“စစ်အာဏာသိမ်းပြီးနောက် ဆုတ်ယုတ်လာတဲ့ မြန်မာ့စီးပွားရေး”

ပြည်တွင်းကုန်စျေးနှုန်းတွေ အကုန်တက် ၊ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးကိုရောက် ၊ နိုင်ငံခြားရင်းမြှုပ်နှံမှုအများအပြား နိုင်ငံကိုစွန့်ခွာ ၊ လျှပ်စစ်မီးမကြာခဏပြတ်တောက် ၊ ကုန်ထုတ်လုပ်မှုတွေကျဆင်း ၊ အလုပ်လက်မဲ့တွေ များ ပြား …စတဲ့ စီးပွားရေးကျဆင်းမှုရဲ့သရုပ်သကန်တွေကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်း ဖြစ်ပေါ်လာတဲ့ ပကတိအခြေအနေတွေ ဖြစ် ပါတယ်။ အဖတ်ဆယ်လို့ မရတော့တဲ့ ဆုတ်ယုတ်မှုတွေ ဖြစ်ပါတယ်။

ဒါကြောင့် အများပြည်သူတွေအနေနဲ့ စားအုန်းဆီ ရေသန့်ဘူးစာရဖို့ တန်းစီနေရပုံတွေ၊ စက်သုံးဆီ မလုံလောက်လို့ ရပ်ထားရတဲ့ ကုန်ထုတ်လုပ်ငန်းတွေ ၊ စတုဒီသာကျွေးတဲ့အလှူတွေမှာ တန်းစီစောင့်စားနေပုံတွေကို မမြင်ချင်မှအ ဆုံး ဖြစ်နေတာပါ။ အနာဂတ်မျှော်လင့်ချက်ကင်းမဲ့နေတဲ့ လူငယ်တွေ ၊ ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေတဲ့ လူ သားအရင်းအမြစ်တွေ၊ အလုပ်တခုခုရဖို့ အိမ်နီးချင်းနိုင်ငံတွေဆီ သက်စွန့်ဆံဖျား တရားမဝင်သွားရောက်နေသူ တွေကို တွေ့မြင်နေရတာပါ။

“ မိုးပေါ်ထောင်တက်နေတဲ့ ကုန်စျေးနှုန်း”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ငရုတ်သီး၊ ကြက်သွန် ၊ အ သားငါး၊ ဟင်းသီးဟင်းရွက် ဈေးနှုန်းတွေအကုန်လုံး မြင့်တက်ခဲ့ပါတယ်။ အရပ်သားအစိုးရလက်ထက်က ဆန် ကြမ်း အမျိုးအစား ဧည့်မထဆန် ၂၄ ပြည် ဝင်တအိတ်ကို ကျပ်သုံးသောင်းဝန်းကျင်သာ ရှိပေမယ့် လက်ရှိမှာတော့ တစ်အိတ်ကို ကျပ် ၉၀,၀၀၀ နီးပါးအထိ မြင့်တက်နေပါတယ်။ ရွှေဘိုပေါ်ဆန်းမွှေးဆန်ချောဆိုရင်လည်း အရင်က တအိတ်ကို ကျပ် ၆၀,၀၀၀ ဝန်းကျင်ရှိရာကနေ လက်ရှိမှာ ကျပ် ၁၆၀,၀၀၀ အထိ မြင့်တက်နေပါတယ်။ ဆန် ကြမ်း ၊ဆန်ချော အမျိုးအစားအားလုံး သုံးဆနီးပါး စျေးတက်ခဲ့တာဖြစ်ပါတယ်။ စားသုံးဆီဆိုရင်လည်း အရပ် သား အစိုးရ လက်ထက်က တစ်ပိဿာကို ကျပ် ၄,၀၀၀ ကျော်ပဲ ရှိတဲ့ စားသုံးဆီကို အခုဆိုရင် ကျပ် ၈,၀၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။ စျေးသက်သက်သာသာရဖို့အတွက် အချိန်ကုန်ခံပြီး တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရပါတယ်။

