မြိတ်ကမ်းနားတွင် ကုန်တင်စက်လှေအချို့မီးလောင်

မြိတ်ကမ်းနားလမ်းတွင် မီးလောင်မှု ဖြစ်ပွားစဉ်

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊မြိတ်မြို့၊ နောက်လယ်ရပ်ကွက်ရှိ မြိတ်ကမ်းနားလမ်းအမှတ် (၁) ဆိပ်ခံတံတားအနီးမှ ကုန်တင်စက်လှေအချို့ မီးလောင်နေကြောင်း ဒေသခံများထံမှသတင်းရရှိသည်။

ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လယ် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် ကုန်တင်သစ်သားစက်လှေတစီးမှတဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး စက်လှေသုံးစီးထက်မနည်း မီးကူးစက်လောင်ကျွမ်းနေကြောင်း မြို့ခံများက ပြောသည်။

“မီးက တော်တော် ကြီးပါတယ်။ level 4 အထိ ရှိပါတယ်။ လောလောဆယ်တော့ သစ်သားစက်လှေသုံးစီးခန့် မီးကူးစက်လောင်နေတယ်”ဟု မီးလောင်ပြင်သို့ ရောက်ရှိနေသည့် မြိတ်မြို့ခံ တဦးက ယနေ့ နေ့လယ် ၁၂ နာရီ ၈မိနစ်ခန့်တွင်ပြောသည်။

မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့သည့် စက်လှေပေါ်တွင် စားသောက်ကုန်ခြောက်များအပြင် စက်သုံးဆီများလည်း တင်ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။

“ကမ်းနားလမ်းမှာဆိုတော့ အိမ်တွေကိုတော့ ကူးစက်မျိုး မရှိဘူး။ ပင်လယ်ရေလည်း ကျနေတော့ မီးကပိုကြမ်းနေတာ ဖြစ်တယ်။ မီးသတ်ကားတွေတော့ အများကြီး ရောက်ရှိနေတယ်”ဟု ဒေသခံအမျိုးသမီးတဦးကပြောသည်။

လတ်တလောတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ‌ဒေသခံများက ဝိုင်းဝန်း၍ မီးငြိမ်းသတ်နေကြောင်း သိရပြီး မီးလောင်မှု အကြောင်းအရင်းကို မသိရသေးပေ။မြိတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလကလည်း မြို့ပေါ် ရပ်ကွက်အချို့မှ နေအိမ်အချို့ မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။

စာတည်း – အေးချမ်း