တရုတ်က အာဖရိက၌ ဒုတိယမြောက် စစ်အခြေစိုက်စခန်းတခုအတွက် ကြံရွယ်နေသလား

၂၀၂၃ ဇန်နဝါရီကုန်ပိုင်းက ယူဂန်ဒါနိုင်ငံအနောက်ပိုင်း အယ်လ်ဘာ့တ်ကန် ကမ်းစပ်၌ တည်ရှိသော ရေနံမြေတခုတွင် တရုတ်အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်းက တူးဖော်မှုများ စလုပ်နေပုံကို မြင်ရစဉ်။ Photo:Arlette Bashizi/The New York Times

USIP  

ပြီးခဲ့သည့် ဆယ်စုနှစ်သုံးစုကျော်ကြာအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးတိုင်း၏ နှစ်တနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်က အာဖရိကသို့ သွားရောက်သည့် ခရီးစဉ် ဖြစ်ခဲ့သည်။ ယခုနှစ်တွင်လည်း ထိုအစဉ်အလာအတိုင်း ဆက်သွားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် အီဂျစ်၊ တူနီးရှား၊ တိုဂို နှင့် အိုင်ဗရီကို့စ် သို့ သွားရောက်သည်။ ထူးခြားသည်က ထိုနိုင်ငံအားလုံးသည် ကမ်းရိုးတန်းနိုင်ငံများဖြစ်ကြသည်။ အာဖရိကဒေသ၌ တရုတ်၏ နောက်ထပ် စစ်စခန်းနှင့်ပတ်သက်ပြီး ထင်ကြေးပေးမှန်းဆချက်များ ဆက်လက်ထွက်ပေါ်နေချိန်တွင် အဆိုပါ နိုင်ငံများသည် ယခင် ပြီးခဲ့သည့် အကဲဖြတ်လေ့လာချက်များတွင် ဖြစ်နိုင်ခြေအလားအလာရှိ နေရာများအဖြစ် ပေါ်ပေါ်လွင်လွင် ထည့်သွင်းစဉ်းစားခံရခြင်း မရှိခဲ့ပေ။ ထို့အတွက်ကြောင့် တရုတ်၏ လက်ရှိ မည်သည့် စဉ်းစားသုံးသပ်ချက်များက အာဖရိကတွင် အခြေစိုက်ခြင်းနှင့် ပတ်သက်နေသလဲ ဆိုပြီး မိမိတို့ အကျိုးသင့်အကြောင်းသင့် မေးခွန်းထုတ်ရနိုင်သည်။ သို့သော် ပြည်တွင်းစီးပွားရေး စိန်ခေါ်မှုတို့ ရှိနေချိန်ကာလတခုတွင် ပို၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းလာသည့် ဝင်ရိုးစုံ အာဖရိကဒေသတခုနှင့် ရင်ဆိုင်တွေ့စဉ် တရုတ်၏ ရေရှည် မဟာဗျူဟာက ဆက်လက်၍ မသဲကွဲဘဲရှိနေသည်။

ဂျီဘူတီရှိ တရုတ်အခြေစိုက်စခန်း
တရုတ်သည် အာဖရိကတိုက်တွင် အခြေစိုက်စခန်းတခု ရှိပြီး ယင်းစခန်းကို ၂၀၁၇ ခုနှစ်က အာဖရိကအငူစွန်းရှိ ဂျီဘူတီနိုင်ငံတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အခြေစိုက်စခန်း၏ ဖုံးကွယ်မထားသော ရည်ရွယ်ချက်များက ပင်လယ်ဓားပြမှု နှိမ်နင်းရေးနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာမှုတို့ ဖြစ်သည်။ ယင်းသည် ပိုမိုရှည်လျားသော်လည်း ပြိုင်ဆိုင်မှုနည်းသည့် မိုဇမ်ဘစ်-တောင်အာဖရိကလမ်းကြောင်းကဲ့သို့ အခြားရွေးချယ်စရာများ ဖော်ဆောင်ခြင်းနှင့်အတူ ကုန်သွယ်ရေးစင်္ကြံများ ရယူနိုင်ရေး ရည်ရွယ်သည့် မဟာဗျူဟာတရပ်၏ တစိတ်တဒေသ ဖြစ်သည်။
