နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၁၁ ဖေဖော်ဝါရီ ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပြည်သူများကို အတင်းအကျပ်စစ်မှုထမ်းစေခြင်းသည် စက်ဆုတ်ရွံ့ရှာဖွယ်ဖြစ်ပြီး မြန်မာလူငယ်များ၏ အနာဂတ်များကို ပိုပြီးဖျက်စီးလိုက်ခြင်း ဖြစ်သည်ဟု NUG ယာယီသမ္မတဒူဝါလရှီးလက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးအဖြစ် သွတ်သွင်းခံရခြင်းမှ ရုန်းထွက်ကြရန် နိုင်ငံရေးပါတီများ ကို NUCC နှင့် NUG တို့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ကာ သတိပေးထားသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်ကြီးအနောက် ပျူစောထီးကျေးရွာမှ ပျူစောထီး ၃ ဦး လက်နက်များ နှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်း ကွက်ကဲရေး ရုံးထံမှ သိရသည်။

ပြည်ထောင်စုတဝှမ်းလုံး အတူတကွဆင်နွှဲနေသော ပြည်သူ့နွေဦးတော်လှန်‌ရေးသည် ကရင် အမျိုးသားများအတွက်သာမက မြန်မာတနိုင်ငံလုံးရှိ ပြည်သူများအတွက် အဆုံးသတ်ပန်းတိုင် ဖြစ် သည်ကို ကောင်းစွာ နားလည်လက်ခံလာကြပြီး ဘုံသဘောတူညီချက်များလည်း ချမှတ်လာနိုင်သည့် အတွက် ဝမ်းမြောက်ပီတိ ဖြစ်ရပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကရင်အမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ယူလာပြီးအလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ 

လူငယ်ထုအနေဖြင့် တော်လှန်ရေးတပ်များနှင့်ပူးပေါင်းကာ စစ်အာဏာရှင်ကိုတိုက်ထုတ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်များက အသီးသီးတိုက်တွန်း စကားဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်လျှင် လွတ်မြောက်နယ်မြေထွက်လာခြင်း အပါအဝင် နည်းလမ်းများနှင့် ဆန့် ကျင်တွန်းလှန်ကြရန် ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်သည်။

မြင်းခြံဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရမှု ပိုမိုဆိုးရွာလာကြောင်း မြန်မာနိုင်လုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် “ပြည်သူ့အားမာန်” သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ကျဆုံးရေး ယနေ့ ဆန္ဒပြ သပိတ် မှောက်ကြကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နှင့် မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်က ခရီသွား အမျိုးသားများကို ဖေဖော်ဝါရီ ၁၁ ရက်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်ငုတ်တိုရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဇလုပ်အဝိုင်းပတ်တွင် ဖေဖော်ဝါရီလ ၁၁ ရက်၊ ညနေ ၃ နာရီ ၀န်းကျင်က စပြီး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံပြည်သူများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း BGS Ayardaw Drone Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု‌‌ကြောင့် အိမ်ခြေ ၂၄၀ ခန့် ပြာကျပျက်စီးခဲ့ရသော မြို့လှကျေးရွာသို့ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်က ကုန်စိမ်း ဟင်းသီးဟင်းရွက်များ လှူဒါန်းပေး ခဲ့ကြသည်။

ဒီပဲယင်းမြို့နယ်အတွင်း ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူများကို စေတနာရှင်များ ပေးပို့လှူဒါန်းထားသည့် စောင်နှင့် အဝတ်အထည်များကို ဒီပဲယင်းမြို့နယ်ညီနောင်များက သွားရောက် မျှဝေလှူဒါန်းခဲ့ကြသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်း ၊စစ်ကိုင်းမြို့နယ် နှင့် မြင်းမူမြို့နယ်ကြားတွင် ပေါ်တာစတင်ဆွဲမှုများ ပြုလုပ်နေပြီး လူငယ် ၄၀ ကျော်ကို ဖမ်းဆီးထားသည်ဟု ချင်းတွင်းမြစ် ကမ်း ဘေးကျေးရွာများ သပိတ်စစ်ကြောင်းထံမှ သိရသည်။

