ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ

ပုံအညွှန်း — စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးနေရသည့် ဒေသခံများကိုတွေ့ရစဉ် (ပုံအဟောင်း)

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းရှိကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နေသည့်အတွက် သောင်းနှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၅ ရက် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရေဦးမြို့ပေါ်မှတဆင့် ခင်ဦး မြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း People’s defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်ကပြောသည်။
“ စစ်ရှောင် ၁၀,၀၀၀ ကျော်လောက်ရှိတယ်လို့ သိရတယ်၊ ခင်ဦးအနောက်ခြမ်းက ရွာတွေကပါပဲ” ဟု ၎င်း ကပြောသည်။
စစ်ကောင်စီစစ်ကြောင်းကြောင့် ခင်ဦးမြို့နယ်အနောက်ခြမ်းကျေးရွာများဖြစ်သည့် ရွာသစ်၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း၊ ချမ်းသာကုန်း၊ ကုန်းသာ၊ သဲကုန်းကြီး၊ မုံတော၊ ကြီးအိုင်၊ ဒါန်းကုန်း၊ မှန်တော၊ ကျွန်း ဆွယ်၊ ကျွန်းလည်၊ မူးသာ၊ သက်ပေး၊ လက်ပံကွက်၊ ဇီးတော စသည့်ကျေးရွာများမှ ဒေသခံများ ထွက်ပြေး နေရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၅ ရက်နေ့က သဲကုန်းကြီးကျေးရွာသို့ရောက်ရှိချိန်တွင် ရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။
“မနေ့ကညနေပိုင်းကစလို့ ခင်ဦးအနောက်ခြမ်းက သဲကုန်းကြီးရွာကို မီးရှို့ဖျက်ဆီးတယ်။ စစ်ကြောင်းနဲ့ နီး နေသေးလို့ ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးဘူး” ဟု ၎င်းကပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ခင်ဦး မြို့နယ်အတွင်းသို့ သုံးကြိမ်စစ်ကြောင်းထိုးပြီး အရပ်သားခုနစ်ဦးကို သတ်ဖြတ်ထားသောစစ်ကြောင်းဖြစ် သည်ဟု သိရသည်။

စာတည်း။ ။စောဖေ