ပင်လယ်နီတွင် ကော်မာရှယ် သင်္ဘောအသွားအလာအပေါ် ဟူသီ စစ်သွေးကြွတို့၏ လက်ရှိ တိုက်ခိုက်မှုများ၊ ဆိုမာလီယာ၏ မလှမ်းမကမ်း ရေထုတွင် သင်္ဘောသွားလာမှုများအပေါ် ပင်လယ်ဓားပြတို့၏ တိုက်ခိုက်မှုတို့ ပြန်လည်ပေါ်ပေါက်ခြင်းတို့က ဂျီဘူတီ၏ မဟာဗျူဟာကျ တန်ဖိုးကို ထပ်မံ ခိုင်လုံညီညွတ်စေပြီး ဘတ် အယ်လ် မန်ဒက်ဘ် ရေလက်ကြားကဲ့သို့ ကပ်လျက်ဖြစ်သည့် ဆက်သွယ်ချိတ်ဆက်မှု ပင်လယ်ရေလမ်းကြောင်းများကို သေချာစေခြင်းက သင်္ဘောများကို ဆက်လက်၍ သွားလာ၍ရစေနိုင်သည်။ ထို့ပြင် ၂၀၁၁ ခုနှစ် လစ်ဗျား အကျပ်အတည်းအတွင်း တရုတ်သည် မြေပြင်တွင် အလွန်နည်းပါးသည့် ရင်းမြစ်များနှင့်အတူ နိုင်ငံသား ၃၅,၀၀၀ ခန့်ကို အကာအကွယ်ပေးခဲ့ရပြီး ယင်းက အာဖရိက အခြေစိုက်စခန်းတခုကို အပြင်ပန်းအားဖြင့် မှန်ကန်ကြောင်း ပြသခဲ့သည့် ချွတ်ယွင်းချက်တခုဖြစ်သည်။
သို့သော် ဂျီဘူတီသည် အိမ်ရှင်အဖြစ်လက်ခံပေးသည့် နိုင်ငံခြား အခြေစိုက်စခန်းများအရနှင့် နိုင်ငံတကာ မိတ်ဖက်ပါတနာအများအပြားအတွက် ယင်း၏ မဟာဗျူဟာကျ ပထဝီဝင် တန်ဖိုးအပိုင်းအရတွင် ထူးခြားသည့် ဖြစ်စဉ်တခုဖြစ်နေသည်။ တကယ်တမ်းတွင်လည်း ဂျပန်နှင့် ဆော်ဒီအာရေးဗျတို့သည့် ထိုနိုင်ငံတွင် အခြေစိုက်စခန်းများ ထားရှိပြီး အာဖရိကတိုက်၏ အခြားနေရာများတွင် စခန်းများ ရှိမနေပေ။ အချက်အင်္ဂါရပ်အများအပြားအရ တရုတ်၏ ဂျီဘူတီ အခြေစိုက်စခန်းက ဒေသတွင် ယင်း၏ စစ်ဘက်ခြေရာကို ချဲ့ထွင်ခြင်းနှင့်ပတ်သက်ပြီး တရုတ်၏ မဟာဗျူဟာကျ စဉ်းစားသုံးသပ်မှုများနှင့်ပတ်သက်ပြီး မိမိတို့ကို အနည်းငယ်မျှ ပြောပြနေသည်။

ကြီးထွားလာသော ဝန်ထုပ်ဝန်ပိုး
စစ်အခြေစိုက်စခန်းများသည် အကျပ်အတည်း ကာလများအတွင်း ၎င်းတို့၏ နိုင်ငံခြားအစိုးရများအတွက် ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နိုင်သည်။ နိုင်ဂျာတွင် အမေရိကန်စစ်တပ်သည် Air Base 201 လေတပ်စခန်းကို ဆက်လက်လည်ပတ်စေနိုင်ရေးအတွက် လိုအပ်သည့် သံတမန်ရေး နေရာကို အောင်မြင်ပြီးမြောက်စေရန် အပြင်းအထန် ကြိုးပမ်းရလျက် ရှိသည်။ ထိုလေတပ်စခန်းသည် ယမန်နှစ်က အာဏာသိမ်းမှုကြောင့် အဟန့်အတားဖြစ်ခဲ့ရသည့် အာဖရိကတိုက်၌ အမေရိကန်စစ်တပ်၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုများအနက် တခုဖြစ်သည်။ အမေရိကန်စစ်တပ်သည် လက်ရှိတွင် အနောက်အာဖရိက၌ ယင်း၏ ရှိနေမှုအတွက် အခြားသော နေရာများကို ရှာဖွေလျက် ရှိသော်လည်း