လူ့အခွင့်အရေးသုံးသပ်မှု ညီလာခံ (UPR) တွင် ဝေဖန်မှုများ၊ ဆန္ဒပြမှုများနှင့် တရုတ် ရင်ဆိုင်နေရ

Photo : UPR ကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီရုံးရှေ့ တွင် ဆန္ဒပြနေကြသူများ

ANI

ကုလသမဂ္ဂ၌ ကျင်းပသည့် ၄၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သုံးသပ်ချက် Universal Periodic Review (UPR) အစည်းအဝေးတွင် တရုတ် အရေး ဆွေးနွေးနေချိန် တိဗက်နှင့် ဝီဂါ တက်ကြွလှုပ်ရှားသူ များက ရုံးရှေ့၌ စုရုံး ဆန္ဒပြခဲ့ကြသည်။

ငါးနှစ်လျှင် တကြိမ်သာ ပြုလုပ်သည့် UPR သည် ပြန်လည်သုံးသပ်မှု လုပ်ငန်းစဉ်ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း လူ့အခွင့်အရေး မှတ်တမ်းများကို စစ်ဆေးရန်၊ သီးခြားအကြံပြုချက်များ ချမှတ်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။

ဆန္ဒပြသူများသည် “တိဗက်ကို မကျူးကျော်ရ”၊ “တိဗက် ကနေ တရုတ်ထွက်သွား ” နှင့် “ရှက်စရာကောင်းတဲ့ တရုတ်” ဟူသော စာတန်းများ ကိုင်ဆောင်ထားကြသည်။ တိဗက်နှင့် ရှင်ကျန်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို သရုပ်ဖော်ထားသည့် ပိုစတာပြပွဲကို ကုလသမဂ္ဂရုံး ရှေ့ရှိ Broken Chair အမှတ်တရ နေရာတွင် ကျင်းပခဲ့သည်။

“နိုင်ငံပေါင်း ၁၆၀ ကျော်က အကြံပြုချက်တွေ ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ နိုင်ငံပေါင်း ၃၀ က ဝီဂါ၊ ‌ဟောင်ကောင် နှင့် တိဘက် ပြဿနာတွေကို တင်ပြကြတယ်။ ဒါက ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်တယ်။ ၂၀၁၈ မှာ ၁၄ နိုင်ငံကပဲ ထုတ်ဖော်ခဲ့ကြတယ်။ အခု နိုင်ငံပေါင်း ၃၀ ကျော်က ထုတ်ဖော်လာကြတယ်။ ၂၀၁၈ မှာ တရုတ်က အဖြစ်မှန်ကို အောင်အောင်မြင်မြင် ဖုံးကွယ်နိုင်ခဲ့တာကြောင့် လူတွေ သိပ်ပြီး သတိ မထားခဲ့မိကြဘူး။ နောက်ပိုင်းမှာ အဖြစ်အပျက်တွေကို လူသိရှင်ကြား ထုတ်ဖော်နိုင်ခဲ့တယ်။ အသက်ရှင် ကျန်ခဲ့ကြသူတွေကလည်း သက်သေအဖြစ် ထုတ်ဖော်ကြတယ်။ နိုင်ငံတကာ ပညာရှင် အများအပြားကလည်း သက်သေအထောက်အထားတွေ ထုတ်ပြန်ခဲ့ကြတယ်။ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ကလည်း အစီရင်ခံစာ ထုတ်ပြန်ခဲ့တယ်” ဟု ကမ္ဘာ့ဝီဂါကွန်ဂရက် (World Uyghur Congress) ဥက္ကဋ္ဌ ဒေါလ်ခွန်အီဆာ က ဆိုသည်။

“ခုလိုအရေးကြီးတဲ့ အချိန်ကာလမှာ ကျွန်တော်တို့ ဒီနေ့ ဒီမှာ အတူတကွ ရပ်တည်နေပါတယ်။ UPR အစည်းအဝေး ဟာ သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုထက် ပိုပါတယ်။ ဒါဟာ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်တရပ်ပါ” ဟု ဆွစ်ဇာလန်နိုင်ငံ ကမ္ဘာ့ဝီဂါကွန်ဂရက် ဥက္ကဋ္ဌ ရစ်ဇ်ဝါနာ က ဆိုသည်။ ” လူ့အခွင့်အရေးမူ ကို အရေးထားဖို့၊ နှုတ်ဆိတ်နေမှုတွေကို တွန်းအား‌‌ပေးဖို့ နဲ့ မည်သူတဦးတယောက်မျှ နောက်ကျ ကျန်နေခြင်း မရှိစေ ဖို့ ကျွန်မတို့မှာ တာဝန်ရှိတယ်။ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေကို မယိမ်းမယိုင်တဲ့ ကတိကဝတ်အတွက် UPR က သက်သေ တခု ဖြစ်ပါစေ ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

