မြစ်ကြီးနားမြို့ရေပြန်ကျပြီးနောက် လျှပ်စစ်မီးပြတ်တောက်၊စက်သုံးဆီပြတ်လပ်

ပုံအညွှန်း – ရေပြန်ကျပြီးနောက် ဇူလိုင်လ ၂ ရက်နေ့က တွေ့ရသည့် မြစ်ကြီးနားမြို့မြင်ကွင်း

ရောင်နီ

မဇ္ဈိမ။ ။မိုးသည်းထန်ပြီး ဧရာ၀တီမြစ်ရေကြီးမှုကြောင့် ရေဘေးကြုံခဲ့သည့် မြစ်ကြီးနားမြို့တွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း လျှပ်စစ်မီးပြတ်တောက်နေပြီး စက်သုံးဆီပြတ်လပ်မှုပြဿနာရင်‌ဆိုင်နေရကြောင်းဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

မြစ်ကြီးနားမြို့တွင်ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ရေကြီးရေလျှံမှုကြောင့်မြေနိမ့်ပိုင်းရပ်ကွက်အားလုံး ရေနစ်မြုပ်ခဲ့ကာ ဒေသခံ ထောင်နှင့်ချီ ရေဘေးကြုံတွေ့ခဲ့သည်။ဇူလိုင်လ ၂ရက်နံနက်မှစ၍ ရပ်ကွက်အချို့ ရေပြန်ကျပြီး ယနေ့ (ဇူလိုင်လ ၃ ရက်)တွင် နေရာအများစု၌ ရေကြီးနစ်မြုပ်မှုမရှိတော့ကြောင်း Rescue စီတာပူလူမှုကူညီရေးအသင်း တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

“ မီးတော့ လုံး၀မရသေးဘူး။ စက်သုံးဆီက ဝယ်လို့ကို မရတော့ဘူး။ သုံးဖို့အတွက်ဆို မိုးညှင်းတို့ မိုးကောင်းတို့ ဘက်ကို ပြန်မှာနေရတယ်” ဟု မြစ်ကြီးနားဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် လပိုင်းမှစတင်၍ ကချင်ပြည်နယ်အဝင်ဂိတ် နန့်စီအောင်ဂိတ်တွင် ဆီဘောက်စာကားများကို စစ်တပ်က ဖြတ်သန်းခွင့်မပြုခြင်းအပြင် တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့တွင် စက်သုံးဆီ ပြတ်လပ်မှုနှင့် စျေးနှုန်းမြင့်တက်ခြင်းများ ကြုံတွေ့ခဲ့ရသည်။

မြို့ပေါ်တွင် စက်သုံးဆီပြတ်လပ်သည်အထိ ဖြစ်လာခဲ့ပြီး ယမန်နေ့ (ဇူလိုင်လ ၂ ရက်)ပေါက်စျေးအရ ဓာတ်ဆီတလီတာလျှင် ၅,၅၀၀ ကျပ်အထိရှိနေကြောင်း မြို့ခံများကပြောသည်။

“ ဆီက ပြတ်နေတာ ကြာပြီ။ အခုက ရေပါကြီးတော့ရှိတဲ့ ဆီဆိုင်တွေလည်း ဆီမရောင်းတော့ဘူး။ ရောင်းတဲ့သူတွေကျတော့လည်း တလီတာကို ၅,၀၀၀တွေ ၅,၅၀၀ တွေ ရောင်းကြတယ်။ အခုက ပိုက်ဆံရှိရင်တောင် ဝယ်လို့မရပါဘူး” ဟု နောက်ထပ်မြစ်ကြီးနားဒေသခံ တဦးက ပြောသည်။

ရေဘေးကြုံနေစဉ် ကယ်ဆယ်ရေးအသင်းများ၏ စက်လှေများတွင် အသုံးပြုရန် စက်သုံးဆီလိုသလောက် ဝယ်ယူမရရှိခြင်း၊ စျေးနှုန်းမြင့်တက်ခြင်းများကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း လူမှုကူညီရေးအသင်းအချို့က ဆိုသည်။

လျှပ်စစ်မီးနှင့်စက်သုံးဆီ မရရှိပါက ဒေသတွင်း၌ လမ်းပန်းဆက်သွယ်ရေးအပါအဝင် အခက်အခဲမျိုးစုံပိုကြီးမားလာနိုင်သည်ဟု ဒေသခံများကပြောသည်။

မြစ်ကြီးနားမြို့တွင် ဖုန်းလိုင်းအားလုံး ပြန်လည်ရရှိနေပြီဖြစ်ပြီးရေဝင်ရောက်မှုကြောင့် ခရီးစဉ်များဆိုင်းငံ့ထားသည့် မြစ်ကြီးနားလေဆိပ်မှ ယနေ့ နံနက်ပိုင်းတွင် လေယာဉ်တစင်း စတင်ပျံသန်းထွက်ခွာသွားသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။ မြစ်ကြီးနားမြို့ ရေဘေးတွင် လက်ရှိအချိန်အထိ လူသေဆုံးမှုမရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းများက ပြောသည်။
 
မြစ်ကြီးနားမြို့အတွင်း စက်သုံးဆီနှင့် လျှပ်စစ်မီး ပြတ်တောက်နေမှုအခြေအနေကို မေးမြန်းရန် စစ်ကောင်စီ၏ ကချင်ပြည်နယ်အစိုးရထံ ဆက်သွယ်ရန်ကြိုးစားသော်လည်း အဆက်အသွယ်မရရှိသေးပေ။

လတ်တလောရေပြန်ကျသွားသော်လည်း ကချင်ပြည်နယ်၌ မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိပေးထားသည်။

စာတည်း – အေးချမ်း