လက်ရှိအချိန်ထိတော့ အောင်မြင်မှုနည်းပါးနေသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်၏ ကမ်းရိုးတန်း အနောက်အာဖရိကဒေသသို့ သွားရောက်သည့် ခရီးစဉ်က ထိုကိစ္စရပ်ကို ကောင်းစွာ ထည့်သွင်းစဉ်းစားကောင်း စဉ်စားနိုင်ပြီး ဘလင်ကန်သည် ယခုလအစောပိုင်းက ကာဘို ဗာဒီ၊ အိုင်ဗရီကို့စ်၊ နိုင်ဂျီးရီးယားနှင့် အန်ဂိုလာရှိ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ဤအချိန်အတောအတွင်း ဗြိတိန်သည် ၎င်းတို့၏ လေ့ကျင့်ရေး အခြေစိုက် ငှားရမ်းမှုကို တိုးချဲ့ရန် ကင်ညာနိုင်ငံနှင့် ၂၀၂၁ ခုနှစ်တွင် ခက်ခဲသည့် ညှိနှိုင်းဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ရပြီး တချိန်တည်းတွင် Sahel ဒေသရှိ ပြင်သစ် အခြေစိုက်စခန်းများ ပိတ်ထားခဲ့ရသလို ကုလသမဂ္ဂ မစ်ရှင်အဖွဲ့များလည်း ဖျက်သိမ်းခဲ့ရသည်။ အလားတူ ဆေးရှဲလ်နိုင်ငံတွင် စစ်ဘက်အဆောက်အအုံတခု ဖွင့်လှစ်ရန် အိန္ဒိယ၏ အထမမြောက်သော ကြိုးပမ်းမှုများက အာဖရိကတိုက်ကို ဖြတ်ပြီး သွားလာမှု ဦးတည်ရာလမ်းကြောင်းကို ပုံဆောင်နေသည်။
သမိုင်းကြောင်းအားဖြင့် စစ်အခြေစိုက်စခန်းများကို အိမ်ရှင်အဖြစ် လက်ခံခြင်းက အာဖရိကအစိုးရများအတွက် နိုင်ငံရေး အရင်းအမြတ်ကို ဖြစ်ပေါ်ရရှိစေပြီး စီးပွားရေးလှုပ်ရှားမှု မြှင့်တင်ရာတွင် အတိုင်းအတာအသီးသီးဖြင့် အောင်မြင်မှုတို့ ရှိစေခဲ့သည်။ မဟာ အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံပတ်သက်ခြင်းက ပြည်တွင်း တရားဝင်ဖြစ်မှုနှင့် အစိုးရ ရှင်သန်ရပ်တည်မှုတို့အတွက် အရေးပါသော်လည်း အထက်တန်းလွှာ မဟုတ်သော ပြည်သူတို့အတွက် အကျိုးအမြတ်ဖြစ်စေသည့် တသမတ်တည်းဖြစ်သော ရလဒ်များကို ပြသထားခြင်းတော့ မရှိပေ။ အခြေစိုက်ခြင်းက ဂျီဘူတီကဲ့သို့ နိုင်ငံများအတွက် အကျိုးအမြတ်များပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အရ ယင်းက ၂၀၂၀ တွင် ဂျီဒီပီ၏ ခန့်မှန်းခြေ ၀ ဒသမ ၁ ရာခိုင်နှုန်း စာရင်းပေါက်ကြောင်း သိရသလို ဂျီဘူတီနိုင်ငံအနေဖြင့် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့အကြား အလွန်အရေးပါသော အထိန်းအချုပ်နေရာတခုထံ မဟာဗျူဟာကျ ဝင်လမ်းကို ဖြန့်ထုတ်အသုံးချခွင့်ရစေသည်။

အိမ်ရှင်နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးတခု ဖြစ်စေ
