ဟားခါးတွင် ဘုရားကျောင်း၌ လူ ၅ ဦးထက် ပိုမစုရန်နှင့် ဈေးများပိတ်ရန် စစ်ကောင်စီစာထုတ်

ဟာခါးမြို့မြင်ကွင်း။

ပါခွီး

(မဇ္စျိမ) ။ ။ချင်းပြည်နယ် ၊ ဟားခါးမြို့တွင် ဇွန်လ ၂၀ရက်နေ့အထိ စျေးများပိတ်ရန်နှင့် ဘုရားကျောင်းတွင် လူငါးဦးထက် ပိုမစုဝေးကြရန် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

“တကယ်တမ်းဆိုရင် ငါးယောက်ထက် ပိုမစုရဆိုတာကတော့ တချို့မိသားစုတွေဆို ဆယ်ယောက်နဲ့အထက်ရှိကြတာ၊ အဲဒီတော့ အဓိပ္ပါယ်ကတော့ ဘုရားကျောင်းကို ဘယ်သူမှမသွားရဘူး ၊ ဝတ်မပြုရဘူးဆိုတဲ့ သဘောမျိုးပေါ့။ဘုရားကျောင်းထဲမှာ လူငါးယောက်ပဲ ဝတ်ပြုတယ်ဆိုတာ ဘယ်လိုမှမဖြစ်ဘူးလေ။ သွယ်ဝိုက်ပြီးတော့ ဝတ်ပြုလို့မရအောင် ပိတ်ပင်လိုက်တာပဲ” ဟု ဟာခါးမြို့ခံတဦးက မဇ္စျိမကိုပြောသည်။

ဧပြီလ ၂၂ရက်နေ့တွင် စာထုတ်ခြင်း ၊ ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် လိုက်လံသတိပေးခြင်းများ ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသခံကဆက်ပြောသည်။

စစ်ကောင်စီခန့် ပြည်နယ် စီးပွားရေးဝန်ကြီး ၊ လူမှုရေးဝန်ကြီးနှင့် စစ်ကောင်စီတပ်ဖွဲ့များ လိုက်ပါလာသည့် ယာဥ်တန်းကို ဧပြီလ ၁၂ရက် နံနက် ၉နာရီ ၂၅မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟာခါး)က ချင်းဘာသာဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် လူမှုရေးနှင့် စီးပွားရေးဝန်ကြီးအပါအဝင် ခြောက်ဦးဒဏ်ရာရရှိခဲ့ပြီး မြို့သစ်ရပ်ကွက်ရှိ လူနေအိမ် ၊ ဆိုင်ခန်းနှင့် ဘုရားကျောင်းများမှ အကာကွယ်ယူ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားသည်။

ဇွန်လ ၂၀ရက်နေ့အထိ မြို့သစ်ရပ်ကွက်ရှိ လက်လီ လက်ကားဈေးဆိုင်များ ဖွင့်လှစ်ခြင်းမပြုရန်နှင့် ဘုရားကျောင်းများတွင် လူငါးဦးနှင့်အထက် စုဝေး ခြင်း မပြုလုပ်ရန် စစ်ကောင်စီက ထုတ်ပြန်လာခြင်းဖြစ်သည်။

မြို့သစ်ရပ်ကွက်သည် ဝန်ကြီးအိမ်ယာနှင့် အစိုးရရုံးအကြားတွင် တည်ရှိသဖြင့် ဆက်လက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ ပိတ်ပင်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံကသုံးသပ်ပြောဆိုသည်။

အဆိုပါရပ်ကွက်တွင် ဈေးဆိုင်ခန်း ၁၀၀ကျော်ရှိပြီး ပရိဘောဂ ၊ အဝတ်အထည်၊အစားအသောက် နှင့် လက်လီလက်ကား ဖွင့်လှစ်ရောင်းချသည့် ဆိုင်ခန်းများ ရှိသည်ဟုလည်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