ရီးယဲလ်မက်ဒရစ်က “Money League” ရဲ့ ထိပ်ဆုံးနေရာကို ရယူထား

By PKThawn

ရီးယဲလ်မက်ဒရစ်ဟာ ၂၀၂၂-၂၃ အတွင်း ဝင်ငွေအများဆုံးအသင်းအဖြစ် မန်ချက်စတာစီးတီးကို ကျော်ဖြတ်ခဲ့တာကြောင့် စပိန်ကလပ်ဟာ Deloitte Football ‘Money League’ ရဲ့ ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ရီးယဲလ်ဟာ စံချိန်တင်ဝင်ငွေ ယူရို ၈၃၁ သန်း (ဒေါ်လာ ၉၀၅ သန်း) ရရှိပြီး အရင်နှစ်ထက် ယူရို ၁၁၈ သန်း တိုးမြှင့်လာမှုနဲ့အတူ ၂၀၁၇-၁၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Deloitte ဘဏ္ဍာရေးအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို ပြန်ရောက်ခဲ့တာပါ။

ရီးယဲလ်ဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ ဖလားလက်မဲ့နဲ့ ချန်ပီယံ ဘာစီလိုနာနောက် ၁၀ မှတ်အကွာ အဆုံးသတ်ခဲ့သလို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာလည်း မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့ပေမယ့် သူတို့တွေရဲ့ ကြီးထွားမှုဟာ Covid-19 ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးပြီးနောက် လက်လီရောင်းချမှု စွမ်းဆောင်ရည် အားကောင်းခြင်း၊ ကွင်းတွင်းလာရောက်ကြည့်ရှုမှု ပိုမိုများပြားလာခြင်းနဲ့ စပွန်ဆာဝင်ငွေ ပြန်လည်ရရှိမှုတို့ကြောင့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းဟာ ၂၀၂၄ အဆင့်သတ်မှတ်ချက်မှာ ဒုတိယနေရာကို ကျဆင်းသွားခဲ့ပါတယ်။

စီးတီးက တရာသီအတွင်း ၎င်းရဲ့ အမြင့်ဆုံးတကာအမြင့်ဆုံးဝင်ငွေ ယူရို ၈၂၆ သန်း ရှိခဲ့ပြီး ရုပ်သံထုတ်လွှင့်မှုနဲ့ commercial ဝင်ငွေနှစ်ရပ်လုံးကို ယူရို သန်း ၅၀ နဲ့ ယူရို ၂၆ သန်း အသီးသီး တိုးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပြင်သစ်ချန်ပီယံ ပဲရစ်စိန့်ဂျာမိန်းက ဝင်ငွေ ယူရို ၈၀၂ သန်းဖြင့် ပထမအကြိမ် ထိပ်ဆုံး (၃) နေရာကို ချိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ကလပ်စံချိန်တင် လိုင်စင်ကြေး၊ ရောင်းကုန် ဝင်ငွေတွေနဲ့ ပရိသတ်တွေ အားကစားကွင်းတွေကို ပြန်လည်ရောက်ရှိမှုနဲ့အတူ ၎င်းတို့ရဲ့ ဝင်ငွေ ယူရို သန်း ၈၀၀ ကြောင့် သူတို့ကို အဆင့် (၇) နေရာမှ မြင့်တက်လာစေပြီး အဆင့် (၄)နေရာမှာ ရပ်တည်စေခဲ့ပါတယ်။

Commercial ဝင်ငွေဟာ Covid-19 ရိုက်ခတ်ခဲ့တဲ့ ၂၀၁၉-၂၀ ရာသီကလွဲပြီး ၂၀၁၅-၁၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ‘Money League’ ကလပ်တွေအတွက် အကြီးမားဆုံးဝင်ငွေစီးကြောင်းကို ကိုယ်စားပြုခဲ့ပါတယ်။