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း တော်ဝင်ဒေါင်း စစ်ကြောင်းမှ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်လေးဦး ကျဆုံးသည်ဟု အဆိုပါစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ အကြမ်းဖက်စစ်တပ်၏ တပ်စခန်းကို KNLA ဦးဆောင်သော မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိ အခြေအနေအထိ စစ်ရေးအခြေအနေတင်းမာနေကြောင်း၊ စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှု များပြားကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်း Royal Peacock Column P-29913 မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်တောင်းတံတားသစ်ဂိတ် နှင့် မုပ္ပလင်လမ်းဆုံရဲဂိတ် တို့ကို ယနေ့ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစုထံမှ သိရသည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ(မြောက်ပိုင်းကာလီဖိုးနီးယား) Free Burma Action Committee-Northern California ၏ ၁၂၄ ကြိမ်မြောက် ဖက်ဒရယ်ပြည်ထောင် စုပေါင်းရှေ့ရှု အလေးဂရုပြု ခေါင်းစဉ်ဖြင့် မြေပြင်လူထုသပိတ်တိုက်ပွဲကို ပြုလုပ်ခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့နယ် ဘူဖြောင်းမြို့တွင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် Myanmar Federal Democratic Mission Collection (MFDMC) နှင့်အတူ နွေဦးတော်လှန်ရေးသပိတ်အင်အားစုက ဦးဆောင်၍ စစ်အာသိမ်းမှုဆန့်ကျင်ခြင်း လူထုလှုပ်ရှားမှု ၃နှစ်ပြည့် ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်များ 

အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည့် ပြည်သူ့ စစ်မှုထမ်း ဥပဒေ နှင့်ပတ်သက်ပြီး ပေါ့ဆရမည့် ကိစ္စမဟုတ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်(KNDF) ဒုစစ်ဦးစီးချုပ်က မာဝီက ပြည်သူများကို သတိပေး ပြောကြားခဲ့ပြီး တနိုင်ငံလုံး စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ရန် အခွင့်အခါသင့် သည့် အချိန်ရောက်ပြီဖြစ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ အလုံးစုံလွ တ်မြောက်သည့် အောင်ပွဲအခမ်းအနားသို့ TNLA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ တက်ရောက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ အထွက် ၆ မိုင်တွင် KIA နှင့် အကြမ်းဖက် စစ်တပ်တို့ ယနေ့ ဖေဖော် ဝါရီ ၁၁ ရက်၊ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲနေကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ရခိုင်ပြည်နယ်တွင် AA က ထိန်းချုပ်ထားသော မင်းပြားမြို့ကို စစ်ကောင်စီ ရေကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော် နှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၉ရက်က နမ့်ခမ်းမြို့ အုပ်ချုပ်ရေးကော်မတီဝင်များ နှင့် ပြည်သူများကို သွားရောက်တွေ့ဆုံဆွေးနွေး အားပေးခဲ့သည်ဟုTNLA က ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့အနီးတဝိုက်ရှိ လမ်းပိုင်းအချို့ကို စစ်ရေး အခြေ အနေအလွန်ရှုပ်ထွေးနေပြီး တိုက်ပွဲကာလဖြစ်သောကြောင့် ယာယီပိတ်ထားမည် ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် သွားလာမှု အသုံးမပြုကြရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်း ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး အာဏာ တည်စေ ရမည်ဟု စစ်ကောင်စီက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေအရ ပြည်သူများအားလုံး စစ်မှုထမ်းရေး စနစ် မဖြစ်မနေ ကျင့်သုံးရန် လိုလာပြီး ပြည်သူများ ဂုဏ်ယူဝမ်းမြောက်စွာ ထမ်းဆောင်ကြရန် စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ပြောသည်။

