အောင်မင်္ဂလာ အဝေးပြေးကားဝန်း မီးလောင်မှုဖြစ်ပွား ဂိတ် ၇ ခုပျက်စီး၊ ၃ ဦးသေဆုံး

ဓာတ်ပုံ − မီးသတ်ဦးစီးဌာန

ရွှေနွယ်

မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ၊ အောင်မင်္ဂလာအဝေးပြေးကားဝန်းတွင် ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး မော်တော်ယာဉ်ဂိတ် ခုနှစ်ခု မီးလောင်ပျက်စီးကာ သေဆုံးသူ သုံးဦးရှိသည်ဟု ရွှေယုန်လေးကားဂိတ်မှ ဝန်ထမ်းတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ နံနက် ၄ နာရီ ၄၀ မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၆နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“ခုနှစ်ဂိတ်လောက်ပါသွားတယ်။ ဖြစ်ဖြစ်ချင်းကတော့ တဦးပဲတွေ့တယ်(ရုပ်အလောင်းတွေ့ရှိမှု)။ နောက်ထပ်နှစ်ဦးထပ်တွေ့တယ်။ သုံးဦးပါသွားတာပေါ့” ဟု မီးလောင်ကျွမ်းခဲ့သည့် ရွှေယုန်လေးကားဂိတ်မှ ဝန်ထမ်းတဦးက ပြောသည်။

မီးလောင်ကျွမ်းခဲ့သည့် ဂိတ်များမှာ ရွှေယုန်လေး၊ ရွှေလင်းယုန်၊ ဝင်း၊ သိန်းသန်းကျော်၊ အောင်ကျော်ဇော၊ ရာဇာမင်းနှင့် မန္တလာမင်းဂိတ်တို့ဖြစ်ပြီး သေဆုံးသူ အမျိုးသားသုံးဦးမှာ ရွှေလင်းယုန်ဂိတ်မှ ဝန်ထမ်းများဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

မီးစတင်လောင်ကျွမ်းရခြင်း အကြောင်းအရင်းမှာ ရွှေလင်းယုန်ဂိတ်မှ ဖြစ်ပွားသည့် ဝါယာရှော့ကြောင့်ဟု သတင်းရင်းမြစ်က ပြောဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မီးလောင်ကျွမ်းမှုအတွင်း မော်တော်ယာဉ်ဂိတ်များတွင် အပ်နှံ့ထားသည့် တန်ဆာပစ္စည်းများလည်း လောင်ကျွမ်းသွားခဲ့သောကြောင့် ပျက်စီးဆုံးရှုံးမှုများပြားကြောင်း သတင်းရင်းမြစ်ထံမှသိရသည်။

မီးလောင်ကျွမ်းမှုကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစီး၊ ဝေဘာဂီနယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ်တစီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