ထိပ်တန်းကလပ် ၂၀ မှ ကလပ် ၁၇ သင်းဟာ တနှစ်ထက်တနှစ် commercial ဝင်ငွေ တိုးလာကြောင်း အစီရင်ခံထားပြီး တိုးတက်မှုနှုန်းမှာ အဓိကအားဖြင့် ကောင်းမွန်လာတဲ့ လက်လီရောင်းချမှုတွေ၊ ပွဲနေ့မဟုတ်တဲ့ ပွဲတွေမှ ဝင်ငွေနဲ့ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စပွန်ဆာဝင်ငွေ ပြန်လည်ရရှိမှုတို့ကြောင့် ဖြစ်ပါတယ်။

Deloitte ရဲ့ Sports Business Group မှ ဘဏ္ဍာရေးကျွမ်းကျင်သူများ ဦးဆောင်သူ တင်မ်ဘရစ်ချ်က ပြောရာမှာ “Money League ကလပ်အသင်းတွေအတွက် နောက်ထပ် စံချိန်ချိုးတဲ့နှစ်ဟာ ဘောလုံး industry ရဲ့ လက်ရှိ ဘဏ္ဍာရေးအင်အားကို ကိုယ်စားပြုပါတယ်။

“တိုက်ရိုက်ထုတ်လွှင့်မှု အားကစားအတွက် မြင့်မားတဲ့ ဝယ်လိုအားဟာ အထူးသဖြင့် commercial နဲ့ ပွဲနေ့ထွက်ငွေတွေအတွက် နောက်ထပ်တိုးတက်မှုကို ညွှန်ပြနေပါတယ်။

“ကလပ်အသင်းတွေဟာ အဆမတန် ထုတ်လွှင့်တဲ့ ဝင်ငွေတိုးတက်မှုအပေါ် မှီခိုနိုင်တော့မှာမဟုတ်သလို စီးပွားရေးအရ ပိုမိုအာရုံစိုက်ထားတဲ့ စီးပွားရေးပုံစံ(model)တခု ဖန်တီးခြင်းက ၎င်းတို့ရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုအပေါ် တိုးမြှင့်ထိန်းချုပ်မှု အောင်မြင်စေဖို့ ပံ့ပိုးပေးမှာဖြစ်ပါတယ်။”

လီဗာပူးလ်ရဲ့ ဝင်ငွေဟာ ယူရို ၆၉၄.၇ သန်းမှ ယူရို ၆၉၄.၂ သန်းသို့ အနည်းငယ် ကျသွားကြောင်း Deloitte မှ တွေ့ရှိအပြီး အဆင့် (၃) မှ အဆင့် (၇)သို့ ကျရောက်သွားခဲ့ပါတယ်။ သူတို့ဟာ ထိပ်ဆုံးအသင်း ၂၀ ထဲက ဘယ်အသင်းထက်မဆို အကြီးမားဆုံး ကျဆင်းမှုဖြစ်ခဲ့တာပါ။

ကြိုးကြာနီတို့ဟာ အရင်နှစ်ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် (၅) ဖြင့် ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ် ရှုံးထွက်(၁၆) သင်းအဆင့်မှ လှည့်ပြန်ခဲ့ရခြင်းနဲ့အတူ ၎င်းတို့ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ကြောင့် ကျဆင်းသွားတယ်လို့ Deloitte က သတ်မှတ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ဟာ အရင်ရာသီကထက် ဝင်ငွေပိုကောင်းခဲ့ပေမယ့်လည်း အဆင့် (၅)နေရာဖြင့် တဆင့်ကျသွားခဲ့ပါတယ်။

တော့တင်ဟမ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ မနှစ်ကနဲ့ယှဉ်ရင် နေရာ အရွှေ့အပြောင်းဖြစ်ခဲ့ပြီး တော့တင်ဟမ်က အဆင့် (၈)ဖြင့် တဆင့်တက်နေစဉ် အာဆင်နယ်က အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

(AFP)