UPR တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ရာ၌ အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် နှင့် လူ့အခွင့်အရေးနှင့် ကျားမတန်းတူညီမျှရေးဆိုင်ရာ ကတိကဝတ်များကို ခိုင်မြဲစွာ လိုက်နာရန် တရုတ်အား အိန္ဒိယ က တောင်းဆိုခဲ့သည်။

“ပြည်သူလူထုအားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုမှတဆင့် အခြေခံ လူ့အခွင့်အရေးများ အပြည့်အဝခံစားနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်ရန်” တရုတ် အား အိန္ဒိယက တောင်းဆိုခဲ့သည်။ ထို့ပြင် ဝီဂါနှင့် တိဘက်လူမျိုးများကို မတရားဖမ်းဆီးချုပ်နှောင်ခြင်းအပေါ် တရုတ်အား ဗြိတိန် က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဘက်မလိုက်သော တရားစီရင်ရေးစနစ်ကို အာမခံပေးရန်၊ ပြည်သူများအား စောင့်ကြည့်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း ကင်းသော လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ကို စစ်မှန်စွာ အကောင်အထည်ဖော်ရန် တရုတ်အား တောင်းဆိုခဲ့သည်။

ရှင်ကျန်းတွင် တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အမေရိကန်ကရှုတ်ချခဲ့ပြီး ရှင်ကျန်း၊ တိဗက်နှင့် ဟောင်ကောင်တို့တွင် လူတဦးချင်းအပေါ် နှောင့်ယှက်မှု၊ စောင့်ကြည့်မှုနှင့် ခြိမ်းခြောက်မှုများကို ရပ်တန့်ရန် အမေရိကန်က တောင်းဆိုထားသည်။

တရုတ်အစိုးရသည် “ရှင်ကျန်း…နှင့် နိုင်ငံတဝန်းတွင် တရားမျှတမှုကင်းမဲ့သော ညှဉ်းပန်းနှိပ်စက်မှု၊ စောင့်ကြည့် ထိန်းချုပ်မှု နှင့် နှိပ်စက်ညှဉ်းပန်းမှု၊ အတင်းအကျပ် အလုပ်ခိုင်းစေမှု၊ ဖိအားပေး လက်ထပ်ထိမ်းမြားမှု၊ မွေးဖွားမှု ထိန်းချုပ်ရေး၊ သားဆက်ခြားမှု၊ ကိုယ်ဝန်ဖျက်ချမှုနှင့် မိသားစုမှ ခွဲထုတ်ခြင်းတို့ကို လုပ်ဆောင်နေ” ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အမေရိကန် သံအမတ် မစ်ချဲလ် တေလာ Michele Taylor က မှတ်ချက်ပြုခဲ့သည်။

တရုတ်၏ လူ့အခွင့်အရေးမှတ်တမ်းသည် ဇန်နဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ စတုတ္ထအကြိမ်မြောက် UPR လုပ်ငန်းအဖွဲ့အစည်းအဝေးအတွင်း နိုင်ငံတကာ၏ စိစစ်မှုဖြင့် ရင်ဆိုင်နေရသည်။

UPR သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ပံ့ပိုးကူညီမှုအောက်တွင် နိုင်ငံအချင်းချင်း ပြန်လည် သုံးသပ်ခြင်း လုပ်ငန်းစဉ်ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ လူ့အခွင့်အရေးမှတ်တမ်းများကို အကဲဖြတ်ခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ကတိကဝတ်များ အကောင်အထည် ဖော်ခြင်းကို စိစစ်သုံးသပ်ခြင်းဖြစ်သည်။

၂၀၁၈ ကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ်များ တိုးပွားလာခြင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့အစည်းများက မှတ်တမ်းတင်ခဲ့ကြသည်။

တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ဆွေးနွေးငြင်းခုံမှု မရှိခြင်းကြောင့် UPR သည် တရုတ် လူ့အခွင့်အရေး အကျပ်အတည်းကို နိုင်ငံတကာက စိစစ်သည့် ရှားရှားပါးပါး အခိုက်အတန့် ဖြစ်သည်။