အမေရိကန် မျက်နှာစာ၌ တရုတ်က အခြေစိုက်စခန်းသစ် တည်ဆောက်နေ

အမေရိကန် မျက်နှာစာ၌ တရုတ်က အခြေစိုက်စခန်းသစ် တည်ဆောက်နေ

(ပုံစာ – အန်တီဂွာတွင် ၂၀၂၂ က ဖွင့်လှစ်ခဲ့ပြီး အထဲ၌ ဘာတွေ ရှိမလဲဆိုကာ စူးစမ်းချင်စိတ် ဖြစ်ရသည့် ကြီးမားပြီး လုံခြုံရေးအထူးတင်းကျပ်သော တရုတ်သံရုံးအား မြင်တွေ့ရစဉ်။)

Newsweek

အမေရိကန် ဗာဂျင်ကျွန်း၏ ကမ်းခြေမှ မိုင် ၂၂၀ အကွာ ကာရေဘီယံကျွန်းတကျွန်းပေါ်တွင် အနက်ရောင်ဝတ် တရုတ်လုံခြုံရေးအစောင့်တဦးက သစ်တောအုပ် ဧက ထောင်ပေါင်းများစွာနှင့် စိမ်းစိုပြာလဲ့သော ရေပြင်တို့ကို လက်ဝှေ့ယမ်း ညွှန်ပြသည်။

“ဒါဟာ နိုင်ငံငယ်တနိုင်ငံလိုပါပဲ”ဟု သူက တရုတ်လို ပြောသည်။

ရှီကျင့်ဖျင်၏ အကြံအစည်များကို တာဝန်ရှိသူများက လေ့လာသုံးသပ်မည်ဖြစ်သော အန်တီဂွာကျွန်းပေါ်က အဆိုပါ သဘာဝသုခဘုံသည် တရုတ်လည်ပတ်သော အထူးစီးပွားရေးဇုန်အတွက် လုံးလုံးလျားလျား ပျက်စီးရတော့မည် ဖြစ်သည်။ အဆိုပါ ဒေသတွင် ကိုယ်ပိုင် အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များ၊ သင်္ဘောဆိပ်ကမ်းတခုနှင့် ရည်မှန်းထားသော လေကြောင်းလိုင်းတို့ ရှိလာမည်ဖြစ်ပြီး ပတ်စ်ပို့များ ထုတ်ပေးလာနိုင်မည်ကို Newsweek က ပြန်လည်သုံးသပ်ခဲ့သော မှတ်တမ်းများအရ သိရသည်။ ယင်းအရပ်တွင် သယ်ယူပို့ဆောင်ရေးမှသည် ဒီဂျစ်တယ်ငွေကြေးအထိ၊ မျက်နှာပြင် ခွဲစိတ်ခြင်းမှသည် “ရောဂါပိုးမွှားဗေဒ”အထိ အစစအရာရာကို ဝန်ဆောင်မှုပေးသော စီးပွားရေးလုပ်ငန်းများလည်း တည်ထောင်လာမည် ဖြစ်သည်။

အန်တီဂွာနှင့် ဘာဘူဒါကျွန်းနိုင်ငံနှင့် “အမေရိကန်၏ တတိယနယ်စပ်” အဖြစ် ရေရှည်သိထားသော အဆိုပါ မဟာဗျူဟာဒေသရှိ အခြားသော ကာရေဘီယံနိုင်ငံများတွင် တရုတ်သည် ၎င်း၏ နိုင်ငံပိုင်ကုမ္ပဏီများနှင့် မိတ်ဖက်ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို ရုတ်ခြည်းချဲ့ထွင်နေကြောင်း Newsweek ၏ အစိုးရနှင့် ကော်ပိုရိတ်မှတ်တမ်းမှတ်ရာများကို စုံစမ်းစစ်ဆေးခြင်းအပြင် အန်တီဂွာခေါင်းဆေင်များနှင့် အင်တာဗျူးများအရ သိရသည်။

တရုတ်၏ ကြီးထွားလာနေသော ဒေသတွင်း တည်ရှိမှုသည် ၁၉၆၀ ခုနှစ်များအတွင်း ကျူဘား၌ ဆိုဗီယက်ယူနီယံ တည်ထောင်ပြီးချိန်မှစကာ အမေရိကားရှိ အမေရိကန်အတွက် အကြီးမားဆုံးသော ပြင်ပစိန်ခေါ်မှု ဖြစ်နိုင်ပြီး အမေရိကန်စစ်တပ်အတွက် စိုးရိမ်ပူပန်စရာ ဖြစ်သည်။

