သောကဖိစီးမှုအောက် ရှိနေဆဲ တရုတ် စီးပွားရေး

Finanncial Post

ကျားကန်နေရသည့် တရုတ် စီးပွားရေးမှာ ၂၀၁၆ မှစတင်လျှင် အနိမ့်ပါးဆုံးဖြစ်သည့် ၂၀၂၃ ခုနှစ်၌ ပို့ကုန် ငါးရာခိုင်နှုန်း ဝန်းကျင် ကျဆင်းကြောင်း နှစ်ပတ်လည် အစီရင်ခံစာ ထွက်လာသည့်နောက် နောက်ထပ် သောကဖိစီးစရာ ဖြစ်ရပြန်သည်။

အိမ်ခြံမြေအကျပ်အတည်း၊ နိမ့်ပါးသော ကုန်ထုတ်လုပ်မှုနှင့် အလုပ်လက်မဲ့နှုန်း မြင့်မားခြင်းများက တရုတ်စီးပွားရေးအတွက် စိန်ခေါ်မှုများ ဖြစ်နေပြီး လာမည့် လေးနှစ်တာ၌ နှေးကွေးမှု မျက်မြင်တွေ့ရမည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်းထားသော တရုတ်စီးပွားရေးအတွက် အဆိုပါ ကဏ္ဍများက အကောင်းလက္ခဏာ ပြမနေပေ။

၂၀၂၂ နှစ် ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၃,၅၅၄ ဘီလီယံ ရှိပြီး ၂၀၂၃ က ၃,၃၈၀ ထက် ကျဆင်းသည်။ တရုတ်သည် အမေရိကန်ဆီ ထိပ်တန်း ကုန်စည်တင်ပို့သည့်နိုင်ငံအဖြစ် မရှိတော့ဘဲ ၂၀၁၇ ခုနှစ်က ပြည်ပကုန်တင်ပို့မှု၏ ၂၁ ရာခိုင်နှုန်းမှ ၂၀၂၃ တွင် ၁၃ ဒသမ ၉ ရာခိုင်နှုန်းဆီ ကျဆင်းသွားခဲ့သည်။

တရုတ်နိုင်ငံသား သန်း ၁၈၀ နီးပါးမှာ ၎င်းတို့၏ ဝမ်းရေးအတွက် ကုန်တင်ပို့မှုနှင့် ဆက်စပ်ရာကို မှီခိုအားထားနေကြရခြင်း ဖြစ်သည်။ “ပို့ကုန်အခြေအနေက အထိမခံသေးဘဲ ရှိနေသေးတယ်”ဟု နယ်စပ်ဖြတ်ကျော် ဘဏ်လုပ်ငန်းဆောင်ရွက်မှု အဖွဲ့အစည်းဖြစ်သော Standard Chartered မှ အကြီးတန်းစီးပွားရေးပညာရှင် Ding Shuang က ပြောသည်။ အာရှအင်အားကြီး နိုင်ငံကြီးအနေဖြင့် အိုမင်းလူဦးရေ များပြားမှု၊ အလက်လက်မဲ့နှုန်း မြင့်တက်မှုနှင့် အိမ်ခြံမြေ အကျပ်အတည်း အပါအဝင် ပြည်တွင်း စိန်ခေါ်မှု မျိုးစုံကို ရင်ဆိုင်နေကြရခြင်းပဲ ဖြစ်သည်။

တရုတ်စီးပွားရေး ဖွံ့ဖြိုးမှုသည် အလျဉ်နှုန်း ဆက်လက် ပျောက်ဆုံးနေမည်ဖြစ်သည်ဟု IMF က ဆိုသည်။ ၂၀၂၈ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ နိမ့်ဆင်းသွားနိုင်သည်။ ၂၀၂၄ အတွက် တရုတ်၏ ဖွံ့ဖြိုးနှုန်းကို ၄ ဒသမ ၅ ရာခိုင်နှုန်းသို့ ကမ္ဘာ့ဘဏ်ကလည်း လျှော့ချထားပြီးထား ဖြစ်သည်။ “၂၀၂၃ မှာ ဖြစ်ပျက်နေတာတွေအပေါ် အရေးယူ မလုပ်ဆောင်ထားမှုက တရုတ်ရဲ့ ဖြစ်တန်ရာ ဖွံ့ဖြိုးနှုန်းကို ဆက်လက်ဆွဲချနေမှာပဲ”ဟု ဘဏ္ဍာရေးသုတေသနကုမ္ပဏီ Rhodium Group က ပြောသည်။

ဆိုးဝါးလာနေသော တရုတ်၏ အိမ်ခြံမြေအကျပ်အတည်းနှင့် ပတ်သက်ကာ စိုးရိမ်ပူပန်ကြောင်း IMF က ဆိုပြီး အိမ်ခြံမြေကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ၃၀ မှ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)