တောင်တရုတ်ပင်လယ်မှာ ကြီးထွားလာသော အကျပ်အတည်း

တောင်တရုတ်ပင်လယ်အတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာက တွေ့ရသည့် ဖိလစ်ပိုင်ထောက်ပံ့ရေးလှေတစင်းနှင့် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတစင်း

တောင်တရုတ်ပင်လယ်အတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာက တွေ့ရသည့် ဖိလစ်ပိုင်ထောက်ပံ့ရေးလှေတစင်းနှင့် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတစင်း

Foreign Affairs

တရုတ်က ထိုင်ဝမ်ကို အင်အားသုံးသိမ်းပိုက်ရန် ပိုမိုခြိမ်းခြောက်လာသည်နှင့်အမျှ အမေရိကန်သည် ထိုင်ဝမ်အရေး ပဋိပက္ခအန္တရာယ်များအပေါ် တစိုက်မတ်မတ် အလေးထားလာသည်။ သို့သော် တောင်တရုတ်ပင်လယ်ရှိ အခြားနယ်မြေတခုနှင့်ပတ်သက်ပြီးလည်း အကျပ်အတည်း၊ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် စစ်ပွဲပင် ဖြစ်နိုင်ခြေရှိနေသည်။

တရုတ်သည် နှစ်စဉ် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုံးထရီလီယံကျော် စီးဆင်းနေသည့် ပင်လယ်ရေကြောင်းတလျှောက်ကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားနေဆဲဖြစ်သည်။ ပြီးခဲ့သောဆယ်စုနှစ်အတွင်း တရုတ်သည် မြေဖော်ဆောင်ထားသော ကျွန်းများပေါ်တွင် စစ်အခြေစိုက်စခန်းများ ဆက်တိုက်တည်ဆောက်ခဲ့ပြီး ပင်လယ်အတွင်း ပိုင်ဆိုင်ကြောင်း အခွင့်အရေးတောင်းဆိုသည့် အခြားနိုင်ငံများကို နှောင့်ယှက်ခဲ့သည်။ တရုတ်သည် မကြာသေးမီကလည်း အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ ပိုင်ဆိုင်သည့် သင်္ဘောများနှင့် လေယာဉ်များကို ဘေးမကင်းသော ကြားဖြတ်နှောင့်ယှက်မှုများလုပ်ဆောင်ခြင်းဖြင့် ရန်စခဲ့သည်။

အထူးသဖြင့် Second Thomas Shoal ကျွန်းနှင့် ပတ်သက်၍ ကာလကြာရှည် ထိပ်တိုက်ရင်ဆိုင်နေခဲ့ကြသော တရုတ်နှင့် ဖိလစ်ပိုင်ကြား တင်းမာမှုများ မြင့်မားလျက်ရှိသည်။ ဖိလစ်ပိုင်ရေတပ်သည် လွန်ခဲ့သော ၂၅ နှစ်က ကျွန်းတွင် သောင်တင်ခဲ့သော ကင်းစခန်းတခုဖြစ်သည် သယ်ယူပို့ဆောင်ရေးရေယာဉ် Sierra Madre တွင်တပ်စွဲ၍ အထူးစီးပွားရေးဇုန်အတွင်းရှိ နစ်မြုပ်နေသော သန္တာကျောက်တန်းကို နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ လွန်ခဲ့သောနှစ်က တရုတ်သင်္ဘောများသည် ဖိလစ်ပိုင်ရိက္ခာဖြည့်တင်းရေးအဖွဲ့များ၏သင်္ဘောများကို ခြိမ်းခြောက်ရန် ရေအမြောက်များဖြင့်ပစ်ခတ်ခြင်း၊ လေဆာရောင်ခြည်ဖြင့်ထိုးခြင်းနှင့် ဝင်တိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