ဘာကြောင့်များ ကုန်စျေးနှုန်းတွေ အခုလို မိုးပေါ်ထောင်တက် နေရတာလဲ ။ ဒါတွေအားလုံးဟာ စစ်အာဏာသိမ်းမှု ကနေ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပါ။ မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ထိုးကျမှုရဲ့ ရိုက်ခတ် မှုတွေပါ။ အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က အမေရိကန်တဒေါ်လာ ၁၃၃၀ ကျပ်၊ ရွှေ တကျပ် သား ၁၃ သိန်းကျပ် ဝန်းကျင်ရှိခဲ့ရာက အခု ၂၀၂၄ နှစ်ဆန်းမှာ အမေရိကန် တဒေါ်လာကို ၃၅၀၀ ကျပ် ဝန်းကျင်နဲ့ အခေါက်ရွှေ တကျပ်သားကို ကျပ် ၃၈ သိန်း ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ ဒီလို ဒေါ်လာစျေး မြင့်တက်မှုနဲ့အတူ ပြည်ပသွင်းကုန်ပစ္စည်းအားလုံးပါ စျေးတက်ခဲ့ပါတော့တယ် ။

အထူးသဖြင့် သွင်းကုန်ပစ္စည်းတွေ စျေးတက်မှုဟာ လယ်ယာကဏ္ဍကို အဓိကထားနေရတဲ့ မြန်မာနိုင်ငံအတွက် သက်ရောက်မှုကြီးမားခဲ့ပါတယ် ။ ဓာတ်မြေဩဇာ ၊ ပိုးသတ်ဆေး ၊ လောင်စာဆီ စတဲ့ သွင်းအားစုတွေ စျေးတက်လာ လို့ စိုက်စရိတ်ထောင်းပြီး တွက်ချေမကိုက်တာတွေ ဖြစ်လာပါတယ်။ စိုက်ပြီးကာမှ အရှုံးပေါ်တာတွေ ဖြစ်လာ ပါ တယ်။ စိုက်ပျိုးရေးအတွက် အရေးပါလှတဲ့ စစ်ကိုင်းတိုင်းလိုဒေသမှာ စစ်ကောင်စီတပ်တွေက ဒေသခံတွေရဲ့ နေ အိမ်နဲ့ စပါးကျီတွေ ၊ လယ်ယာသုံးပစ္စည်း ကိရိယာတွေ မီးရှို့မှု နဲ့ စစ်တပ်ရဲ့ထိုးစစ်တွေကြောင့် လယ်ယာတွေကို ပစ် ပြီး စစ်ဘေးရှောင်ရသူတွေ များပြားလာရာကတဆင့် မစိုက်ပျိုးနိုင်တဲ့ လယ်ယာတွေ များပြားလာခဲ့ပါတယ်။ ဒါ ကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်ပြီး ဆန်စျေးနှုန်းမြင့်တက်မှုကို မထိန်းနိုင်ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ (FAO)ရဲ့ အစီရင်ခံစာက မြန်မာ နိုင်ငံမှာ ဆန်ဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ ဆန်စပါးထုတ်လုပ်မှုလည်း လျော့ကျသွားခဲ့တဲ့အတွက် နိုင်ငံရဲ့ စားနပ် ရိက္ခာဖူလုံမှု ကျဆင်းနေတယ် ။ ပြီးခဲ့တဲ့နှစ် စပါးရိတ်သိမ်းတဲ့ရာသီမှာ မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်မှုဟာ တန် ပေါင်း ၂၄ ဒသမ ၇ သန်းရှိနိုင်ပြီး ငါးနှစ်ထဲမှာ ပျှမ်းမျှအထွက်နှုန်း ရှစ်ရာခိုင်နှုန်းလျော့ကျသွားတယ်လို့ ထောက်ပြ ထားပါတယ်။

“ တရားခံဘယ်သူလဲ ”

တကယ်တော့ စစ်တပ်အာဏာသိမ်းကာလ (၃)နှစ်ထဲမှာ ကုန်စျေးနှုန်းတွေ တက်ရခြင်းရဲ့ နောက်ကွယ်မှာ နိုင်ငံ တကာရဲ့ အရေးယူပိတ်ဆို့မှုတွေ ၊ ကျပ်ငွေတန်ဖိုးကျဆင်းမှုတွေ၊ နိုင်ငံခြားငွေကိုထိန်းချုပ်တာတွေ ၊ အပြောင်း အလဲများတဲ့ ကုန်သွယ်ရေးနဲ့ဘဏ္ဍာရေးဆိုင်ရာ အမိန့်နဲ့ညွှန်ကြားချက်တွေ က အဓိကအကြောင်းရင်းတွေ ဖြစ်ခဲ့ ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်နေရတာဟာ သူတို့ရဲ့ မူဝါဒအမှားတွေကြောင့်၊ အမြစ်တွယ်နေတဲ့ ဗျူရိုကရေစီ ယန္တယား ထဲက အဂတိလိုက်စားမှုတွေကြောင့် ဖြစ်တယ်ဆိုတာကို စစ်ကောင်စီက ဝန်ခံလေ့မရှိပါဘူး ။ ဝိသမလောဘ သားတွေ စျေးကစားတာကြောင့် ၊ စီးပွားရေးသမားတွေရဲ့ အတ္တကြီးမှုကြောင့် ..ဆိုပြီး တရားခံရှာ အပြစ်ပုံချလေ့ ရှိပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ ၊ ဆီလုပ်ငန်းရှင်တွေ ၊ ပြည်ပပို့ကုန်လုပ် ငန်းရှင်တွေကို မကြာခဏဖမ်းဆီးတာ ၊ ဒဏ်ကြေးတပ်တာ ..စတဲ့ မတရားတဲ့နည်းလမ်းတွေနဲ့ အရေးယူလေ့ ရှိပါ တယ်။