သို့သော် စစ်အခြေစိုက်စခန်းများသည် ယင်းတို့ကို အိမ်ရှင်အဖြစ် လက်ခံပေးသည့် အာဖရိကအစိုးရများအတွက်လည်း နိုင်ငံရေး ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နိုင်သည်။ အာဖရိကပြည်သူများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် အင်စတီကျူးရှင်းများသည် နိုင်ငံခြား(ပြည်ပ) စစ်တပ်က အိမ်ရှင်နိုင်ငံ အစိုးရ၏ ပြည်တွင်းရေး လုပ်ငန်းစဉ် သို့မဟုတ် အချုပ်အခြာအာဏာကို တိုက်စားနိုင်သည် ဆိုသည့် သဘောထားအမြင် အပါအဝင် အကြောင်းရင်းအများအပြားကြောင့် နိုင်ငံခြားအခြေစိုက်စခန်းများနှင့်ပတ်သက်ပြီး ယေဘုယျအားဖြင့် သတိရှိကြသည်။
နောက်ထပ် နိုင်ငံခြား အခြေစိုက်စခန်းများ ထူထောင်ခြင်းနှင့်ပတ်သက်ပြီး အာဖရိကတခွင်ရှိ စိတ်သဘောထားက ပို၍ ပို၍ မတင်မကျဖြစ်လာသည်။ နောက်ထပ် နိုင်ငံခြားအခြေစိုက်စခန်းများကို ခွင့်ပြုပေးခြင်းနှင့်စပ်လျဉ်းပြီး သတိထားရန် ၂၀၁၆ အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွင် နိုင်ငံများကို သတိပေးခဲ့ပြီး ဒေသ၏ နေရာဒေသများတွင် အုံကြွသော ပထဝီနိုင်ငံရေး လေထန်မှုကြောင့် ယင်းအချိန်မှစပြီး အဆိုပါ အမြင်သဘောထားက ပိုမို၍ မာကျောလာခဲ့သည်။
တရုတ်သည် အဆိုပါ ဖြစ်ပေါ်မှု အခြေအနေများအပေါ် သတိထားကောင်းထားနိုင်ပြီး အခြားသူများကဲ့သို့ ထိုသဘောတူညီချက်များ၏ မမြဲသော သဘောသဘာဝနှင့်ပတ်သက်ပြီး သတိထားလိမ့်မည်ပင် ဖြစ်သည်။ တရုတ်သည် ၂၀၁၁ ခုနှစ်က လစ်ဗျားတွင် တရုတ်နိုင်ငံသားထောင်ချီ သောင်တင်ခဲ့သည့် သို့မဟုတ် တောင်ဆူဒန်တွင် ၎င်းတို့၏ စီးပွားရေး အကျိုးတရားများ ခြိမ်းခြောက်ခံရသည့် အချိန်တို့ကဲ့သို့ အငိုက်မိမှု မဖြစ်စေတော့ရေး သေချာအောင်လုပ်လိမ့်မည် ဖြစ်သည်။ သို့သော် ဒေသတွင် ခြေရာ ချဲ့ထွင်ရေး တရုတ်၏ ဆန္ဒများက သေချာပေါက်အားဖြင့် လက်တွေ့အဖြစ်သို့ အကောင်အထည်မပေါ်ခြင်းကြောင့် ဖြစ်သည်။ အာဖရိကနိုင်ငံများသည် ဘက်လိုက်သည်ဟု ရှုမြင်မခံရစေရန် ကောင်းမွန်သော အကြောင်းရင်း ရှိနေသလို တရုတ်၏ အဆိုပြုချက်များကို ကောင်းစွာ ငြင်းဆန်ထားခဲ့ သို့မဟုတ် ကြိုတင်ဟန့်တားကောင်းတားခဲ့နိုင်သည်။

တရုတ်၏ သဘောထားက ဘာလဲ
ပို၍ ဖြစ်နိုင်စရာ ရှိသည်က တရုတ်သည် ရှိပြီးသား အရပ်ဖက် ဆိပ်ကမ်း အခြေခံအဆောက်အအုံကို ချဲ့ထွင်ရန်နှင့် ၎င်းတို့ ရင်းနှီးမြှုပ်နှံထားသည့် အာဖရိကဆိပ်ကမ်းများ၌ နည်းလမ်းနှစ်မျိုးသုံး အဆောက်အအုံအင်္ဂါရပ်များ တည်ဆောက်ရန် ကြိုးပမ်းလိမ့်မည် ဆိုခြင်းပင် ဖြစ်သည်။ နှစ်မျိုးသုံး အခြေစိုက် ပုံစံက တရုတ်၏ မဟာဗျူဟာကျ ဆိပ်ကမ်းရင်းနှီးမြှုပ်နှံမှုများ၏ စစ်ဘက်ဆိုင်ရာ အရေးပါမှုကို မှေးမှိန်ပစ်ရန် ကော်မာရှယ် ဆိပ်ကမ်းများနှင့် သီးသန့်ရွေးထားသည့် စစ်ဘက်အဆောက်အအုံများထံ ရောစပ်ထားသည့် ဝင်လမ်းကို ဖြစ်ပေါ်စေသည်။ တရုတ်၏ ထုတ်ဖော်မှုအရ အာဖရိကဆိပ်ကမ်းပေါင်း ၁၀၀ ကို တည်ဆောက်ထား၊ ငွေကြေးထောက်ပံ့ထားသည် သို့မဟုတ် လက်ရှိတွင် တရုတ်အစိုးရပိုင် ကုမ္ပဏီများက လည်ပတ်နေသည်ဟု သိရသည်။
