ဖားကန့် နန့်တိန်ဗျူဟာကုန်းကို စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲဖြစ်ပွါး

ပုံအညွှန်း-ကေအိုင်အေ သိမ်းပိုက်ထားသော နန့်
တိန်စစ်ကောင်စီစခန်းပုံများ။

အဂမ်
(မဇ္ဈိမ) ။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်
တွင် ကေအိုင်အေသိမ်းယူထားသည့် နန့်တိန်ဗျူဟာကုန်းဘက်ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ်ပွါးနေသည်ဟု ကေအိုင်အေနှင့် နီးစပ်သည့် ဖားကန့်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

“သူတို့ (စစ်ကောင်စီ)က ဟိုရက်က လက်လွှတ်လိုက်ရတဲ့ နန့်တိန်ကိုပြန်ရဖို့ စစ်ကြောင်းထိုးလာတာပါ။ မနေ့ကလည်း နန့်တိန်ဘက်သွားတဲ့ စစ်ကြောင်းကမအူပင်အကျော် ကျောက်ဖျာနားမှာ တိုက်ပွဲဖြစ်နေတယ်။ ရှေ့ဆက်မသွားဘူး။ ဖားကန့်မြို့ထဲက တပ်မကုန်းကနေတော့ ထုံစံအတိုင်း ပစ်ကူခဲ့တယ်” ဟု ကေအိုင်အေနဲ့ နီး စပ်သော ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ကေအိုင်အေတပ်မဟာ (၉)လက်အောက်ခံ အမှတ် (၆) တပ်ရင်းအဖွဲ့မှ သိမ်းပိုက်ထိန်းချုပ်ထားသော ဖားကန့်မြို့၏ စစ်ဗျူဟာကျသည့် နန့်တိန်ဗျူဟာကုန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလှုပ်ရှားမှုရှိလာသည့်အတွက် တိုက်ပွဲဖြစ်ပွါးနေခြင်းဖြစ်သည်ဟု ဆိုသည်။

ဖားကန့်မြို့ ကျောက်ဖျာကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၅ရက် ညနေ ၅နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားနေချိန် လုံးခင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအနီးတွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများရှိကြောင်း လုံးခင်းဒေသခံက ပြောသည်။

“ကျောင်းဝင်းထဲမှာ ကျတယ်လို့ပြောတယ်။ကျောက်ဖျာဘက်မှာ သူတို့(စစ်တပ်)ရဲ့ စစ်ကြောင်း အထိခံရလို့ ဒီမှာလာဆွတဲ့သဘော” ဟု သတင်းရင်းမြစ်းက ပြောသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း
ပစ်ခတ်သံများ ညစဉ်ကြားနေရသည်ဟု ဒေသခံကဆိုသည်။

နန့်တိန်စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်(KIA)က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦး၏ သေဆုံးနေသည့် ရုပ်အလောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည့် ဖြစ်ရပ်ဖြစ်ပွါးခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