ယခုအခါ Sierra Madre သင်္ဘောသည် ပျက်စီးတော့မည့် အန္တရာယ်ရှိနေသဖြင့် ဖိလစ်ပိုင်အနေဖြင့် မကြာမီ ၎င်းကိုပြန်လည်တည်ဆောက်ရန် လိုအပ်နေပြီး တရုတ်က ထိုအချက်ကို လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သည် ဇန်နဝါရီလတွင် ၎င်း၏ထိန်းချုပ်မှုအောက်ရှိ အငြင်းပွားရေပိုင်နက်နယ်မြေ ကိုးခုတွင် ခံစစ်နေရာပြင်ဆင်မည့် အစီအစဉ်ကို ကြေညာခဲ့သည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ်တွင် တိုက်ရိုက် စစ်ရေးထိပ်တိုက်တွေ့နိုင်မှုအန္တရာယ်မှာ ယခင်ကထက် မြင့်မားလာစေသည်။ အမေရိကန်က ၁၉၅၁ အမေရိကန်-ဖိလစ်ပိုင် နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူစာချုပ်ကို လက်ကိုင်ထားကြောင်း အကြိမ်ကြိမ် ကတိပြုထားသည်။ တရုတ်က ဖိလစ်ပိုင်သင်္ဘောများကို တိုက်ရိုက်တိုက်ခိုက်လာပါက အမေရိကန်သည် မဖြစ်မနေ တုံ့ပြန်ရပေလိမ့်မည်။

နိုင်ငံ၏ တုံ့ဆိုင်းနေသော စီးပွားရေးကို ပြန်လည်အသက်သွင်းရန်နှင့် ပြည်တွင်း၌ နိုင်ငံရေးထိန်းချုပ်မှုကို ခိုင်မာစေရန် ရုန်းကန်နေရသော တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်နှင့် တင်းမာမှုများကို ဖြေလျှော့လိုသည့်သဘောရှိသောကြောင့်လည်း မကြာမီကာလအတွင်း စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်မည့်ဟန်မရှိပေ။ သို့သော် တောင်တရုတ်ပင်လယ်တွင် မကြာခဏ ရေကြောင်းဆိုင်ရာ ဖြစ်ရပ်များနှင့် ရန်စမှုများကြောင့် အကျပ်အတည်းတခုဖြစ်ရန်မှာ သေချာလုနီးပါးဖြစ်သည်။

ရေကြောင်းဆိုင်ရာ စွမ်းရည်များချဲ့ထွင်ခြင်း၊ အမျိုးသားရေးဝါဒနှင့် တပါတီနိုင်ငံတော်၏ အကာအကွယ်ပေးထားသော အကျိုးစီးပွားများက တရုတ်ရှိ အလေ့အထပုံစံကို ပြသနေပြီး ရံဖန်ရံခါ ထိုပုံစံက ဗိုလ်ကျစိုးမိုးရေးအတွက် တွန်းအားတခုနှင့် တူနေသလို ကမ္ဘာကိုကြီးစိုးရေးတရားဝင်အစီအစဉ်၏ အရှိန်အဟုန်လည်းဖြစ်နိုင်ပေသည်။ တရုတ်သည် အာရှ၏ အဓိကကျသောအင်အားကြီးနိုင်ငံဖြစ်လာရန် ကြိုးပမ်းနေပြီး အခြားနိုင်ငံများ၏ အရေးအပါဆုံး စစ်ရေးနှင့် ပထဝီဝင်နိုင်ငံရေး လုပ်ဆောင်ချက်များအပေါ် ဗီတိုအာဏာသုံးလိုသည်ဆိုသည့်အချက်များကို ငြင်းဆိုရန်မှာ ခက်လှသည်။ တောင်တရုတ်ပင်လယ်တွင် ပြိုင်ဘက်နိုင်ငံများ၏ တောင်းဆိုမှုများကို ၎င်း၏လမ်းကြောင်းမှ ရှင်းထုတ်ရေးမှာ တရုတ်ကြိုးပမ်းမှု၏ အရေးကြီးသောအချက်တခုဖြစ်သည်။

