သံဖြူဇရပ်တွင် နေ့ဝက်ခန့် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်

ပုံအညွှန်း-အနင်းရဲစခန်းရှေ့ တိုက်ပွဲဖြစ်ပွားစဉ် (ပေးပို့)

ပုံအညွှန်း-အနင်းရဲစခန်းရှေ့ တိုက်ပွဲဖြစ်ပွားစဉ် (ပေးပို့)

ဂျူချန်း

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာ နယ်မြေရဲစခန်းများကို ဇန်နဝါရီ ၃၁ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး နေ့တဝက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ လေကြောင်းပစ်ကူများ အသုံးပြုခဲ့ကြောင်း ရေးဘီလူးအဖွဲ့၊ တောင်ညိုစစ်ကြောင်းနှင့် ဒေသခံများထံမှ သိရသည်။

“ရန်သူ့အင်အားက တအားကောင်းနေတော့ မျှော်လင့်ထားတာထက် တိုက်ပွဲက ငါးနာရီလောက်ကြာသွားတယ်။ မနက် ၆ နာရီကနေ ၁၁ အထိပဲ။ စစ်ကောင်စီဘက်က သေဆုံးသူတွေကတော့ ရှိတယ်။ ခန့်မှန်းခြေအရ ၁၄ ဦးလောက်ရှိမယ်။ ဒဏ်ရာ ရသူတွေလည်း ရှိတယ်။ စခန်းတွင်းလက်နက်တွေကိုတော့ မသိမ်းဆည်းရလိုက်ဘူး။ ဘာလို့ဆို သူတို့ဘက်က စစ်ကူ တအားကောင်းတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမကို ပြောသည်။

ယမန်နေ့ နံနက် ၆ နာရီမှ စတင်ကာ KNLA၊ တောင်ညိုစစ်ကြောင်း၊ ပဒဲကောစစ်ကြောင်းနှင့် ရေးဘီလူး ပူးပေါင်းတပ်ဖွဲ့တို့မှ အနင်းကျေးရွာရဲစခန်းနှင့် ထင်းရှူးကျေးရွာရဲစခန်းတို့ကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လေကြောင်းရော မြေပြင်စစ်ကူပါ လာသဖြင့် တပ်ပြန်ဆုတ်ခဲ့ရကြောင်း သိရသည်။

“စခန်းဧရိယာထဲကို ရောက်နေပြီ။ ဆက်သွယ်ရေးမြောင်းကိုရနေပြီ။ လေကြောင်းလာတော့ ဘယ်လိုမှ ဆက်ဝင်လို့မရတော့ဘူး။ သူတို့ဘက်ကလည်း လိုက်ပိတ်သလောက် ပိတ်လိုက်ကုန်ပြီ။ အဲ့ဒါကြောင့် ကျနော်တို့တိုက်ပွဲအကောင်းဆုံးဖော်ဆောင်ပြီးတော့ ပြန်ဆုတ်ခဲ့တာ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ထင်းရှူးရဲစခန်းတွင် ရဲတပ်သား ငါးဦးခန့်သာ ရှိသော်လည်း စစ်ကောင်စီတပ်မှ တပ်စိတ်တစိတ်စာ(၁၀ဦးမှ ၂၀ ဦးခန့်) အထိ စခန်းအထိုင်ချထားကာ အနင်းကျေးရွာ ရဲစခန်းတွင်လည်း စစ်ကောင်စီတပ်သားနှင့်ပြည်သူ့စစ်များ ဝင်ရောက်နေရာယူထားကြောင်း သိရသည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းပစ်ကူအပါအဝင် အမတ(၃၁၇)၊ နှစ်ကရင်အမြောက်တပ်၊ ရေးမြို့အမြောက်တပ်များမှ လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။

“ကျနော်တို့ဝင်တာ ထင်းရှူးရဲစခန်း။ အဲ့မှာ ရဲတွေတောင်သိပ်မရှိဘူး။ စစ်သားတွေချည်းပဲ။ စခန်းကုန်းတောင်ဖြစ်နေပြီ။ ကျနော်တို့က ဒရုန်းအားကိုးနဲ့သွားတာ။ သူတို့မှာ Jammer တပ်ထားတော့ ဒရုန်းနှစ်စင်းပါသွားတယ်။ လေယာဉ်လည်းလာတော့ ကျနော်တို့ အထက်က ပြန်ဆုတ်ဖို့ပြောတာနဲ့ ပြန်ဆုတ်ခဲ့ရတယ်” ဟု တိုက်ပွဲတွင် ပါဝင်သည့် တောင်ညိုစစ်ကြောင်းမှ ရဲဘော်တဦးက မဇ္ဈိမကို ပြောသည်။

ယမန့်နေ့ တိုက်ပွဲအတွင်း အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာမှ ဒေသခံများသည် ဘေးလွတ်ရာ ကျေးရွာများသို့ တိမ်းရှောင်ခဲ့ကြရပြီး ယနေ့တွင် အချို့မှာ မိမိနေအိမ်သို့ ပြန်လာကြသူများရှိသကဲ့သို့ အချို့မှာ ဆက်လက်တိမ်းရှောင်နေဆဲ ဖြစ်ကြောင်း ဒေသခံမှ သိရသည်။

“မနေ့က မနက်ပိုင်းမှာ ဖြစ်ကြတာပါ။ အခုတော့ ရွာကလူတွေ ပြန်လာနေကြပြီ။ ထပ်ဖြစ်ရင်တော့ ထပ်ရှောင်ပေါ့နော်။ ခုတော့ ကိုယ့်အိမ်ကိုယ်ပြန်လာနေကြပါတယ်။ တချို့ကလည်း ပြန်မလာကြသေးဘူး” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အနင်းကျေးရွာမှ နေအိမ်ငါးလုံးခန့် ကျည်စထိမှန်ကာ အနည်းငယ်ပျက်စီးမှုများရှိကြောင်း သိရသည်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်ဘက်မှ ရဲဘော်ငါးဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကာ စစ်ကောင်စီ၏ Jammer ကြောင့် ဒရုန်းနှစ်စင်း ဆုံးရှုံးခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်သည့် တောင်ညိုစစ်ကြောင်းမှ ရဲဘော်တဦးက ပြောသည်။

စာတည်း – သန့်ဇော်(သန်လျင်)