“တရုတ်ဟာ စစ်ရေးရည်ရွယ်ချက်တွေအတွက် ၎င်းရဲ့ စီးပွားရေးနဲ့ သံတမန်ရေး တည်ရှိမှုတွေကို အသုံးချနိုင်တယ်လို့ ကျွန်တော်တို့ သိရှိတယ်၊ အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ တရုတ်ဟာ စစ်ရေးရည်ရွယ်ချက်တွေအတွက် အိမ်ရှင်နိုင်ငံတွေရဲ့ ဆိပ်ကမ်းတွေမှာ စီးပွားရေး သဘောတူညီချက်တွေကို အလွဲသုံးစား လုပ်ထားပြီးလည်း ဖြစ်တယ်၊ အခု ဒီဒေသမှာလည်း သူတို့တွေ အလားတူ လုပ်လာလိမ့်မယ်လို့ ကျွန်တော်တို့ စိုးရိမ်တယ်”ဟု ဖလော်ရီဒါအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာန ပြောခွင့်ရသူတဦးက Newsweek သို့ ပြောသည်။

တရုတ်ထံမှ ဒေါ်လာ သန်းနှင့်ချီသော ချေးငွေနှင့် အာမခံများနှင့် ဆိပ်ကမ်း၊ လေဆိပ်နှင့် ရေစနစ်အပါအဝင် အရေးပါသော အခြေခံအဆောက်အအုံများကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီများက ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ခြင်းများသည် တချိန်က အမေရိကန်၏ “နောက်ဖေးကွက်လပ်”အဖြစ် ယူဆထားသော ဒေသအား တရုတ်၏ ရှေ့မျက်နှာစာအဖြစ်သို့ ပြောင်းလဲပေးနေကြောင်း ဝေဖန်သူများက ဆိုသည်။

နယူးယောက်စီးတီး၏ ကွင်းစီရင်စု အရွယ်အစားခန့်သာ ရှိသော စတုရန်းမိုင် ၁၇၀ ရှိ လူဦးရေ ၉၇,၀၀၀ နေထိုင်ရာ အန်တီဂွာနိုင်ငံ၏ မြို့တော် စိန့်ဂျွန်တွင် Newsweek က အင်တာဗျူးရာ၌ ဝန်ကြီးချုပ်ဖြစ်သူ ဂတ်စ်တန်ဘရောင်းက တရုတ်နှင့် ခေါင်းဆောင် ရှီကျင့်ဖျင်တို့အား အလွန်တရာ အမွှမ်းတင်ပြောဆိုသည်။

အနောက်နိုင်ငံများက အန်တီဂွာနိုင်ငံ လိုအပ်သော အကူအညီများကို ပေးနေခြင်း မရှိကြောင်း ဘရောင်းက ဆိုသည်။

“တရုတ်ဟာ အမှန်တရားပေါ်မှာ ရပ်တည်တဲ့နိုင်ငံအဖြစ် ကျွန်တော် ရှုမြင်တယ်၊ အနည်းဆုံးသော ကမ္ဘာအနှံ့က ဆင်းရဲသူတွေနဲ့ ပစ္စည်းမဲ့တွေ၊ နိုင်ငံငယ်တွေအတွက် ကိုယ်ချင်းစာတဲ့ အတိုင်းအတာတရပ် ရှိထားတဲ့ နိုင်ငံပဲ”ဟု ဘရောင်းက ပြောသည်။

ဇန်နဝါရီလအတွင်း တရုတ်သို့ သီတင်းပတ်ကြာ ခရီးစဉ်အတွင်း ဘရောင်းသည် ၁၉၈၃ မှစကာ သံတမန်ဆက်ဆံရေး ရှိထားပြီးဖြစ်သည့် တရုတ်နိုင်ငံတွင် အန်တီဂွာသံရုံးကို ဖွင့်လှစ်ခဲ့သည်။ အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး ရှီကျင့်ဖျင်၏ အတွေးအခေါ်များကို အန်တီဂွာတာဝန်ရှိသူများ လေ့လာသုံးသပ်ရေးမှသည် တရုတ်သင်္ဘောများနှင့် သင်္ဘောသားများကို ရေပြင်အခွင့်အရေး ပေးခြင်းအထိ နားလည်းမှုစာချွှန်လွှာ ကိုးရပ်ကိုလည်း ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြသည်။