ထိုကြိုးပမ်းချက်များလုပ်ဆောင်ရာတွင် တရုတ်၏ အန္တရာယ်များမှုအပေါ်သည်းခံနိုင်စွမ်းသည် ကြီးမားလာပုံရသည်။ မကြာသေးခင်နှစ်များအတွင်း တရုတ်သည် ဖိလစ်ပိုင်ကိုသာမက အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့အပေါ် ဖိအားပေးလုပ်ဆောင်မှုကို အရှိန်မြှင့်လာသည်။ အမေရိကန်နှင့် မဟာမိတ်သင်္ဘောများနှင့် လေယာဉ်များအနီးတွင် အန္တရာယ်ရှိသော လေ့ကျင့်မှုကို သိသိသာသာ အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီး ပြီးခဲ့သည့် နှစ်နှစ်အတွင်း တရုတ်သင်္ဘောများနှင့် လေယာဉ်များက ယင်းကဲ့သို့ ဖြစ်ရပ်ပေါင်း ၃၀၀ နီးပါး လုပ်ဆောင်ခဲ့ကာ ယခင်ဆယ်စုနှစ်တခုလုံးတွင် လုပ်ဆောင်ခဲ့သည့်ထက် အကြိမ်ရေပိုများသည်ဟု အမေရိကန်ကာကွယ်ရေးဌာန၏ အစီရင်ခံစာက ဆိုသည်။

ရှီသည် စီးပွားရေးတိုးတက်မှုနှေးကွေးခြင်း၊ အိမ်ခြံမြေကဏ္ဍ အကျပ်အတည်းဖြစ်နေခြင်း၊ စတော့ရှယ်ယာများကျဆင်းခြင်း၊ စားသုံးသူယုံကြည်မှု ကျဆင်းခြင်းနှင့် ပိုမိုနက်နဲသော နိုင်ငံရေးပြဿနာများကို အရိပ်အမြွက်ပြသသည့် ခြစားမှုတိုက်ဖျက်ရေး အရှိန်မြှင့်လာခြင်း စသည့် ခိုင်လုံသောအကြောင်းပြချက်များကြောင့် လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ ရန်လိုမှုကို ထိန်းထိန်းသိမ်းသိမ်းလုပ်နေရသည်။

တောင်တရုတ်ပင်လယ်အကျပ်အတည်းသစ်သည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်လာနိုင်သည်။ ၂၀၁၂ ခုနှစ်တွင် ဖိလစ်ပိုင်ထံမှ တရုတ်က သိမ်းယူခဲ့သော ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန်ရှိ Scarborough Shoal သန္တာကျောက်ကျွန်းကို စစ်လက်နက်တပ်ဆင်သည့် တရုတ်၏ ရုတ်ခြည်းအရွေ့ကြောင့် အကျပ်အတည်းစဖြစ်လာနိုင်သည်။ သို့မဟုတ် Sierra Madre တပ်စခန်းတွင် တိုက်ခိုက်မှုဖြစ်နိုင်သလို ဒေသတွင်းရှိ အမေရိကန် သို့မဟုတ် မဟာမိတ်လေယာဉ်များနှင့် နီးကပ်စွာ ပျံသန်းသော တရုတ်လေယာဉ်ကြောင့် လေထဲ၌ တိုက်မိခြင်းလည်း ဖြစ်နိုင်သည်။ ထိုသို့သော ပြဿနာများ ပေါ်ပေါက်လာလျှင် အမေရိကန်သည် ပိုမို အင်အားရန် တုံ့ပြန်မှုမျိုးစုံ ရှိနေပေလိမ့်မည်။

အမေရိကန်သည် တရုတ်အား ရန်လိုမှုအတွက် အပြစ်ပေးရုံမျှမကဘဲ အနိုင်အရှုံးပြိုင်ဆိုင်မှုအတွက် အစမ်းသဘောဖြင့် အရေးပါသော ခြေလှမ်းများကို လုပ်ဆောင်ရန် အကျပ်အတည်းသစ်ကို အသုံးချနိုင်သည်။ စစ်အေးတိုက်ပွဲ အရှိန်ရလာချိန်က အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့သည် အန္တာတိတ်သဘောတူစာချုပ်၊ နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှုတားမြစ်ရေးစာချုပ်၊ အာကာသဆိုင်ရာငြိမ်းချမ်းစွာအသုံးပြုရေး သဘောတူစာချုပ်နှင့် စစ်ဆင်ရေးဆောင်ရွက်မှုများအတွက် အမျိုးမျိုးသော စည်းမျဉ်းများဖော်ဆောင်ခြင်းဖြင့် ဆက်ဆံရေးတည်ငြိမ်စေရန် ၎င်းတို့လုပ်ရပ်များကို ဟန့်တားမှုလုပ်ခဲ့ကြသည်။