တပ်အင်အားပြုန်းတီးမှုများ နေ့စဉ်ဖြစ်နေသည့် စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို စစ်မှုထမ်းအဖြစ် ပြန်လည်ခန့်ထားမှုများ ရှိနေသည်ဟု စစ်တပ်အသိုင်းအဝိုင်းကနေ သိရသည်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သော ခြံအမှတ် (၅၄) အား လာမည့် မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ၎င်း ပစ္စည်းတည်ရှိရာအရပ်၌ လေလံတင်ရောင်းချမည်ဖြစ်သည့်အတွက် လေလံဆွဲ ဝယ်ယူ နိုင် ကြောင်း စစ်ကောင်စီ လက်အောက်ခံ ကမာရွတ်ခရိုင် တရားရုံးကြော်ငြာသင်ပုန်းတွင် ကြေ ညာထားသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံအတွင်း ဝင်ရောက် ခဲ့သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွင် စင်္ကာပူနိုင်ငံမှ အများဆုံးဖြစ်ကြောင်း စစ်ကောင်စီ လက် အောက်ခံ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ပြည်တွင်း၌ EV ယာဉ်အမျိုးမျိူး အစီးရေ (၅၃၀၈) စီး မှတ်ပုံတင်ထားကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ချင်းပြည်နယ် ၊ မတူပီမြို့အခြေစိုက် စစ်ဗျူဟာ(၃၀၄) နှင့် (၁၀၄) တပ်ရင်းများတွင် စစ် ကောင်စီအင်အား ၁,၀၀၀ နီးပါး အင်အား ဖြည့်တင်းကာ ခံစစ်ပြင်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ဒေါ်ဖြူမာဝေကို ခန့်အပ်တာဝန်ပေးလိုက်သည်ဟု စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် အမိန့်ထုတ်ပြန်ထားသည်။

နေပြည်တော်ကောင်စီဝင်နေရာ နှင့် တိုင်းဒေသကြီး/ပြည်နယ် လူမှုရေးဝန်ကြီးတချို့ကို အစားထိုးခန့်အပ်လိုက်သည်ဟု စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းကမှ နေပြည်တော်ကောင်စီဝင်အဖြစ် ခန့်အပ်ထားသည့် ဗိုလ်မှူးကြီး မျိုးဝင်း၏ နေရာတွင် ဗိုလ်မှူးကြီး ရဲမိုးကို အစားထိုး ခန့်အပ် တာဝန်ပေးလိုက်သည်ဟု စစ်ကောင်စီက ဖေဖော်ဝါရီ၁၀ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

KIA နှင့် PDF တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့ကို ပြန်လည် ထိန်းချုပ် နိုင်ပြီဖြစ်ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီက ဝါဒဖြန့်ကာ သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာကို ဖေဖော်ဝါရီ ၁၀ ရက်က စစ်တပ်က မီးတင်ရှို့ပြီး အဖိုးတန်ပစ္စည်းများကို လုယက်ခိုးယူနေကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

ဖေဖော်ဝါရီ ၁၁ သုံးသပ်ချက် 

အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်တပ်အင်အားပြုန်းတီးမှုများလာသည့်အတွက် စစ်မှုထမ်း ဥပဒေကို အလောတကြီး ပြန်လည်အသက်သွင်းလိုက်သည်။ယင်းသို့ ပြုလုပ်ခြင်းသည် အာဏာသိမ်း မှုကြောင့် ပြည်သူများအထွေထွေ ကျပ်တည်းမှုဖြင့် ရင်ဆိုင်နေရချိန်တွင် ပို၍ အကျပ်ရိုက်အောင်ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း ပြည်သူအများစုကပြောနေကြသလို အကြမ်းဖက်စစ်တပ်ထောက်ခံသူမျာကိုယ်တိုင် စိတ်ပျက်နေကြသည်ဟု ပြောဆိုမှုများရှိ လာသည်။