သရုပ်ပြထိုးပွဲမှာ ဂျိတ်ပေါလ်နဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့ လက်ဝှေ့ဂန္တဝင် မိုက်တိုင်ဆန်

By PKThawn

ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်ဟာ Netflix မှာ ပြသမယ့် သရုပ်ပြထိုးသတ်ပွဲမှာ Youtuber တဦးအဖြစ် ကျော်ကြားပြီး လက်ဝှေ့အားကစားကို ကူးပြောင်းသွားသူ ဂျိတ်ပေါလ်နဲ့ ရင်ဆိုင်ဖို့ ကြိုးဝိုင်းဆီ ပြန်လာမှာဖြစ်ကြောင်း ပွဲစီစဉ်သူတွေက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

အသက် ၅၇ နှစ် တိုင်ဆန်နဲ့ ပေါလ်တို့ဟာ NFL ရဲ့ ဒါးလပ်ကောင်ဘွိုင်းအသင်း အိမ်ကွင်းဖြစ်တဲ့ တက္ကဆက်စ်ရှိ AT&T ကွင်းမှာ ဇူလိုင် ၂၀ ရက်နေ့မှာ တွေ့ဆုံရမှာဖြစ်ကြောင်း Netflix နဲ့ Most Valuable Promotions (MVP) က ကြေညာခဲ့ပါတယ်။

တိုင်ဆန်က အသက် ၃၀ အငယ်တန်း လက်ဝှေ့ပြိုင်ဘက်ကို ထိုးသတ်ရဖို့ မျှော်လင့်ထားကြောင်း ပြောကြားပြီး အစောပိုင်း လက်ဝှေ့သမားဘဝမှာ ပေါလ်ရဲ့ စွမ်းဆောင်မှုတွေကို သဘောကျမိခဲ့ကြောင်း ကြေညာချက်မှာ အခိုင်အမာဆိုပါတယ်။

“သူဟာ လက်ဝှေ့သမားတယောက်အနေနဲ့ နှစ်တွေကြာလာတာနဲ့အမျှ သိသိသာသာ တိုးတက်လာတယ်။ ဆိုတော့ GOAT တယောက်ရဲ့ အတွေ့အကြုံ၊ အရည်အချင်းနဲ့အတူ ‘ကလေး’ တယောက်ရဲ့ စိတ်ဆန္ဒနဲ့ ရည်မှန်းချက်က ဘာလုပ်နိုင်မလဲဆိုတာကို မြင်တွေ့ရမှာမို့ ပျော်စရာကောင်းမှာပါ”လို့ တိုင်ဆန်က ပြောပါတယ်။

ပေါလ်ဟာ ၂၀၂၀ ပြည့်နှစ် လော့စ်အိန်ဂျလိစ်မှာ မစ်ဒယ်ဝိတ်ချန်ပီယံဟောင်း ရွိုင်ဂျုံး ဂျူနီယာနဲ့ တိုင်ဆန်တို့ရဲ့ ရှစ်ချီသရုပ်ပြပွဲမစခင် ပဏာမပွဲမှာ ပါဝင်ခဲ့ပါတယ်။

“ရွိုင်ဂျုံးနဲ့ ကျနော့်ထိုးသတ်ပွဲရဲ့ ပဏာမပွဲမှာ သူ့ရဲ့လက်ဝှေ့ခရီးကို စတင်ခဲ့တယ်။ အခုတော့ သူ့ကို အပြီးသတ်ပေးဖို့ ကျနော် စီစဉ်နေပါတယ်”လို့ တိုင်ဆန်က အရွှန်းဖောက်ရင်း မှတ်ချက်ပေးခဲ့ပါတယ်။

ဒီထိုးသတ်ပွဲဟာ မကြာသေးခင်နှစ်တွေအတွင်း ရေပန်းစားပြီး trend တခုဖြစ်လာတဲ့ နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။ အင်တာနက်မှ နာမည်ကြီးသူတွေ အချင်းချင်း ဒါမှမဟုတ် အနားယူထားပြီးဖြစ်တဲ့ ဒါမှမဟုတ် ထိပ်တန်းအဆင့်ကနေ ကောင်းကောင်းဖြစ်သန်းခဲ့ပြီးဖြစ်တဲ့ အသိအမှတ်ပြုခံ လက်ဝှေ့သမားတွေ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတဲ့ ပွဲတွေဖြစ်ပါတယ်။

ဂျိတ်ပေါလ်ရဲ့ အစ်ကို လိုဂန်ပေါလ်ဟာ၂၀၂၁ မှာ လက်ဝှေ့အိုင်ကွန် ဖလွိုက် မေဝဲလ်သာနဲ့ ထိုးသတ်ပွဲရဲ့ ရှေ့ဆောင် trend အဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဂျိတ်ပေါလ်ဟာ အလဲထိုး ခြောက်ပွဲနဲ့အတူ ကိုးပွဲနိုင် တပွဲရှုံး စံချိန်မှတ်တမ်းကြောင့် ပရိသတ်စိတ်ဝင်စားမှုကို ရထားသူဖြစ်လာပါတယ်။

သူဟာ ရိုင်ဘိုလန်နဲ့ အန်ဒရီသြဂတ်တို့ကို အနိုင်ယူပြီး သူ့ရဲ့နောက်ဆုံးနှစ်ပွဲမှာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားတွေကို ဆက်တိုက်အလဲထိုးနိုင်ပွဲရယူခဲ့ပါတယ်။

ဒီအချိန်မှာ တိုင်ဆန်ဟာ သမိုင်းတလျှောက် အပြင်းထန်ဆုံး ဟဲဗီးဝိတ်လက်ဝှေ့သမားတဦးအဖြစ် မှတ်ကျောက်တင်ခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ ၁၉၈၇ နဲ့ ၁၉၉၀ ကြားမှာ အငြင်းပွားဖွယ်မရှိ ချန်ပီယံအဖြစ် ကြီးစိုးကာ သမိုင်းတလျှောက် အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံအဖြစ် အသက် ၂၀၊ လေးလနဲ့ ၂၂ ရက်မှာ သူ့ရဲ့ ပထမဆုံးခါးပတ်ကို ဆွတ်ခူးရယူခဲ့ပါတယ်။

(AFP)