တောင်တရုတ်ပင်လယ်ရှိ ကြီးမားသော အကျပ်အတည်းမှ ဖြစ်ပေါ်လာသော တုန်လှုပ်ချောက်ချားမှုနှင့် ကြောက်ရွံ့မှုက ဒေသတွင်းအတွက် ထိုကဲ့သို့သော မူဘောင်တခုကို ဖော်ဆောင်ရန် အရေးကြီးသော အခွင့်အလမ်းတခုဖြစ်လာစေနိုင်သည်။ အကျပ်အတည်းကာလအတွင်း အမေရိကန်က ခိုင်မာပြီး ယုံကြည်စိတ်ချရသော နည်းလမ်းဖြင့် တုံ့ပြန်လျှင် ရေပိုင်နက်နှင့် ရေကြောင်းဆိုင်ရာ တောင်းဆိုမှု၊ သဘာဝသယံဇာတ ထုတ်ယူမှု၊ ငါးဖမ်းလုပ်ငန်း ယုတ်လျော့လာမှုနှင့် ပြည်ပစစ်တပ်များ တပ်စွဲမှု စသည့် တောင်တရုတ်ပင်လယ်အရေးကိစ္စများအပါအဝင် ကျယ်ပြန့်သော ဘက်စုံသံတမန်ညီလာခံတရပ် ပေါ်ပေါက်နိုင်သည်။ ဒေသတွင်း အငြင်းပွားမှုများသည် ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ရန် ဦးတည်နေကြောင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို ဖော်ဆောင်ရန် အချိန်ကျလာပြီဖြစ်ကြောင်း အမေရိကန်က ဆွေးနွေးလာနိုင်သည်။

အမေရိကန်သည် အကျပ်အတည်းအသစ်ကို သက်သေအဖြစ် ပြခြင်းဖြင့် ယခုအချိန်သည် အခြေအနေမတူညီတော့ကြောင်း၊ ကမ္ဘာကြီးသည် အန္တရာယ်များသော ထိပ်တိုက်ရင်ဆိုင်မှုများဆီသို့ ဦးတည်ကာ တခုတည်းသော ရွေးချယ်စရာမှာ ပိုနေမြဲကျားနေမြဲအတိုင်း နေထိုင်ရန်သာဖြစ်ကြောင်းတောင်းဆိုလာနိုင်သည်ဟု ဆောင်းပါးရှင်က ရေးသားထားသည်။ အမေရိကန်သည် ထိုလုပ်ဆောင်မှုအတွက် အရှေ့တောင်အာရှနိုင်ငံများသာမက ဥရောပနိုင်ငံများ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တခြားနိုင်ငံများမှပါ ခိုင်မာသော ဘက်ပေါင်းစုံထောက်ခံမှုရရန် လိုအပ်ပေလိမ့်မည်။ ထို့ပြင် အမေရိကန်သည် စစ်ဘက်ဆိုင်ရာ ဖြတ်သန်းမှုများကို ကြိုတင်အသိပေးအကြောင်းကြားခြင်းနှင့် တောင်တရုတ်ပင်လယ်တွင် အမေရိကန်ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုအပေါ် ကန့်သတ်ချက်များလုပ်ဆောင်ခြင်း စသည့် ၎င်းကိုယ်တိုင်လိုက်လျောမှုများပြုလုပ်ရန် လမ်းဖွင့်ပေးရမည်ဖြစ်သည်။

တရုတ်သည် အဆိုပါကမ်းလှမ်းချက်အား ၎င်း၏ရည်မှန်းချက်များကို ပျက်ပြားစေမည့် အမေရိကန်၏အစီအစဉ်တခုအဖြစ် ရှုမြင်ကာ သတိထား၍ တင်းခံနေပေလိမ့်မည်။ သို့သော် အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်နှင့် စေ့စပ်ညှိနှိုင်းရေးအတွက် ကမ္ဘာ့နိုင်ငံများ၏ တောင်းဆိုမှုများက တရုတ်အား ပိုမိုပျော့ပြောင်းလာစေရန် တွန်းအားပေးနိုင်သည်။ ထို့ပြင် ကတိပြုထားသော အကျပ်အတည်းဆိုင်ရာ အမေရိကန်သံတမန်ရေးရာနှင့် စစ်ရေးတုံ့ပြန်မှုများက တရုတ်အား ဆုပ်လည်းစူး စားလည်းရူးအခြေအနေဖြစ်စေကာ ညှိနှိုင်းဖြေရှင်းမှုအဆင့်မရောက်ပါက အမေရိကန်၏ ဒေသတွင်းတည်ရှိမှုနှင့် တခြားနိုင်ငံများနှင့် မိတ်ဖက်ပြုမှုများ မြင့်တက်လာနိုင်သည်။ အမေရိကန်သည် အစပိုင်း၌ ကြိုးစားမှု မအောင်မြင်သည့်တိုင် ကြိုးစားလာနိုင်သည့် အားသာချက်ရှိသည်။ အမေရိကန်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အမှန်တကယ်စိတ်ဝင်စားနေသည့် အင်အားကြီးနိုင်ငံဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြသနိုင်ပြီး အကန့်အသတ်ရှိသော တည်ငြိမ်ရေးသဘောတူညီချက်များကပင်လျှင် အခြေအနေကို တိုးတက်သွားစေနိုင်သည်။ ပိုနေမြဲ ကျားနေမြဲ အနေအထားကို တည်ဆောက်ခြင်းသည် လများ သို့မဟုတ် နှစ်တင်မကဘဲ ဆယ်စုနှစ်များစွာ အလုပ်ဖြစ်သည်။

ထိုသို့ သံတမန်ရေးအရ အစပြုမှုသည် မြင်သာထင်သာသော ရလဒ်များ ထွက်ပေါ်လာပါက အမေရိကန်-တရုတ် ဆက်ဆံရေးကို ကျော်လွန်သည့် အကျိုးသက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။ အမေရိကန်ကိုဗဟိုပြုမှုနည်းသော်လည်း အမေရိကန်အကျိုးစီးပွားအတွက် အရေးပါဆုံးသော နိုင်ငံတကာစံနှုန်းများနှင့် ဖွဲ့စည်းပုံများကို ထင်ဟပ်နေသေးသည့် ပိုမိုဆန်းသစ်သော ပြီးပြည့်စုံသည့် နိုင်ငံတကာအခင်းအကျင်းတခုဆီသို့ ကမ္ဘာကြီးအား ဦးတည်စေသော အဓိကနိုင်ငံခြားရေးမူဝါဒတွင် မရှိမဖြစ်လိုအပ်သည့်အရေးကြီးသောခြေလှမ်းတရပ်ကို အမေရိကန်က လှမ်းပြီးသားဖြစ်ပေလိမ့်မည်။ အမေရိကန်သည် ကမ္ဘာ့နိုင်ငံများအား အကျပ်အတည်းအန္တရာယ်များမှ လွတ်မြောက်စေကာ အတူယှဉ်တွဲနေထိုင်မှုနှင့် တည်ငြိမ်မှုပုံစံသစ် ရရှိရန် ဦးဆောင်လျက်ရှိကြောင်းနှင့် တောင်တရုတ်ပင်လယ်ရှိ လက်ရှိ တင်းမာမှုများသည် ကြီးမားသော ထိပ်တိုက်ရင်ဆိုင်မှုအဆင့်အထိ အရှိန်မြင့်လာပါကလည်း အမေရိကန်သည် ၎င်း၏ပုံစံအတိုင်းဖြေရှင်းရန် အခွင့်အရေးရရှိလာမည်သာဖြစ်သည်ဟု ဆောင်းပါးရှင်က ရေးသားထားသည်။