“တခုသော အရာကတော့ ကျွန်တော်တို့ ရှီကျင့်ဖျင်ကို လက်ခံတယ်ဆိုတာက သူမှာ အ‌ခြေခံတရပ် ရှိထားပုံ ရလို့ပဲ၊ ဒါကတော့ ဘုံစာနာမှုဆိုင်ရာ တကမ္ဘာလုံးအမြင်ဖြစ်တယ်”ဟု ဆယ်စုနှစ် တခု အာဏာ ရယူထားသည့် ဘရောင်းက ဆိုသည်။

ထိုစကားများကို နောက်ခံပြုရင်း တရုတ်သည် အတိုးနှုန်း နှစ်ရာခိုင်နှုန်းနှင့် ပေးဆပ်မှု ငါးနှစ်တာ တရားဝင်ဆိုင်းငံ့မှုကို ပေးခြင်းဖြင့် အန်တီဂွာ၏ “ပထမရွေးချယ်စရာ ချေးငှားသူ” ဖြစ်လာကြောင်း ဘရောင်းက Newsweek သို့ ပြောသည်။ အန်တီဂွာသည် တရုတ်၏ ရပ်ဝန်းနှင့် လမ်းပိုင်းစီမံကိန်းသို့ ၂၀၁၈ တွင် ပါဝင်ခဲ့ပြီး ဒါဇင်ဝက်ခန့် ကာရေဘီယံနိုင်ငံများကြားတွင် ပထမဆုံးနိုင်ငံဖြစ်လာကာ တရုတ်က စီမံသော ဩဇာလွှမ်းမိုးမှု ကမ္ဘာ့ကွင်းဆက်၏ တစိတ်တပိုင်း ဖြစ်လာခဲ့သည်။

အန်တီဂွာ၌ တရုတ်၏ အကျိုးစီးပွားသည် စီးပွားရေးသက်သက်ထက် ပိုသည်ဟု ဒေသတွင်း ဥရောပနှင့် အာရှမှ သံတမန်များက သံသယရှိကြသည်။ ကြီးမားသော အရွယ်အစားနှင့် လုံခြုံရေးတင်းကျပ်ခြင်းတို့ကြောင့် အန်တီဂွာပြည်သူများက ခံတပ်မြို့ (The Fortress) ဟု ခေါ်ကြသော စိန့်ဂျွန်ရှိ တရုတ်သံရုံးသည် ကျူဘားမှနေ၍ တရုတ်က သူလျှိုထောက်လှမ်းရာတွင် အသုံးပြုနေသည်ဟု အမေရိကန်က ဆိုထားသော ဆယ်စုနှစ်များစွာ သက်တမ်းရှိ အဆောက်အအုံများနှင့်အတူ ဒေသတွင်း ထောက်လှမ်းရေးစင်တာ ဖြစ်နိုင်သည်။ အသေးစိတ် ဆိုရန် သံတမန်များက ငြင်းဆန်သော်လည်း ကျူဘားအပေါ် အမေရိကန် စိတ်ဝင်းစားမှု အပြီးသတ်လိုက်ခြင်းကြောင့် အန်တီဂွာသည် အာရုံစိုက်စရာ ဖြစ်လာသည်ဟု ၎င်းတို့က ပြောသည်။

“ကာရေဘီယံမှာ တရုတ်လုပ်ဆောင်နေတဲ့ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြုပ်နှံတာတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ စိုးရိမ်ပူပန်တယ်၊ တရုတ်ဟာ စစ်ရေးရည်ရွယ်ချက်အတွက် ဒေသတွင်းက အမေရိကန်နဲ့ ကျွန်တော်တို့ မိတ်ဖက်တွေအပေါ် ထောက်လှမ်းတာ ဒါမှမဟုတ် ဩဇာလွှမ်းမိုးရေး စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့ နိုင်ငံပိုင်လုပ်ငန်းတွေကို တာဝန်ပေးထားနိုင်တယ်၊ တာဝန်ရှိသူတွေကို ပစ်မှတ်ထားတာ၊ စည်းရုံးတာနဲ့ လာဘ်ထိုးတာတွေ လုပ်တတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အမူအကျင့်တွေကို ခင်ဗျားတို့ ဆင်ခြင်သုံးသပ်မယ်ဆိုရင်တော့ ဒီ စိုးရိမ်ပူပန်မှုတွေဟာ ထပ်တိုးအလေးအနက်ထားစရာ ဖြစ်ပါမယ်”ဟု တောင်ပိုင်းစစ်ဌာနချုပ်က Newsweek သို့ ပြောသည်။

