စစ်ကောင်စီတပ်၏ လိင်အကြမ်းဖက်မှုများအား အရေးပေးယူရန် ကရင်လူ့အခွင့်အရေးအဖွဲ့တောင်းဆို

ဓါတ်ပုံ- Women Generation

ဓါတ်ပုံ- Women Generation

YT

(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေများအတွင်း စစ်ကောင်စီတပ်၏ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုများအား အရေးယူပေးရန် နိုင်ငံတကာအဖွဲ့အစည်းများထံ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က တောင်းဆိုလိုက်သည်။

ယနေ့(ဇွန်လ ၁၉ ရက်)တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုပပျောက်ရေးနေ့တွင် KNU နယ်မြေများ၌ စစ်ကောင်စီတပ်၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအား အရေးယူပေးရန် KHRG က ထုတ်ပြန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

KNU နယ်မြေများအတွင်း စစ်ကောင်စီတပ်က လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်ခြင်းကြောင့် ကျူးလွန်ခံရသူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ မျိုးပွားမှုနှင့် စိတ်ကျန်းမာရေးတို့တွင် ဆိုး ရွားသည့်သက်ရောက်မှုများဖြစ်စေကြောင်း KHRG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အများဆုံးကျူးလွန်ခံရသူများမှာ အမျိုးသမီးများနှင့် မိန်းကလေး ငယ်များ ဖြစ်ကြောင်း သိရသည်။

NCA လက်မှတ်မထိုးခင်ကာလနှင့် KNU နယ်မြေများအတွင်း စစ်ပွဲများပြင်းထန်နေစဉ် ကာလများအတွင်း ဒေသခံများကို စစ်ကောင်စီတပ်ကသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ အရပ်သားအချင်းချင်းကပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများပြုလုပ်ခဲ့ကြောင်း KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ KNU နယ်မြေများ၌ စစ်ကောင်စီတပ်က ကျူးလွန်သည့် လိင်အကြမ်းဖက်မှု အစီရင်ခံစာနှစ်ခုသာရရှိခဲ့သော်လည်း မြေပြင်တွင် စစ်ကောင်စီတပ်က ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများစွာရှိကြောင်း စောနန္ဒဆူးက ဆိုသည်။

“KHRG ရဲ့ မှတ်တမ်းပြုစုချက်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ယခင်ကလိုမရရှိခဲ့ဘူး၊ အစီရင်ခံစာ နှစ်ခုပဲ ရရှိခဲ့ပါတယ်။ သို့သော် လက်တွေ့မြေပြင်မှာ စစ်ကောင်စီတပ်က ကျူးလွန်တဲ့ လိင်အကြမ်းဖက်မှုဖြစ်ရပ်တွေက ကရင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းမှာ ရှိပါတယ်” ဟု စောနန္ဒဆူးက ပြောသည်။

စစ်ကောင်စီသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ပွဲနှင့် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာနည်းဗျူဟာအဖြစ် လက်နက်တခုသဖွယ် အသုံးပြုနေကြပြီး အဆိုပါ အကြမ်းဖက်မှုများအတွက် ပြစ်ဒဏ်ကျခံရမည် မဟုတ် ကြောင်း သိသဖြင့် ပိုမိုဆိုးရွာစွာ ကျူးလွန်လာကြောင်း KHRG ၏ ဖော်ပြချက်အရ သိရသည်။

KHRG အနေဖြင့် ဒေသခံပြည်သူများ၏ လုံခြုံရေး၊ ဂုဏ်သိက္ခာနှင့် ရှင်သန်မှုများကို ခြိမ်းခြောက်နေသည့် စစ်ကောင်စီတပ်ကကျူးလွန်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ရှုတ်ချကြောင်းနှင့် ကျူးလွန်ခံရ သူများ တရားမျှတမှု ရရှိရေးအတွက် ပဋိပက္ခနှင့်ဆက်စပ်သည့် လိင်အကြမ်းဖက်မှုများကို အမိန့်ပေး၊ လှုံဆော်၊ ခွင့်ပြုပေးခဲ့သည့် စစ်ခေါင်းဆောင်များအပါအဝင် ပါဝင်ပတ်သက်သူအားလုံးကို နိုင်ငံတကာ တရားရုံးများနှင့် ခုံရုံးများတွင် တာဝန်ရှိသူများက ချက်ချင်းအရေးယူဆောင်ရွက်ရန် တောင်းဆို ထား သည်။

ထို့ပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများနှင့် မိသားစုအသိုင်းအဝိုင်းကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင် ရာ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ရေရှည်ထောက်ပံ့ရေးဝန်ဆောင်မှုများကို အကောင်အထည် ဖော်ရာတွင် ပိုမိုအားကောင်းလာစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများကို ပံ့ပိုးကူညီ ပေးရန် KHRG က တောင်းဆိုထားသည်။

စာတည်း။ ။စောဖေ