၁နှစ်အတွင်း လူသားချင်းစာနာမှုအကူအညီ ကျပ် ၅ ဘီလီယံကျော် ပံ့ပိုးပေးနိုင်ဟု NUG ထုတ်ပြန်

ပုံအညွှန်း - စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများအား ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်အတွင်းက တွေ့ရစဥ်။

ပုံအညွှန်း – စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများအား ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်အတွင်းက တွေ့ရစဥ်။

001

(မဇ္စျိမ)။ ။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တနှစ်အတွင်း လူသားချင်းစာနာမှုအကူအညီ ငွေကျပ် ၅ ဒသမ ၁၂ ဘီလီယံကို တော်လှန်ရေးတွင် အမှန်တကယ် အကူအညီလိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယမန်နေ့ ဖေ‌ဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ကျပ် ၅ ဒသမ ၁၂ ဘီလီယံကို NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဦးစားပေး ကဏ္ဍ ရှစ်ခုအတွက် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကဏ္ဍအလိုက် ထောက်ပံ့ကူညီမှုများအနေဖြင့် နေရပ်စွန့်ခွာရသူများ ၊ စစ်ဘေးရှောင်ပြည်သူများ၊ CDM ဝန်ထမ်းများ၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများ၊ ထိခိုက်၊ ကျဆုံး ပြည်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ပြည်သူများအတွက် စားနပ်ရိက္ခာ ကြိုတင်စီစဉ်မှု၊ မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်ပြည်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ အထွေထွေလူသားချင်းစာနာမှုအကူအညီများ စသည်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်သူမှ ပြည်သူ အလှူငွေကို အသုံးပြု၍ တလလျှင် ပျမ်းမျှ နေရပ်စွန့်ခွာပြည်သူ ၃၄၀, ၀၀၀ ဦးခန့်ကို ထောက်ပံ့နိုင်သည့်အတွက် တနှစ်အတွင်း စုစုပေါင်း အကျိုးခံစားခွင့်ရှိသူ ၄ သန်းကျော်ကို ထောက်ပံ့နိုင်ခဲ့ကြောင်းလည်း ဆိုထားသည်။

ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသူ ၃,၁၀၀ ကျော်၊ ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူ၊ ရဲဘော် ၃,၁၀၀ ကျော်တို့အတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးနိုင်ခဲ့ပြီး မီးရှို့ခံခဲ့ရသည့် နေအိမ်များထဲမှ နေအိမ် ၁,၀၀၀ ကျော်ကို ယာယီတဲပြန်လည်တည်ဆောက်ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် စစ်ဘေးရှောင်ပြည်သူများအတွက် မိုးကာစများ ပံ့ပိုးပေးခြင်း၊ လေကြောင်းရန်နှင့် လက်နက်ကြီး အန္တရာယ်တို့မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်းများ တူးနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ မိုခါမုန်တိုင်းဘေး အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများအတွက် ထောက်ပံ့ခဲ့ခြင်း၊ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်းနှင့် ကရင်နီ စသည့် စစ်ရှိန်မြင့်ဒေသများတွင် အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ရပ်ရွာလူထု ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေးဆိုင်ရာ မြေပြင်သင်တန်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း NUG က ပြောထားသည်။

NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ဒေသအလိုက် လူသားချင်းစာနာမှုအကူအညီ ကျပ် ၁၀ ဒသမ ၅၁ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၁ သန်း) ကို ‌ထောက်ပံပေးနိုင်ခဲ့ကြောင်းလည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာမသိမ်းခင် လွန်ခဲ့သည့် သုံးနှစ်က အရေးပေါ် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေသူ တသန်းရှိခဲ့ပြီး လက်ရှိတွင် ၁၈ ဒသမ ၆ သန်းရှိပြီဖြစ်ရာ နိုင်ငံ့လူဦးရေ၏ သုံးပုံတပုံ အရေးပေါ်လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