ချင်းပြည်နယ် ကျီခါးမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်

ပုံအညွှန်း - ချင်းအမျိုးသားတပ်မတော်တပ်ဖွဲ့ဝင်များ

ပုံအညွှန်း – ချင်းအမျိုးသားတပ်မတော်တပ်ဖွဲ့ဝင်များ

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ တွန်းဇံမြို့နယ် ၊ ကျီခါးမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမကိုပြောသည်။

၎င်းက “ ဒီမနက်မှာ ကျီခါးစခန်းကို ကျနော်တို့ ဒရုန်းနဲ့ချပြီး ဝင်တိုက်တဲ့အခါ စကစတပ်သား တွေမရှိတော့ဘူး၊ မြို့ကိုသိမ်းလို့ရပြီလို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။

တွန်းဇံမြို့နှင့် ကျီခါးမြို့ကို မေလ ၁၅ရက်နေ့ကတည်းက CNA နှင့် မဟာမိတ်တပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့( မေလ ၁၉ရက် )မနက်တွင် မြို့ကို ဝင်နိုင်ခဲ့ခြင်းဖြစ်သည်။

ကျီခါးမြို့မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများသည် တွန်းဇံမြို့သို့သွားရောက်ပူးပေါင်းနေသည်ဟု သိရကြောင်း ဆလိုင်းထက်နီကဆက်ပြောသည်။

တဆက်တည်း တွန်းဇံမြို့ရှိ ရဲစခန်းနှင့် တပ်ကုန်းအပါအဝင် စစ်ကောင်စီအခြေစိုက်စခန်းများကို CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး မြို့တွင်းရှင်းလင်းရေးပြုလုပ်နေကာ တိုက်ပွဲငယ်လေးများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

တွန်းဇံမြို့အတွင်း စစ်ကောင်စီတပ်က ချုံခိုတိုက်ခိုက်မှုများနှင့် ယနေ့နံနက်အထိ လေကြောင်းမှလည်း တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ကင်းစင်ပြီဟု မပြောနိုင်သေးကြောင်း CNA ပြောခွင့်ရသူက ပြောဆိုသည်။

တွန်းဇံမြို့တိုက်ပွဲအတွင်း မေလ ၁၉ရက် ယနေနံနက်တွင်မှ အသက် ၂၆ နှစ်အရွယ် ရဲဘော်တဦးကျဆုံးကြောင်း CDF – Hualngoram တာဝန်ရှိသူတဦးထံက သိရသည်။

ကျီခါး နှင့် တွန်းဇံတိုက်ပွဲအခြေအနေအသေးစိတ်နှင့် နှစ်ဖက်ထိခိုက်သေဆုံးမှုကို မဇ္စျိမအနေဖြင့်ဆက်လက်စုံစမ်းလျက်ရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)