ဒါပေမဲ့ ဆရာမောင်ယဉ်မွန် ရဲ့ “ သူခိုးဖမ်းပါ ၊ လမ်းကြားမှာလား ၊ ပန်ကာအောက်မှာ ထိုင်နေသည်” ဆိုတဲ့ သုံး ကြောင်း ကဗျာလေးထဲက အတိုင်းပါပဲ ။ ကုန်စျေးနှုန်း ကမောက်ကမ ဖြစ်မှုရဲ့ နောက်ကွယ်မှာ ပန်ကာအောက်ထိုင် နေတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အဂတိလိုက်စားမှုတွေ ရှိနေပါတယ် ။ ကုန်သွယ်ရေးနဲ့ငွေရေးကြေးရေးကဏ္ဍမှာ လာဘ် ပေး လာဘ်ယူကိစ္စတွေ ရှိနေပါတယ်။ ဒါကို မီးမောင်းထိုးပြနေတာကတော့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ဖော်ထုတ်မှုတွေကတဆင့် စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အပါအဝင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ် ချုပ်ကြီးစိုးထွဋ်နဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုး စတဲ့စစ်ကောင်စီရဲ့ ထိပ်တန်းအရာရှိကြီးတွေကို ကြီးလေးတဲ့ ပြစ်ဒဏ် တွေ ချမှတ်အရေးယူခဲ့မှုပါပဲ ။ အထူးသဖြင့် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီတွေရဲ့ ဥက္ကဋ္ဌ တာဝန်တွေကိုယူထားတဲ့အတွက် သူနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအကြား လာဘ်ပေးလာဘ်ယူကိစ္စတွေ ကြီးကြီးမားမားရှိနေတယ်ဆိုတာ ဗူးပေါ်သလို ပေါ်လာပါတယ်။ အသေးစိတ်အကြောင်းအရာတွေကတော့ မီဒီ ယာအတော်များများက ရေးသားဖော်ပြပြီးဖြစ်လို့ အကျယ်မချဲ့တော့ပါဘူး။

ကုန်ထုတ်လုပ်ငန်းတွေကျဆင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ဆုတ်ယုတ်ကျဆင်းစေတဲ့ အခြေခံအချက်တွေထဲမှာ နိုင်ငံတကာရင်း နှီး မြှုပ်နှံမှုတွေ ထွက်ခွာမှု ၊ လျှပ်စစ်ဓာတ်အား အလုံအလောက်မရမှု ၊ လောင်စာဆီပြတ်လပ်မှုနဲ့ အထွေထွေအကျပ် အတည်းကြောင့် တနိုင်တပိုင်လုပ်ငန်းတွေ အများအပြားရပ်ဆိုင်းသွားမှု စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံခြားကုမ္ပဏီတွေအများအပြား ထွက်ခွာမှု ၊ အရွယ်အစားလျှော့ချမှု ၊ လုပ်ငန်း ဆိုင်းငံ့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အသစ်ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ လျော့ကျသွားတဲ့အပြင် အလုံး အရင်းနဲ့ ဝင်ရောက်ဖို့ စီစဉ်ထားတဲ့ နိုင်ငံတကာလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းသွားပါတယ်။ လုပ်သားအင် အား အ များအပြားနဲ့ လုပ်ကိုင်ရတဲ့ အထည်ချုပ်စက်ရုံတွေဆိုရင် ပြည်ပအမှာစာတွေ ရပ်ဆိုင်းကုန်တဲ့အတွက် ဒီသုံးနှစ် ထဲ မှာ နိုင်ငံတကာအဝတ်အထည် အမှတ်တံဆိပ် ၁၂ ခုအထိထွက်ခွာသွားခဲ့ပြီး အလတ်စားနဲ့အသေးစား အ ထည်ချုပ် လုပ်ငန်း အများအပြားလည်းပိတ်သိမ်းခဲ့ရပါတယ်။ ဒီအခါမှာ အလုပ်သမားထောင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ် ပြီး အခက်အခဲအကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်ကြရပါတော့တယ်။

အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း အဖြစ်များလာတဲ့ ဓာတ်အားပြတ်တောက်မှုတွေဟာ ပိုဆိုးလာပြီး အခုဆို ရင် ခွဲတမ်းစနစ်နဲ့သာ ပေးနိုင်တော့တဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။ ဓာတ်အားမလုံလောက်မှုနဲ့ အတူ လောင် စာဆီဈေးနှုန်း မြင့်တက်မှု ၊ လောင်စာဆီပြတ်လပ်မှုတွေ ဖြစ်လာပါတယ်။ အကျိုးဆက်ကတော့ ကုန်ထုတ်လုပ်မှု စရိတ်ထောင်းပြီး ပစ္စည်းစျေးနှုန်း ၊ သယ်ယူပို့ဆောင်ခစျေးနှုန်းတွေ မြင့်တက်လာတာပါပဲ။

ကမ္ဘာ့ဘဏ်က ဘာပြောသလဲ

မြန်မာ့စီးပွားရေးအခြေအနေတွေကို ထုတ်ပြန်ပေးနေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ က မြန်မာ့စီးပွားရေးဟာ အရပ်သားအစိုးရ လက်ထက်၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း ဆက်ပြီးနိမ့် ကျ နေတယ်။ ပြည်တွင်းပဋိပက္ခတွေ ကျယ်ပြန့်လာမှု၊ ကုန်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေမှာ အတားအဆီးဖြစ် ပေါ်နေမှုနဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေမှုတွေကြောင့် တိုင်းပြည်စီးပွားရေးဟာ နလန်မထူနိုင်ဘဲ နှေးကွေး နေဦးမယ်၊ မြန်မာ့စီးပွားရေးဟာ ၂ဝ၂၄ ခုနှစ်မှာလည်း နာလန်ထူနိုင်ဦးမှာ မဟုတ်ဘူး ၊ လက်နက်ကိုင် ပဋိပက္ခ တွေ မရှိတော့ဘူးဆိုရင်တောင်မှ လာမယ့် ၂ဝ၂၅ အထိ စီးပွားရေးနှေးကွေးကြန့်ကြာနေနိုင်သေးတယ်၊ အရှေ့ အာရှဒေသ မှာ ကိုဗစ်ကပ်ရောဂါ မတိုင်မီက ရှိခဲ့တဲ့ စီးပွားရေးအခြေအနေကို ပြန်မရောက်နိုင်တဲ့ တခုတည်း သော နိုင်ငံအဖြစ် နောက်ကျကျန်နေခဲ့ပြီဖြစ်တယ်လို့ မကြာခင်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

ခြုံပြောရရင်တော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း သမိုင်းတလျှောက် အဆိုး ဝါးဆုံး ဆုတ်ယုတ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဆင်းရဲတွင်း နက်သထက် ပိုနက်သွားပါတယ်။ စီးပွားရေးကဏ္ဍမှာ တာ ဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို အရေးယူပြ ၊ ထိုးကျွေးပြလိုက်ရုံနဲ့ မြန်မာ့စီးပွားရေး ပြန်မကောင်းလာနိုင်ပါဘူး ။ ကုန် သွယ်ရေးနဲ့ ဘဏ္ဍာရေးမူဝါဒတွေ မကြာခဏပြောင်းလဲရုံနဲ့ မြန်မာ့စီးပွားရေး ပြန်ပြီး ဦးမော့လာဖွယ် မရှိပါဘူး။ သေချာတာတခုက လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေချုပ်ငြိမ်းပြီး ဖက်ဒရယ်နဲ့ဒီမိုကရေစီကို အခြေခံတဲ့ပြည်ထောင် စု တရပ်ကသာ မြန်မာ့စီးပွားရေး မူလလမ်းကြောင်းပေါ် ပြန်ရောက်လာအောင် တွန်းတင်ပေးနိုင်မှာ ဖြစ်ပါတယ် ။