တူမီးထီ ရန်ပုံငွေ ကျပ် ၂၄သိန်းကို CDF ထံ ပေးအပ်

တူမီးထီ ရန်ပုံငွေ ကျပ် ၂၄သိန်းကို CDF ထံ ပေးအပ်

ချင်းပြည်နယ် တော်လှန်ရေးတွင် ဘဏ္ဍာငွေအားဖြည့်ရန် ဖွင့်လှစ်ထားသည့် တူမီးထီ အပတ်စဥ် (၁၇) မှ ရရှိလာသော ရန်ပုံငွေကို CDF – CDM Siyin တပ်ဖွဲ့ သို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း အောက်တိုဘာလ ၄ရက်နေ့တွင် ထုတ်ပြန်သည်။

ထီအစောင်ရေ ၂၂၂စောင်ရောင်းရ၍ဒေါ်လာ ၁,၁၁၀ ရရှိပြီး ဆုကြေးငွေ နှင့် အေးဂျင့်အတွက် ၃၁၀နုတ်ပြီး‌နောက် ကျန်ရှိသည့် ဒေါ်လာ ၈၀၀နှင့်ညီမျှသော ၂၄၀၀,၀၀၀(နှစ်ဆယ့်လေးသိန်း) ကျပ်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

တူမီးထီမှ ရန်ပုံငွေများသည် ချင်းတော်လှန်ရေးအင်အားစုအသီးသီးထံသို့ စီးဆင်းနေသဖြင့် ပြည်သူအများအနေဖြင့် တူမီးထီထိုးပြီး ချင်းတော်လှန်ရေးအင်အားစုများကို အားဖြည့်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အပတ်စဥ် (၁၆) မှ ရရှိလာသော ရန်ပုံငွေ ကျပ် ၁,၇၂၅,၀၀၀ ကို CDF-Mara တပ်ဖွဲ့ထံ ပေးပို့ခဲပြီး အပတ်စဥ် (၁၈)မှရရှိလာမည့် ရန်ပုံငွေများကို CDF – Matupi ထံ ပေးပို့သွားမည်ဖြစ်ကြောင်းအသိပေးထားသည်။

လာမည့် အပတ်စဥ် (၁၈) တွင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၈၅၀ နှင့်စတင်မည် ဖြစ်ပြီး ထီအစောင်ရေ ရောင်းရမှုပေါ်မူတည်ပြီး ဆုကြေးငွေတိုးသွားမည်ဖြစ်ကြောင်း သိရသည်။

တူမီးထီ ကို လက်မှတ်တစောင်လျှင် ငါးဒေါ်လာဖြင့် ရောင်းချလျက်ရှိပြီး အပတ်စဥ် (၁၈) ကံထူးရှင်များကို အောက်တိုဘာလ ၃၁ရက်နေ့တွင် ရွေးချယ်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
တူမီးထီသည် ၂၀၂၁ ခုနှစ်တွင်စတင်သည့် မြန်မာနွေဦးတော်လှန်ရေးအတွက် လိုအပ်သည့် တော်လှန်ရေးရန်ပုံငွေရှာဖွေရန် ဖွဲ့စည်းထားသော ချင်းရန်ပုံငွေအဖွဲ့ (Chin Relief Funding Program – CRFP ) က ရောင်းချသည့် ချင်းဒီဂျစ်တယ်ထီဖြစ်သည်။

CRFP သည် တော်လှန်ရေးကာလအတွင်းနှင့် တော်လှန်ရေးအလွန်ကာလများအတွက်ပါ လိုအပ်သည့်ရန်ပုံငွေများကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးရန် မူဝါဒများနှင့် စနစ်တကျဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး