ကလေးမြို့ပြည်သူများ၏ အသံတိတ်သပိတ်

ပုံအညွှန်း - ယနေ့ ကလေးမြို့မြင်ကွင်း (ဓါတ်ပုံ - ပေးပို့)

ပုံအညွှန်း – ယနေ့ ကလေးမြို့မြင်ကွင်း (ဓါတ်ပုံ – ပေးပို့)

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သောအားဖြင့် အပြင်မထွက် အသံတိတ်သပိတ် (Silent Strike) ကို ဒေသခံအများစု ပူးပေါင်းပါဝင်နေကြောင်းသိရသည်။

“အောင်မြင်တယ်လိုပြောရမှာပါ ၊ အရင်ပုံမှန်ရက်တွေလို မစည်တော့ဘူး ၊ ခါတိုင်းဆို လမ်းပေါ်တွေမှာ ရှုပ်ရှက်ခပ်သွားလာနေကြတာ ၊ ရာခိုင်နှုန်းနဲ့ ပြောရရင် ၈၀ ကျော် လောက်မထွက်ဘူးလို့ပြောလို့ရတယ်” ဟု ကလေးမြို့ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

ကလေးမြို့၏ အချက်အချာကျသော လမ်းမများပေါ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး စစ်ကားများနှင့် အိမ်စီးကားများကို အသုံးပြု၍ ကင်းလှည့်ပတ်နေသည်ဟု ဆိုသည်။

လူအသွားအလာ လုံးဝမရှိမဟုတ်ဘဲ မဖြစ်မနေသွားလာရသူများနှင့် ဆန္ဒထုတ်ဖော်မှုကို မသိရှိသူအချို့ အပြင်ထွက်သည့်ကို တွေ့ရှိရကြောင်း ကလေးမြို့ဒေသခံက ဆက်ပြောသည်။

အသံတိတ်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုနီးကပ်ခြင်းနှင့် ကလေးမြို့တွင် မီးပျက်နေပြီး အင်တာနက်သုံးစွဲရန် အခက်အခဲများရှိနေသဖြင့် မသိသူများရှိနိုင်ကြောင်း ဆိုသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စစ်ကောင်စီက တိုင်းပြည်အာဏာသိမ်းယူခဲ့ပြီး ယနေ့ သုံးနှစ်မြောက်နေ့တွင် နိုင်ငံတဝန်း မနက် ၁၀နာရီမှ ညနေ ၄နာရီအထိ အပြင်မထွက်ကြရန်နှင့် အဖြူရောင်လှုပ်ရှားမှုများပြုလုပ်ကြရန် တက်ကြွလှုပ်ရှားသူ များကို လှုံ့ဆော်ထားခြင်းဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)