အမှန်တကယ်တမ်းတွင် ဝမ်ယီ၏ အာဖရိကခရီးစဉ်က အခြေစိုက်စခန်း သဘောတူညီချက်သစ်တခု ထူထောင်ခြင်းအပေါ် အာရုံစိုက်မှု နည်းပါးခဲ့ပုံရပြီး အာဖရိကတိုက်အပေါ် အဆင့်မြင့်လယ်ဗယ် ဆက်ဆံပတ်သက်မှုများ၌ တရုတ်၏ တသမတ်တည်းသော ကတိပြုချက်ကို အချက်ပြခြင်းအပေါ် ပိုမို၍ အာရုံစိုက်သည့်ပုံပေါ်သည်။ ဝမ်ယီအနေဖြင့် အာဖရိကတွင် ရှိချိန် တရုတ်၏ လုံခြုံရေး အကျိုးတရားများကို ဆွေးနွေးရန် အခွင့်အလမ်းတခု ရှိခဲ့လိမ့်မည် ဆိုပြီး ယူဆရန် ကောင်းမွန်သည့် အကြောင်းရင်း ရှိသည်။ ယင်းတွင် မြေထဲပင်လယ်၊ စူးအက်တူးမြောင်းမှတဆင့် တူနီးရှား၊ အီဂျစ်နှင့် သင်္ဘောသွားလာမှု လမ်းကြောင်းများ၊ တိုဂိုနှင့် အိုင်ဗရီကို့စ် ကမ်းရိုးတန်းများ၏ မလှမ်းမကမ်းရှိ ပင်လယ်ဓားပြမှုနှင့် ငါးဖမ်းလုပ်ငန်း အကျိုးတရားများ ပါဝင်ကောင်းပါဝင်ခဲ့နိုင်သည်။ ထို့ပြင် ယင်းတွင် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ဆောင်ရွက်ချက်ကို ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးမှုတခုလည်း ပါဝင်ခဲ့နိုင်သည်။
မည်သို့ဆိုစေ တရုတ်သည် လက်ရှိတွင် ပို၍ ပို၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းလာသည့် ဝင်းရိုးစုံ အာဖရိကဒေသတခုကို ရင်ဆိုင်တွေ့နေရပြီး ထိုဒေသသည် နိုင်ငံခြားအင်အားကြီးနိုင်ငံများကို ၎င်းတို့၏ လုံခြုံရေးအကျိုးတရားများက မည်သူ့အတွက် လုံခြုံရေးဖြစ်သည်၊ မည်သူ့ထံမှ ဖြစ်သည် ဆိုသည်ကို ရှင်းလင်းရန် တွန်းအားပေးလျက် ရှိသည်။ တရုတ်သည် ယင်း၏ အကျိုးတရားများကို ကာကွယ်ရန် သို့မဟုတ် မြှင့်တင်ရန် ထောက်ကူအားပေးမှုတို့ကို ဆက်လက်တွန်းအားပေးလုပ်ဆောင်ဖွယ် ရှိသော်လည်း ပြည်တွင်းနိုင်ငံရေးနှင့် ယင်းတို့နှင့်အတူ ပါလာသည့် သီးခြားဆက်ဆံရေးများအပေါ်တွင် အထူးတလည် အားထားလိမ့်မည် ဖြစ်သည်။ အားလုံးခြုံကြည့်ရလျင် ကမ်းရိုးတန်း အာဖရိကသို့ သွားရောက်သည့် များမကြာမီက တရုတ်၏ အဆင့်မြင့်လယ်ဗယ် ခရီးစဉ်ကို လက်ရှိအချိန်အတွက် ပိုမို ခိုင်မာသည့် အရာတခုခုထက်စာလျင် ဖြစ်နိုင်ဖွယ်ရာရှိ နိုင်ငံရေးအဖြစ် အကောင်းဆုံး အဓိပ္ပါယ်ကောက်ယူရနိုင်သည်။