက်ပွဲကြီးကြီးမားမားမရှိသော်လည်း ရခိုင်ပြည်နယ် တွင်မူ တိုက်ပွဲများပြင်းထန်နေခဲ့သည်ဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဆိုသည်။


ရက္ခိုင်ဒေသတွင်း၌ ပေါက်တောမြို့အား ရက္ခိုင့်တပ်တော်(AA)က အလုံးစုံထိန်းချုပ်ထားပြီးဖြစ်‌‌ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များ၌ လက်နက်ချ အညံ့မခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်‌ ကြောင်း ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။


ထို့ပြင် စစ်ကောင်စီ၏ တပ်မဌာနချုပ်နှင့် အထိုင်ချစခန်းများကို တခုပြီးတခု သိမ်းပိုက်ရယူရန် ကြိုးစား လျက်ရှိနေပြီး ရက္ခိုင့်တပ်တော်၏ အခြားသောစစ်ရေးလှုပ်ရှားရာဒေသများဖြစ်သော စစ်ကိုင်းတိုင်းနှင့် အခြားနေရာများ၌လည်း မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မိမိကိုယ်မိမိ ခုခံကာကွယ်စစ်များ ဆင်နွှဲလျက်ရှိသည်ဟု ‌မြောက်ပိုင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။


ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်က မင်းပြားမြို့နယ်၊ သဲတန်းကျေးရွာအား စစ်ကောင်စီ‌ ရေတပ်စစ်သင်္ဘောမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတဦး သေဆုံးခဲ့ ပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် လက်နက်ကြီးကျည်ထိမှန်၍ ကျေးရွာတွင်းရှိ နေအိမ်သုံး‌လုံးပျက်စီးခဲ့ရသည်ဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဆိုသည်။


စစ်ကောင်စီက ရမ်းဗြဲမြို့ပေါ်ရပ်ကွက်နှင့် အနီးတစ်ဝိုက်နေရာများသို့ ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်များဖြင့် ၃၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဇန်နဝါရီ ၂၄ ရက်မှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးနေ့တနေ့ဖြစ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း လူနေအိမ်၊ အဆောက်အအုံနှင့် ချောင်းကူးတံတားအချို့၊ ရမ်းဗြဲမြို့မရဲစခန်းနောက်ဘက်ရှိ ရမ္မာဝတီစျေးမှ ဆိုင်ခန်း‌ခြောက်ခန်း မီးလောင်ခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြသည်။


အလားတူ မောရ၀တီဗျုဟာမှ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်၌ လက်နက်ကြီးများဖြင့်‌ ခြောက်ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည်တလုံးမှာ မောင်တောမြို့နယ်၊ ဇော်မတက်အုပ်စု၊ ကိုင်းကြီး (မြို)ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တဦးနှင့် ၁၀ နှစ် အရွယ်ယောကျာ်းလေးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ စကခ(၁၅)မှလည်း ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဘူးသီးတောင်မြို့နယ်၊ မောင်နှမပုလဲတောင်ရွာကြီးမှ အရွယ်မ‌ရောက်‌‌သေးသော မွတ်ဆလင်ညီအစ်ကိုသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်။ ထို့အပြင် ကလေးငယ် နှစ်ဦးအပါအဝင် ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

စာတည်း။ ။စောဖေ