ဖမ်းဆီးခံရသည့် ဝေါမြို့ဒေသခံများ လွတ်မြောက်လာခြင်းမရှိ

ပုံအညွှန်း -စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ လိုက်လံစစ်ဆေးနေပုံ(ပုံဟောင်း)

ပုံအညွှန်း -စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ လိုက်လံစစ်ဆေးနေပုံ(ပုံဟောင်း)

YT

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ဝေါမြို့နယ်မှ စစ်ကောင်စီတပ်​၏ ဖမ်းဆီးခံရသည့် ဒေသခံ ၂၈ ဦး ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများထံက သိရသည်။

” ဘယ်ကို ခေါ်သွားလဲဆိုတာတော့ သိရပြီဗျ။ ဒါပေမယ့် မိသားစုတွေနဲ့တော့ ပေးမတွေ့ဘူးထင်တယ် ကျွန်တော်လည်း မနေ့က ရွာကနေ ထွက်လာတော့လေ” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဝေါမြို့နယ်၊ ဆင်ရွာ၊ အညာစုရွာ (အထက်စုပိုင်း၊ အလယ်စုပိုင်း၊ ခင်တန်းကုန်းပိုင်း)၊ အဝိုင်းပါတ်ကျေးရွာ (အထက်အဝိုင်းပါတ်၊ အောက်အဝိုင်းပါတ်) စသည့် ကျေးရွာများတလျှောက် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်၊ ရဲ၊ ပျူစောထီးများက ဒေသခံပြည်သူ ၂၈ ဦးထက်မနည်းအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ပြည်သူများသည် အညာစုကျေးရွာမှ အမျိုးသား ၁၉ ဦး၊ အမျိုးသမီးလေးဦး၊ အထက်ဝိုင်းပါတ်ကျေးရွာမှ ဥက္ကဋ္ဌဟောင်း ဦးသန်းဌေးအပါအဝင် အမျိုးသားငါးဦးတို့ဖြစ်ပြီး ၎င်းတို့အား PDF များနှင့် ဆက်သွယ်နေသည်ဟူသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

” အညာစုရွာသား ဦးဘူးသီး(ခ)ဦးလှဝင်းအောင်နဲ့ ဦးဝင်းဦးကို သူရဲသမိန်ရဲစခန်းမှာ ဖမ်းထားတယ်။ ပြီးတော့ အထက်ဝိုင်းပါတ်ရွာက ကိုဇင်ကိုက ပျဥ်ပုံကြီး စကစတပ်မှာ ဖမ်းဆီးထားတယ်။ ကျန် ၂၅ ဦးကို ဘောနတ်ကြီး (၃၉) မိုင်ရှိ မစခ(၉၀၁)နဲ့ အမတ (၂၀၅)မှာရှိတဲ့ စစ်ကြောရေးတွေကို ပို့ထားတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်က ဝေါမြို့နယ်၊ အညာစုကျေးရွာအား PDF များနှင့် ဆက်နွှယ်နေသည်ဟုဆိုကာ ခြိမ်းခြောက်မှုများ ပြုလုပ်ထားကြောင်း ဝေါ PDF တာဝန်ရှိသူတဦးထံက သိရသည်။

” အညာစုရွာကို သူတို့ခြိမ်းခြောက်ထားတယ်။ ရွာကိုဖျက်ပစ်မယ်၊ ပြောင်းပစ်မယ်၊ ထွက်ပြေးကြည့်လိုက်၊ ထွက်ပြေးရင်လည်း ဒီရွာသားတွေကို ဘယ်မြို့ ဘယ်ရွာမှာမှ နေလို့မရအောင် စာထွက်ပြီးတော့ ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်” ဟု ဝေါ PDF တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က NLD ပါတီဝင်များဟူသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီ​တပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် ဝေါမြို့နယ်၊ ပုဂံရွာမှ ဒေသခံပြည်သူအမျိုးသမီးတဦးနှင့် သက်ကြီးပိုင်းအမျိုးသားတဦးသည်လည်း ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)