အန်တီဂွာနှင့် တရုတ်နှင့် ဆက်ဆံရေးနှင့် သံရုံးတွင် ထောက်လှမ်းရေးအခြေစိုက်စခန်း ရှိနေမရှိနေ အီးမေးလ်ဖြင့် မေးမြန်းမှုကို တရုတ်သံရုံးက မတုံ့ပြန်ပေ။ တယ်လီဖုန်း ဖြေဆိုသူတဦးကလည်း မေးမြန်းမှုများကို ငြင်းပယ်ခဲ့သည်။ အန်တီဂွာသည် ကာရေဘီယံတွင် တရုတ်၏ အရေးပါသော ပူးပေါင်းမိတ်ဖက်ဖြစ်သည်ဟု ဘရောင်း၏ ခရီးစဉ်မတိုင်မီ ဇန်နဝါရီလအတွင်း ပေကျင်း၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်းက ပြောသည်။

တရုတ်က ထောက်လှမ်းရေးစခန်း လည်ပတ်ဆောင်ရွက်နေသည်ဆိုသော ပြောဆိုချက်များသည် “မဟုတ်မဟတ်များ”သာဖြစ်သည်ဟု ဘရောင်းက Newsweek သို့ ပြောသည်။

နိုင်ငံအတွင်း တရုတ်၏ ကြီးထွားလာသော ဩဇာနှင့် ပတ်သက်ပြီး အချို့သော အန်တီဂွာပြည်သူများက စိတ်မသက်မသာ ဖြစ်ကြသည်။ “အန်တီဂွာဟာ သူ့အချုပ်အခြာအာဏာကို ရောင်းချနေတာပဲ၊ ကျွန်မတို့ တော်တော်များများ ထင်တယ်၊ တရုတ်ဆီကို ရောင်းချနေတာ”ဟု United Progressive Party ၏ ဥက္ကဋ္ဌ ဂျီစီလီအစ်ဆက်စ်က မြို့တော်ရှိ သူမနေအိမ်အပြင်ဘက် အင်တာဗျူးတရပ်၌ ပြောသည်။ “တရုတ်ဟာ မဟာအင်အားကြီးနိုင်ငံအဖြစ် ပိုပြီး မဟာဗျူဟာအရေးပါတဲ့ နေရာတွေမှာ ခြေကုပ်ရယူချင်နေတယ်လို့ ကျွန်မ ထင်တယ်”ဟု ၎င်းက ဆိုသည်။

ကာရေဘီယံ၌ တရုတ်၏ ကြီးထွားလာသော တည်ရှိမှုသည် အမေရိကန်အတွက် အဓိကစိန်ခေါ်မှု ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

“ဒါဟာ အဓိက အရွေ့ပဲ, ကာရေဘီယံက အမေရိကန်အတွက် အတော်လေး မဟာဗျူဟာ ပထဝီအနေအထား ဖြစ်တယ်”ဟု ကမ္ဘာတလွှား၌ တရုတ်ကွန်မြူနစ်ပါတီ၏ လုပ်ဆောင်ချက်များကို ခြေရာခံသည့် Canterbury တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ အန်းမာရီဘရတ်ဒီက ပြောသည်။ အခြားသော ကျွန်းနိုင်ငံငယ်များတွင် လုပ်ဆောင်သကဲ့သို့ ကာရေဘီယံတွင်လည်း တရုတ်က အလားတူလုပ်ဆောင်နေကြောင်း ၎င်းက မှတ်ချက်ပြုသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှသမ္မတ ဗလာဒီမာပူတင်တို့သည် လက်တွဲလုပ်ဆောင်လျက် ရှိနေသည်ဟု ဘရတ်ဒီက ယူဆပြီး “သူတို့ အခု ရနေတဲ့ အောင်မြင်မှုမျိုးကို မော်စီတုံးနဲ့ စတာလင်တို့က အိပ်မက်မက်နိုင်ရုံပဲ ရှိတယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။